ရှုံးပွဲမရှိသေးသည့် ချဲလ်ဆီးအသင်းရဲ့ ပထမဆုံးရှုံးပွဲ

smytu1996September 26, 20101min641


ယနေ့ညကစားခဲ့သည့် မန်စီးတီးနှင့် ချဲလ်ဆီးတို့ပွဲစဉ်တွင် ရှုံးပွဲမရှိသေးသည့် ချဲလ်ဆီးအသင်းအား ပထမဆုံးရှုံးပွဲနှင့် ကြုံတွေ့စေရန် မန်ချက်စတာသားတို့က စွမ်းဆောင်သွားခဲ့ကြသည်။ ယင်းစွမ်းဆောင်မှုနှင့် ပတ်သက်၍ ပြိုင်ဘက်ချဲလ်ဆီးမန်နေဂျာ အန်စလော့တီက လေးလေးစားစား ချီးကျူးပြောကြားခဲ့သည်။ အန်စလော့တီက မန်စီးတီးအသင်းအား ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားအတွက် ပြိုင်ဘက်အသင်းတစ်သင်းအဖြစ်လည်း သတ်မှတ်ထားရမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ ချဲလ်ဆီးအသင်းသည် ယခုရာသီတွင် ပွဲအစငါးပွဲဆက်တိုက် အနိုင်ရခဲ့ပြီး သွင်းဂိုးပေါင်းမြောက်မြားစွာ သွင်းယူကာ ခြေစွမ်းပြနေသည့် အချိန်တွင် မန်စီးတီးအသင်းအား ဂိုးမသွင်းနိုင်ခဲ့ဘဲ ပထမဆုံးရှုံးပွဲအဖြစ် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

အပြာရောင်တပ်သားများသည် အခွင့်အရေးပေါင်းအများအပြား ဖန်တီးပေးနိုင်ခဲ့သော်လည်း တီဗက်ဇ်၏ ဒုတိယပိုင်းမှ တစ်လုံးတည်းသော သွင်းဂိုးကို မချေပနိုင်ခဲ့ချေ။ အန်စလော့တီက သူ့အသင်း၏ ကစားပုံသည် အကောင်းဆုံးပုံစံမရှိခဲ့ဘဲ မန်စီးတီးအသင်းသည်သာ သုံးမှတ်နှင့် ထိုက်တန်ကြောင်း ဝန်ခံခဲ့သည်။  အန်စလော့တီက Sky sports သို့ ပြောကြားခဲ့ရာတွင် “ကျွန်တော်တို့ လိုချင်တဲ့ပုံစံကို မကစားနိုင်ခဲ့ကြပါဘူး။ မန်စီးတီးရဲ့ ကွင်းလယ်ကစားကွက်အောက်မှာ ဖိအားများစွာ ရှိနေခဲ့တာကြောင့်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကစားပုံကို အသုံးမချနိုင်ခဲ့သလို ခက်ခဲတဲ့နေ့တစ်နေ့ကို ရင်ဆိုင်ခဲ့ရတာပါ။ ပွဲပေါင်းများစွာ ကစားနေရတဲ့ ကစားပုံကို တွေ့မြင်ခဲ့ရပြီး ကျွန်တော်တို့ရဲ့ အရည်အသွေးိကု ပြသနိုင်စွမ်း မရှိခဲ့ပါဘူး။ မန်စီးတီးအသင်းမှာ သိပ်ကို ကောင်းမွန်တဲ့ စွမ်းဆောင်မှုရှိနေခဲ့ပြီး ကွင်းလယ်မှာလည်း သူတို့ အသာရခဲ့ပါတယ်။ တိုက်စစ်အမြောက်အများ သူတို့လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ မန်စီးတီးက အနိုင်ရဖို့ တကယ်ပဲ အားထုတ်သွားနိုင်ခဲ့ပါတယ်။” ဟု ပါဝင်ခဲ့သည်။

မန်စီးတီးအသင်းသည် ယခုအခါ ချဲလ်ဆီးနှင့် လေးမှတ်ကွာအနေအထားတွင် ရပ်တည်နိုင်ခဲ့ပြီး အန်စလော့တီအနေဖြင့် ချန်ပီယံစိန်ခေါ်မှုအတွက် မန်စီးတီးအသင်းအား အခွင့်အရေး ပေးခဲ့ရသလိုဖြစ်ခဲ့ရသည်။ အန်စလော့တီက “ဒီရာသီမှာ ချန်ပီယံအတွက် ပြောဖို့ ခက်ခဲနေပါသေးတယ်။ မန်စီးတီးအသင်းမှာ ဖလားအတွက် ယှဉ်ပြိုင်နိုင်စွမ်း အများအပြားရှိနေတာကြောင့် မန်စီးတီးမှာလည်း အခွင့်အလမ်း များစွာ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြိုင်ဘက်အသင်းရဲ့ ကွင်းဘက်ခြမ်းမှာ မြန်မြန်မကစားနိုင်ခဲ့တာ၊ တိုက်စစ်ဆင်ဖို့ နေရာလွတ်တွေ မဖော်နိုင်ခဲ့တာကြောင့် ကျွန်တော်တို့မှာ အခွင့်အရေး များများ မရှိခဲ့တော့ပါဘူး။” ဟု လည်း ပါဝင်ခဲ့သည်။

အန်စလော့တီသည် အဆိုပါရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် အဓိကတိုက်စစ်မှူး ဒရော့ဘာအား လူငယ်ကစားသမား စတားရစ်ချ်နှင့် လူစားလဲခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်ခဲ့မှုမှာ နည်းဗျူဟာပိုင်း ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ အန်စလော့တီက ယင်းကိစ္စနှင့် ပတ်သက်၍ “ဒါဟာ ဒဏ်ရာပြဿနာကြောင့် မဟုတ်ပါဘူး။ နည်းဗျူဟာပိုင်း ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ ရှေ့တန်းမှာ လျှင်မြန်မှုပိုင်းကို ပိုအသုံးချချင်ခဲ့လို့ စတားရစ်ကို ညာတောင်ပံဘက် အားဖြည့်ခဲ့တာပါ။” ဟု ပြောကြားခဲ့ပြီး တိုက်စစ်မှူး ဒရော့ဘာက လူစားလဲမှုအတွက် ကောင်းမွန်စွာတုံ့ပြန်ခဲ့ပါသလားဟု မေးမြန်းခဲ့ရာတွင်မူ ယင်းကဲ့သို့ပင် ထင်မြင်ပါကြောင်း ဖြေကြားသွားခဲ့သည်။

One comment

  • intro

    September 26, 2010 at 2:23 am

    ညကတော့ ဂိမ်းဆိုင်ရောက်ပြီး အဆော့မက်နေတာနဲ့ ဒီပွဲကို လွတ်သွားတယ်ဗျာ… မထမတော့ ကြည့်မလို့ အိမ်ကထွက်လာတာ၊ စောသေးလို့ ဂိမ်းဆိုင်ခဏ သွားရင်းနဲ့ လွတ်သွားတာ၊ ပြန်ရောက်တော့မှ မေးကြည့်တော့ Man City 1- 0 Chelsea လို့သိတာပဲဗျ…. ကျေးဇူးပဲဗျာ… ဒီလို စောစောစီးစီး update သတင်းဖတ်ရတာ ဂျာနယ်ဖိုးသက်သာသွားတာပေါ့… 😛

Leave a Reply