ဆင်းတု ရှိခိုးတာ အကျိုးရှိသလား………

etoneSeptember 28, 20101min905

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀ဝ ကျော်ပြီ။
မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။
ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?
ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြားထားတဲ့
တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ သူဘုရားဖြစ်အောင်
ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။
နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။

ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ
အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို
ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။

ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို
ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊
ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊
အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊
ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအဝင် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊
သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား
ဆည်းကပ်ကိုးကွယ်နိုင်တယ်။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊
ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီး
ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊
ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။

ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ
စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီး
ရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါက
မိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့
ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။

စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့
မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊
ရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့
ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။
ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကို
ရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာ
ရည်မှန်းပြီး ပူဇော်ရပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင်
အကျိုးကျေးဇူးကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို
ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့
ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား
စွပ်စွဲမှုများသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂဝါအဆုံး အတုမရှိတဲ့
ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊
ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန်
နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ သစ္စာလေးပါး
မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့
အဆုံးအမဩဝါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊ တရား၊
သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ ရှာဖွေလို့ ရနိုင်ပါတော့မလဲ။
—————————————
(ဒေါက်တာမင်းတင်မွန်) ရေးသားထုတ်ဝေခဲ့သော စာအုပ် ၁ အုပ်မှကောင်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

5 comments

  • bigcat

    October 2, 2010 at 5:23 am

    ဆင်းတုတော်တွေကို ရှိခိုးတာ ဘုရားပရိနိဗ္ဗာန်ပြုပြီး နှစ်တော်တော်ကြာချိန်အထိ မရှိခဲ့ဘူးလို့မှတ်သားဘူးပါတယ်။ အဲဒီခေတ်လူတွေက အထိမ်းအမှတ်အဖြစ် ကြာပန်းကိုသာ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကအဖြစ် ပူဇော်ခဲ့ကြပါတယ်။ နောက်တော့ အိန္ဒိယက ရုပ်ထုကိုးကွယ်မှုတွေနဲ့ ရောထွေးယှက်တင် ဖြစ်ကုန်ပြီး ရုပ်ပွားတော် အဆူဆူ ပေါ်လာကြပါတယ်။ တကယ်တော့ ခန္ဓာထဲက ပရမတ် ရုပ်တရား နာမ်တရားတွေကို သုံးသပ်ပြီး ဖြစ်လာတဲ့ အသိညဏ်တွေသာ စေတီအစစ်ပါ။ ရုပ်ထုကိုးကွယ်မှုဟာ ကောင်းသလားဆိုးသလား ဆိုရင်တော့ ပြောင်းလဲနေတဲ့ ခေတ်ကိုလိုက်ပြီး ခွဲနိုင်မယ်ထင်ပါတယ်။ ဝိပဿနာကျင့်စဉ်တွေ မှေးမှိန်နေတဲ့ ကာလတွေမှာ လူတွေရဲ့ ကြည်ညိုသဒ္ဒါ စိတ်ပွားစေမဲ့ ကံအလုပ်တွေဟာ တန်ဖိုးရှိပေမဲ့ သစ္စာတရားတော် တပတ်ပြန်လည် ထွန်းကားလာတဲ့ ယနေ့ ဝိမုတ္တိခေတ်မှာတော့ အတားအဆီး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်တမင်တကာ သွေးခွဲရှုံ့ချမှုကိုလည်း ကာကွယ်ရင်းနဲ့ တဖက်ကလည်း ဟုတ်တိုင်းမှန်ရာကို သိမြင်ပြီး လိုတိုးပိုလျော့ လုပ်သင့်တယ်လို့ ရင်းနှီးစွာနဲ့ မှတ်ချက်ပြုပါရစေ။

    စိတ်မဆိုးပါနဲ့
    ကိုအီးတုံး
    မြင်မိပါတယ်
    ခင်ဗျားရဲ့အပြုံး
    လောကကြီးဟာ
    ဘယ်မဆုံး
    လူပြည်နတ်ပြည်
    ပျော်ပါအုံး။

