အခန်း (၁)
ထူးဆန်းသော သတ္တ၀ါ

၁၈၈၆ ခုနှစ်သည် အကြိမ်များစွာသော ပင်လယ်မှ ထူးဆန်း၍လျှို့ဝှက်သော ကိစ္စများဖြင့် မှတ်တမ်းတင်ရသည့် နှစ်ဖြစ်သည်။ များစွာသော နိုင်ငံများမှ သဘောင်္များသည် ပေပေါင်းများစွာရှည်သော “ကြီးမားမည်းနက်သော အရာဝတ္ထု” နှင့် တွေ့ခဲ့ကြ၏။ ထိုအရာသည် သိပ္ပံပညာရှင်များ သိထားသော အခြားသော မည်သည့် အရာထက် မဆို ကြီးမား၏။ထို “အရာဝတ္ထု” သည် ရေအောက်မှ ထူးဆန်းစွာပေါ်ထွက်လာပြီး ပေရာပေါင်းများစွာရှည်သော ရေပန်းကြီးအား ပန်းထုတ်လေ၏။

ထိုအရာအား ဂျူလိုင်လထဲတွင် သြစတြေးလျ ကမ်းလွန်၌၊ ထို့နောက် မိုင်ပေါင်း ၂၁၀၀ ထက်ပိုဝေးသော ပစိဖိတ်သမုဒ္ဒရာ တွေ့ခဲ့၏။ နောက်တကြိမ်တွေ့ရမှုသည် နောက်နှစ်ပတ်အကြာ၊ မိုင် ၆၀၀၀ဝေးသော အတ္တလန်တစ်သမုဒ္ဒရာ အလယ်၌ ဖြစ်သည်။ မည်မျှထူးဆန်းသောသတ္တ၀ါပေတည်း ၄င်းသည် တနေရာမှ တနေရာသို့ ဤမျှအချိန်တို အတွင်း သွားလာနေခြင်းဖြစ်ရမည်!!!

အဆိုပါ “အရာဝတ္ထု” ၏ အကြောင်းအရာများသည် တကမ္ဘာလုံးရှိ နိုင်ငံအားလုံးတွင် ကြီးမားသော စိတ်လှုပ်ရှားမှုကြီ်း ဖြစ်စေသည်။ ကမ္ဘာပေါ်ရှိ ဘာသာစကားအမျိုးမျိုးဖြင့် ထုတ်ဝေသော သတင်းစာများတွင် ပင်လယ်မှ အမျိုးမျိုးသောသတ္တ၀ါဆန်းကြီးများ၏ သဘာဝ အကြောင်းများ၊ အဖြစ်အပျက်များ ပါရှိလေခဲ့သည်။ သိပ္ပံပညာရှင်အကြားတွင်လည်း ဤမျှကြီးမား မြန်ဆန်သော အဏ္ဏ၀ါသတ္တ၀ါဆန်း ရှိ၊မရှိ အငြင်းပွားနေလျက်ရှိသည်။

ထို့နောက် ၁၈၆၇ နှစ်ဆန်းပိုင်းတွင် ထိုသတ္တ၀ါဆန်းကြီးသည် သိပ္ပံဆိုင်ရာပြဿနာမှရပ်တန့်သွားပြီး၊ အမှန်တကယ် အန္တရာယ်အသွင် ကူးပြောင်းသွားလေတော့သည်။ ကုန်သွယ်သင်္ဘောများ၊ ခရီးသည်တင်သင်္ဘောများသည် တစုံတရာနှင့်တိုက်မိခဲ့လေသည်။ ထိုအရာသည် ကျောက်တုံးပေလား၊ ကျောက်တန်းပေလား၊ သို့တည်းမဟုတ် ထို အဏ္ဏ၀ါသတ္တ၀ါဆန်းပေလား။

စကော့တီးယားအမည်ရှိ သင်္ဘောတစီးသည် ပင်လယ်ပြင်၌ တိုက်ခိုက်မိပြီး သင်္ဘောကျင်းတွင်စစ်ဆေးခဲ့သည်။ အင်္ဂျင်နီယာများသည် သူတို့မျက်စိကိုပင် မယုံနိုင်ကြတော့ တြိဂံပုံစံ အပေါက်တပေါက်သည် သင်္ဘော၏ ထူထဲလှသော သံမဏိကိုယ်ထည်တွင် ပေါက်လျက်ရှိသောကြောင့်တည်း။

ကျွန်ုပ် သည်ထိုအဖြစ်အပျက်များကို ပါရီပြတိုက်အတွက် အပင်များ၊တိရိစ္ဆာန်များ၊ ဓာတ်သတ္တုများ စုဆောင်းရန်အတွက် အမေရိကားသို့ အလည်အပတ် ရောက်ရှိနေခိုက် ဖတ်ရှုခဲ့ရလေ၏။ ပြတိုက်၏ သဘာဝသမိုင်းပါမောက္ခလည်းဖြစ်၊ “နက်ရှိုင်းသော ပင်လယ်သမုဒ္ဒရာ၏ ထူးခြားဆန်းကြယ်မှုများ” အမည်ရှိ စာအုပ်၏ စာရေးသူလည်းဖြစ်သော ကျွန်ုပ် မွန်ဆီယာ ပီရေး အာရိုနက်(စ်) (Monsieur Pierre Aronnax) သည် ပင်လယ်ရေအောက်သဘာဝ နှင့်ပတ်သက်၍ ကျွမ်းကျင်သူအဖြစ်သက်မှတ်ထားခြင်း ခံရလေသည်။

