အသင့်တော်ဆုံးချစ်သူ

Linn LettSeptember 28, 20101min590

အချစ်မှာ ပုံသေနည်းမရှိဘူး! အချစ်အတွက် ဖွင့်ဆိုထားတဲ့ အချက်အလက်ကောင်းတိုင်းက လူတိုင်းနဲ့ သင့်တော်ချင်မှ သင့်တော်လိမ့်မယ်။ ကောင်းတယ်လို့ ကိုယ်ထင်ထားတဲ့အချစ်ကို တစ်ခြားလူကြိုက်ချစ်မှ ကြိုက်မယ်။ မကောင်းဘူးလို့ ကိုယ်ထင်ထားတဲ့ အချစ်က တစ်ခြားလူရဲ့ မျက်စိထဲမှာ လုံးဝကောင်းတယ်လို့ ထင်နေကြမယ်။ အချစ်မှာ အကောင်းဆုံးဆိုတာ မရှိဘူး။ အသင့်တော်ဆုံး ဆိုတာပဲရှိတယ်။

ဥပမာ (၁)

ရည်ရွယ်ချက်ကြီးကြီးမားမား မရှိတဲ့ မောင်မောင်က ကိုယ်ပိုင်အိမ်လေးတစ်လုံး၊ တည်ငြိမ်တဲ့ ဘဝနဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ချင်မိတယ်။ သူလိုချင်တဲ့ ဘဝမျိုးကို လွယ်လွယ်ကူကူ မရနိုင်ဘူးဆိုတာ မောင်မောင်သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ပင်ပင်ပန်းပန်း လုပ်ရတာကို မောင်မောင်မကြိုက်လို့ပဲ။ အလုပ်စောစောဆင်း၊ ကိုယ်တိုင် ချက်ပြုတ်စားသောက်၊ အဝတ်လျှော်ဖို့ကလွဲပြီး လက်ရှိအလုပ်ထက် ပိုကောင်းတဲ့အလုပ်ကို မောင်မောင် မရှာချင်ခဲ့ဘူး။

ကျောင်းနေဖက် သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် အရာရှိတွေ ဖြစ်ကုန်ကြပေမယ့် မောင်မောင်က သာမန် ဝန်ထမ်းအဆင့်ကနေ မတက်ခဲ့ဘူး။ မောင်မောင့်ချစ်သူ ဝေဝေတစ်ယောက် မာစတာအောင်ပြီး နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်ရတဲ့အချိန် သူတို့အချစ်ရေးကို လူတွေက ထင်ကြေးအမျိုးမျိုး ပေးခဲ့ကြတယ်။ ဒါပေမယ့် မောင်မောင်ကို ဝေဝေမထားခဲ့ဘူး။ ဝေဝေလခတွေ တိုးပြီး ကုမ္ပဏီက ဒါရိုက်တာရာထူး ခန့်အပ်ခံလိုက်ရတဲ့အခါ လူတွေက အဆင့်အတန်းမတူတဲ့ မောင်မောင်တို့ရဲ့အချစ်ရေးကို လုံးဝဆုံးခန်းတိုင်ပြီလို့ ထင်ကြေးပေးကြပြန်တယ်။ ဒါပေမယ့် မောင်မောင်ကို ဝေဝေလက်ထပ်လိုက်တယ်။

လက်ထပ်ပြီးနောက် ဝေဝေ နိုင်ငံခြားမှာ အလုပ်သွားလုပ်ခဲ့တယ်။ ၂ နှစ်နေပြီးနောက် ကလေးတစ်ယောက် မွေးဖွားခဲ့တယ်။ မောင်မောင် အလုပ်ကထွက်ပြီး အိမ်မှာပဲ ကလေးထိန်းခဲ့တယ်။

မိတ်ဆွေတွေက မောင်မောင် အလုပ်ထွက်လိုက်တာကို စိုးရိမ်နေကြတယ်။ ကလေးကြီးလာပြီး ကိုယ်ပါအသက်အရွယ် ကြီးလာရင် အလုပ်ထပ်ရှာရခက်လိမ့်မယ် လို့လည်း ပြောကြတယ်။ မောင်မောင်က ကလေးတွေကြီးလာရင် မြေးတွေကို ထိန်းရဦးမယ်။ မိန်းမက ဒီလောက် ပိုက်ဆံအရှာတော်နေမှတော့ သူဘာအလုပ် ထပ်လုပ်စရာ လိုသလဲလို့ ပြောတယ်။

ဝေဝေရဲ့ သူငယ်ချင်းတွေကလည်း ဝေဝေကို “ကိုယ့်ဘေးမှာ လုံးဝပြီးပြည့်စုံတဲ့ လူတွေ ဝိုင်းဝိုင်းလည် နေရက်သားနဲ့ ဘာဖြစ်လို့ တကယ့်အသုံးမကျတဲ့သူကိုမှ ပိုချစ်ရတာလဲ” လို့ မေးတော့ ဝေဝေက “ကျွန်မ အလုပ်အရမ်းလုပ်ချင်တယ်။ မိသားစုလိုချင်တယ်၊ ကလေးလိုချင်တယ်။ ဒါကြောင့် အလုပ်မလုပ်တဲ့ ယောက်ျားတစ်ယောက်ကို လိုချင်တယ်။ ဒါမှ ကလေးတွေကို ကျွန်မအစား သူစောင့်ရှောက်မှ ကျွန်မစိတ်ချချ အလုပ်လုပ်နိုင်မှာ” လို့ ပြန်ဖြေခဲ့တယ်။