  • fatty

    October 2, 2010 at 6:37 am

    လူ့ပြည်နတ်ပြည် … ဆိုတာရယ်
    ပျော်စရာရောဟုတ်လားကွယ် …….။
    အသေအချာ ရှုချက်ပေး …
    ကို bigcat ရဲ့အတွေး ။

  • fatty

    October 2, 2010 at 6:41 am

    လူ့ပြည်နတ်ပြည် … ဆိုတာရယ်
    ပျော်စရာရောဟုတ်လားကွယ် …….
    အသေအချာ ရှုချက်ပေး …
    ကို bigcat ရဲ့အတွေး ။

  • michaelaungpu

    October 2, 2010 at 10:07 am

    အမှတ်အသားတစ်ခု ကိုအထူးပြုခြင်းလို ့ပြောရင်ရနိုင်မလား
    မမြင်ဘူးတဲ့ဘုရားကို ခဏထားလိုက်ပါ ရပါတယ်
    လွန်ခဲ့တဲ့ရက်ပိုင်းတခုက အမေရိကန်ကတောင်းပန်လိုက်ရတယ် ဖိလစ်ပိုင်ကို ပြောင်းပြန်ကြီးလုပ်လိုက်လို ့ သူတို ့နိူင်ငံတော်အလံကို
    ဆိုခြင်တာက အလံတော်ဆိုတာက သဘောအရပြောမယ်ဆိုရင် အဝတ်စကို စေးခြယ်ထားတာဘဲလားနော်၊
    အထူးပြုထားတာဘဲ သေခြာစမ်းစစ်ကြည့်မှ ဘယ်အရောင်ကဖြင့်ဘာကိုပြုတယ် ဘယ်အမှတ်အသားကဖြင့်ဘာပေါ့
    ဒီလိုဘဲလေ နိုင်ငံတော်အလံတို ့အထိမ်းမှတ်ကျောက်တိုင်တို ့ကို ဖင်ကုန်းပြီးအလေးပြုနေကြတာ တကမ္ဘာလုံးဘဲလေ ရိုးရိုးလေးဘဲပြောရင်အရူးတွေပေါ့
    ဒါပေမယ့်သဘောတရားကိုနားလည်လာရင် စောဒကတက်စရာမလိုတော့ဘူးလေ
    မတောက်တစ်ခေါက်ဘဲသိတဲ့သူတွေအတွက်တော့မသိဘူး
    ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာဝင် သူတို ့ဘာသာတရားကို လေးလေးနက်နက် ယုံကြည်ကြတဲ့ပုဂ္ဂိုလ်ကြီးတွေကတော့
    ဗုဒ္ဓကိုမေးခွန်းထုတ်တဲ့အခါ ရုပ်တုကိုးကွယ်ခြင်းကို ဘယ်တော့မှမေးခွန်းမထုတ်ဘူး အမှန်ကို အရှိတိုင်းသိတဲ့ အဘိဓမ္မာကိုဘဲ မေးခွန်းထုတ်လေ့ရှိတယ်
    သိခဲ့လို ့လက်မခံနိုင်ခဲ့ရင်လည်း ဘယ်တော့မှ ရိုင်းရိုင်းပြပြ မငြင်းခုန်ဘူး ငြင်းခုန်ကြတာကဘယ်လိုလူစားတွေလဲဆိုတော့ ဟီးးးးးးးး
    နာလည်းပါတယ်……ဟိုမရောက်ဒီမရောက်ကောင်တွေ

  • ဆူး

    October 2, 2010 at 10:35 am

    အရှေ့က ကိုကြောင်ကြီးနဲ့ ကိုဖတ်တီး တို့နဲ့ အဆက်
    အိုဘယ့်ခရီးသည်
    သံသရာ ဆိုတာ ပျော်မဆုံး
    မေ့လျော့ နေတာ တသက်လုံး
    လူပြည် နတ်ပြည် ပျော်လုံးပြုံး
    ပြုတ်ကျရင်သာ ရင်ဆိုင်အုန်း။

Leave a Reply