သို့သော် ကျွန်ုပ် သည်လည်းပဲ အခြားသူများနည်းတူ ထိုအဏ္ဏ၀ါသတ္တ၀ါနှင့်ပတ်သက်၍ ဝေခွဲမရဖြစ်နေသည်။ ကပ္ပတိန်များထံမှ သရုပ်ဖော်ပြချက်အရ မည်သည့်အရာဖြစ်မည်နည်း ဆိုသည်ကို ကျွန်ုပ် စိတ်၌ စဉ်းစားနေမိသည်။ကျွန်ုပ်သည် နာဝေး (Narwhale) အမည်ရှိ အာတိတ်ဒေသ ဝေလငါးဖြူမျိုး အား အမှတ်ရသွားသည်။၎င်းငါးအမျိုးအစားများသည် အရှည် ပေ ၆၀ခန့် ကြီးထွားနိုင်ပြီး အလွန်ကြီးမားသော အကောင်ဆိုလျှင် ပေပေါင်းများစွာ ရှည်နိုင် ပြီး မစူးစမ်းရသေးသော နက်ရှိုင်းသော ပင်လယ်သမုဒ္ဒရာ ၌ ကောင်းစွာ ရှိနိုင်ပေ၏။ ထို့အတူ နာဝေးဝေလငါး တွင် သံမဏိကဲ့ သို့ မာကြောသည့် ဦးချွန် ရှိလေ၏။ ၎င်းသည်ပင်လျှင် စကော့တီးယား သင်္ဘော ၏ သံမဏိကိုယ်ထည်ကို အပေါက်ဖောက်ခြင်းပင်ဖြစ်မည်။အမေရိကန်ပြည်ထောင်စု အစိုးရ သည် ကြောက်မက်ဖွယ်ရာကောင်းသော အဆိုပါ အဏ္ဏ၀ါသတ္တ၀ါဆန်းအား ရှင်းလင်းရန် စီစဉ်ရန် ဆုံးဖြတ် လေတော့သည်။အလွန်လျှင်မြန်သော စစ်သင်္ဘောတစင်းသည် ထို သတ္တ၀ါ အား ခြေရာခံ ၍ သတ်ဖြတ်ရန် မှိန်း မှ အမြောက်အထိ လက်နက်မျိုးစုံအား တပ်ဆင်ထားလေသည်။
သမ္မတကြီး အန်ဒရူးဂျွန်ဆင်၏ ကြင်နာမှုဖြင့် ကျွန်ုပ်သည် အဆိုပါ နာဝေးဝေလငါး ရှာဖွေရေးခရီးစဉ်တွင် လိုက်ပါရန် ဖိတ်ကြားခြင်းခံရလေ၏။ ကျွန်ုပ် သည် ဆယ်နှစ်တာကာလပတ်လုံး ကမ္ဘာပေါ်ရှိ မည်သည့်နေရာမဆိုသွားတိုင်း အနားမှတဖ၀ါးမှ မခွာသည့် သစ္စာရှိ လူယုံတော် ကွန်ဆီးလ် နှင့် စစ်သင်္ဘော အေဗရာဟင်လင်ကွန်း ပေါ်သို့ တက်ရောက်ခဲ့လေတော့သတည်း။
ဒုတိယဗိုလ်မှုးကြီး ဖာရာဂတ် သည် ကျွန်ုပ်တို့အား သင်္ဘောပေါ်မှ ကြိုဆိုလေသည်။ မကြာမှီပင် နယူးယောက် ဆိပ်ကမ်းမှ ထွက်လာခဲ့လေသည်။ ရာပေါင်းများစွာသော ကူးတို့သင်္ဘော များသည် ကောင်းချီးပေးသော လူများလိုက်ပါလျက် တနာရီကြာခန့် လိုက်ပါလာလေသည်။ စစ်သင်္ဘော အေဗရာဟင်လင်ကွန်းသည် ကျေးဇူးတင်သော အထိမ်းအမှတ် အနေဖြင့် ကြယ် ၃၉ ပွင့်ပါသော အမေရိကန်အလံအား နှိမ့်ချ၍မြှင့်တင်လိုက်လေသည်။
ကျွန်ုပ်တို့သည် လောင်းကျွန်း အရှေ့ဘက်ကမ်းရိုးတမ်းတလျှောက် ရွက်လွှင့်ခုတ်မောင်းလာလေသည်။ ညရောက်သောအခါ အတ္တလန်တစ်သမုဒ္ဒရာ ရေနက်ပိုင်းသို့ ရောက်ရှိလာခဲ့တော့၏။
(20,000 LEAGUES UNDER THE SEA အားဘာသာပြန်ပါသည်။)

About eros

Eros Mario has written 45 post in this Website..

La bellezza è dipende dalla vista della persona. စန္ဒယားလှထွဋ် သီချင်းများကို ခုံမင်စွာ နားထောင်တတ်သူ တဦးရယ်ပါ။