မြန်မာနိုင်ငံကားဈေးကွက်အတွင်းအပြောင်းအလဲများ

kkSeptember 27, 20101min590

လိုင်စင်မဲ့ကားတွေ လိုင်စင်လုပ်ပေးတာကို မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၂၂ ရက်မှစပြီး ဘာကြိုတင်ကြေငြာချက်မှ မထုတ်ပြန်ဘဲ၊ ဘယ်တော့ပြန်ဖွင့်မယ် ဒါမှမဟုတ်ရင်လဲ ဘယ်တော့မှ မဖွင့်ပေးတော့ဘူး စသဖြင့် ဘာမှ တိတိကျကျ သတင်းမပေးဘဲနဲ့ ရုတ်တရက်  ရပ်ဆိုင်းလိုက်ပါတယ်တဲ့ဗျာ။ အဲဒီလို ရပ်ဆိုင်းပြီးနောက်ပိုင်းရက်တွေကစပြီး  ရန်ကုန်ကားဈေးကွက်အတွင်းမှာ  အခွန်ဆောင်ပြီး ၄၊ဂ ကားဈေးတွေ သိသိသာသာ ပြောင်းလဲသွားတယ်တဲ့။၊ အခုတော့ အဲဒီကားတွေ ဝယ်ထားတဲ့ ဝယ်ရောင်းတွေက ဝိုင်းထဲမှာ ဆရာကြီးအထာတွေလုပ်ပြီး ကားဈေးတွေဆွဲတင်နေတယ်တဲ့။ ကားဈေးနှုန်း အပြောင်းအလဲတွေလဲ ထပ်ဖြစ်လာနိုင်တယ်လို့  ကားဝိုင်းထဲက ဝယ်ရောင်းတွေကပြောပြန်ရော၊ အစက ကိုယ့်မှာ ကိုယ်ပိုင်ကားလေးရှိတုန်းကတော့ မြန်မြန်ရောင်း မြန်မြန်ရောင်း ကြာရင် ဘယ်လိုမှ ရောင်းမရနိုင်တော့ဘူး အဲဒီကားအစုတ်တွေ၊ ပြီးရင် ဒဗယ်လယူ (without ကို ဝိုင်းထဲကလူတွေ ခေါ်ကြတာ)တစ်စီးကိုင်ထား လိုင်စင်ဝင်၊ အခွန်ဆောင်ပြီးရင် ကားသန့်သန့်လေး စီးနိုင်ပြီ ဆိုလို့ ကောင်းမလားဆိုတဲ့အတွေးနဲ့ လုပ်မိကြတဲ့ လူတွေအတွက်တော့ လိုင်စင်မဲ့ကားတွေပိုက်မိပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်ကုန်ကြတာပါပဲ။ အခုဆို လတ်တလော ငွေလိုလို့ အတိုးနဲ့ ရှာထားခဲ့တဲ့သူတွေဆို အတိုးဖိုးပါ ထပ်ဆုံးရတာပေါ့။ နောက်တော့လဲ ဝယ်ထားမိတဲ့ကားကို ဒီအတိုင်းဘဲ ကိုင်ထားရမှာလား၊ ရဲသွားအပ်ရမှာလား၊ without license ကြီးကိုင်ထားလို့လာဖမ်းမှာလား၊ လားပေါင်းများစွာနဲ့ စိတ်မသက်မသာ ဖြစ်နေကြပါတယ်၊ ဒီကြားထဲ တိုက်ခန်းမှာနေမိတဲ့ သူများဆိုရင် ညဘက်ကားကို သူခိုး ခိုးမှာစိုးလို့ ကားပေါ်မှာ အိပ်ရတယ်တဲ့ဗျာ၊

ကျွန်တော့် အမြင်အရဆိုရင်တော့ ရွေးကောက်ပွဲကနီးလာလေတော့ အစိုးရအနေနဲ့ ပြည်သူတွေ ရွေးကောက်ပွဲကို အာရုံမရောက်အောင် တခြားအာရုံနောက်စရာ အပြောင်းအလဲတွေ လုပ်ပြနေတယ်လို့ထင်တယ်။ ရွေးကောက်ပွဲကိုအာရုံရှိတယ်ထားဦးမိမိစားဝတ်နေရေးမပြေလည်မှတော့ဘာစားပြီးရွေးကောက်ပွဲအကြောင်းတွေးတောနေရမတုန်း။လောင်းကစားဒိုင်တွေခုထိရပ်တည်နေတာဘဲကြည့်လေ၊ နိုင်ငံသားတွေလောင်းကစားလုပ်ပြီး ခိုးဆိုးလုယက် ဘဝတွေပျက်နေတာ အစိုးရကို မထိခိုက်ဘူးလေဗျာ၊ ဒီအချိန်မှာ လူတွေစိတ်ပြောင်းအောင် ဘာမှအရာမရောက်တဲ့ အပြောင်းအလဲတွေ (GSM တွေမှာ Internet သုံးနိုင်တော့မှာမျိုး၊ အခပေးရုပ်သံလိုင်းတွေတိုးချဲ့တာမျိုး စသဖြင့်ပေါ့) လုပ်နေတာပဲလေ။ ဒီထဲမှာ မျောပါမိတာ ပြည်သူတွေ ဘယ်လောက်မှ မနစ်နာနိုင်ပေမယ့်၊ မိမိပိုင်ဆိုင်မှုတော်တော်များများကို ရင်းနှီးပြီး ပြောင်းလဲရမယ့် အထဲမှာ လိုက်ပါမျောမိတဲ့ ပြည်သူတွေ ဒုက္ခရောက်ရလိမ့်မယ်လို့ မြင်မိတယ်ဗျာ။ အဲဒီတော့ ပြည်သူတွေအနေနဲ့ ဒီအချိန်မှာ ကို့ပိုင်ဆိုင်မှုတွေ တိုးပွားလာဖို့ စွန့်စားတာတွေကိ်ု ရှောင်ကြဉ်ပြီး ကို့အထုပ်ကိုဘဲ ဒီအတိုင်းမြဲနေအောင် ကျစ်ကျစ်ပါအောင်သာ ဆုပ်ကိုင်ထားပေတော့ဗျို့။။