ဥပမာ (၂)

စုစုက သန့်ရှင်းမှုဆိုတာနဲ့ လုံးဝမပတ်သက်သူဖြစ်တယ်။

ထမင်းချက်ဖို့ မပြောနဲ့ အဝတ်လျှော်၊ တံမြက်စည်းတောင် မလှဲတတ်တဲ့သူဖြစ်တယ်။ ငယ်ငယ်ကနေ ကြီးလာတဲ့အထိ ကိုယ်ခြုံတဲ့ စောင်ကိုတောင် မခေါက်ဖူးတဲ့သူဖြစ်တယ်။ အခန်းထဲမှာရှိတဲ့ စုစုရဲ့ ပစ္စည်းတွေက အချိန်မရွေး ပြိုကျနိုင်လောက်အောင် ရှုတ်ထွေးတယ်။ သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းအောင် စုစုလုပ်တတ်တဲ့ အလုပ်တစ်ခုက အလှပြင်တာပဲဖြစ်တယ်။ သူ့အိမ်ကို ရောက်ဖူးတဲ့ သူငယ်ချင်းတွေက စုစုကို လက်မြောက်ဩချကြတယ်။ အင်္ကျီင်္တစ်ထည်ကို ရှုတ်ထွေးတဲ့ အခန်းထဲကနေ ရှာပြီး ကိုယ့်ကိုယ်လှလှပပ ဝတ်ဆင်နိုင်လို့ပါပဲ။

စုစုရဲ့အမေက စုစုကို အမြဲဆူတယ်။ ဒီလို အိမ်မှုကိစ္စမနိုင်၊ ညစ်ပတ်တဲ့စုစုကို ဘယ်သူ့မှ ယူမှာမဟုတ်ဘူးလို့ အမြဲပြောတယ်။ ချစ်သူရည်းစားရှိခဲ့ရင်လည်း စုစုအခန်းထဲ ရောက်တာနဲ့ လန့်ပြီး ထွက်ပြေးသွားနိုင်တယ်လို့လည်း ပြောတယ်။

ဒါပေမယ့် စုစု အိမ်ထောင်ကျခဲ့ပါတယ်။ စုစုယောက်ျားက စုစု မသန့်ရှင်းတဲ့အကြောင်းကို တစ်ခွန်းမှဟပြီး မဆူခဲ့ပါဘူး။ စုစုရဲ့ယောက်ျားက အနုပညာသည်ဖြစ်တယ်။ သူ့အတွက် စုစုက သူရဿတီ နတ်သမီး (MUSE goddess) ဖြစ်တယ်။ သူ့အတွက် စုစုထမင်းချက်၊ တံမြက်စည်း လှဲစရာမလိုဘူး။ အိမ်အပြည့် စုပုံထားတဲ့ သူ့အနုပညာပစ္စည်းတွေကို စုစုယောင်လို့တောင် မထိခဲ့ဖူးဘူး။ ရှုတ်ထွေးနေတဲ့ အခန်းက သူ့အတွက် အနုပညာဖြစ်ခဲ့တယ်။ တာကျိုးမလား ထင်ရလောက်တဲ့ အဝတ်ပုံကြားထဲကနေ မနက်စောစော နိုးထလာရတာကိုက သူ့အတွက် ရိုမန်တစ်ဆန်တယ်လို့ ထင်နေခဲ့တယ်။

အချစ်မှာ အကောင်းဆုံးဆိုတာ မရှိဘူး။ အသင့်တော်ဆုံး ဆိုတာပဲရှိတယ်။

တစ်ချို့က အသည်းကွဲသူတစ်ယောက်ကို နောက်တစ်ယောက် ပိုကောင်းလိမ့်မယ်။ သူ့ထက်ပိုကောင်းတဲ့ချစ်သူ တွေ့လိမ့်မယ်လို့ နှစ်သိမ့်ကြတယ်။ ဒါပေမယ့် ပိုကောင်းတယ်ဆိုတဲ့ သတ်မှတ်ချက်မှာ လူတိုင်းမတူညီခဲ့ကြဘူး။ လူတွေထင်တဲ့ ကိုယ်နဲ့အတွက် အကောင်းဆုံးချစ်သူက ကိုယ်လက်ထပ်ချင်တဲ့လူ ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်။ ကိုယ်လိုအပ်တာက ကိုယ်နဲ့အသင့်တော်ဆုံးလူဖြစ်တယ်။

အဲဒီလိုပဲ ကိုယ့်ကို မချစ်တတ်တဲ့လူ၊ ချစ်သူကောင်း မပီသတဲ့လူလို့ တစ်ချို့က ပြောကြမယ်။ ဒါပေမယ့် ဒီလောကမှာ ကိုယ်နဲ့သင့်တော်မယ့် လူတစ်ယောက်ကတော့ ရှိနေပါတယ်။ ကိုယ့်ရဲ့အိမ်ရှေ့မင်းသား (မင်းသမီး) ကို ရှာမတွေ့လို့ စိတ်ပျက်မနေကြပါနဲ့… တစ်နေ့နေ့မှာ မင်းသား (မင်းသမီး)က ကိုယ့်ကို လာကယ်တင်ပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ဘဝကို ကောင်းကောင်းတန်ဖိုးထားပြီး ချစ်လိုက်ပါ…