မတူ ထူးတဲ့ချစ်နည်း

Linn LettSeptember 28, 20101min440

> (၁)
> နင့်ကို ငါပြောတယ် “ငါ ဒီနေ့လှေကားပေါ် တံမြက်စည်းလှဲတာ.. ပြုတ်ကျခါနီးလေးပဲ”
>
> “အိုး.. သတိထားမှပေါ့ မိန်းမရယ်” လို့ နင့်ဆီကနှစ်သိမ့်တာကို ငါမျှော်လင့်ခဲ့ပေမယ့်
>
> “နင် ဖြေးဖြေးမလှဲတတ်ဘူးလား” ဆိုတဲ့အဖြေကိုပဲ ငါရခဲ့တယ်။ ငါဝမ်းနည်းမိတယ်၊ နင် ငါ့ကိုမချစ်ဘူး။ ဂရုမစိုက်ဘူး။
>
> နောက်တော့ လှေကားကခါတိုင်းထက် သန့်ရှင်းနေတာကို ငါသတိထားခဲ့မိတယ်။ ငါလှဲစရာမလိုအောင် သန့်ရှင်းလွန်းခဲ့တယ်။ နောက်မှသိရတာက အလုပ်မသွားခင် ငါးမိနစ်အချိန်ပေးပြီး ငါ့ကိုယ်စားလှဲခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
>
> (၂)
> နင့်ကို ငါပြောတယ် “လမ်းမှာကားပျက်သွားလို့ ကားမှတ်တိုင်ရောက်ဖို့ နာရီဝက်ကြာ ငါလမ်းလျှောက်လိုက်ရတယ်”
>
> “တက္ကစီစီးပြီး ပြန်ခဲ့ရော့ပေါ့.. ပင်ပန်းနေပြီလား” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
>
> “သိပ်မှမဝေးတာ.. လျှောက်ပေါ့။ ဝိတ်လျှော့တာနဲ့ တူတူပဲ” လို့ နင်ပြောခဲ့တယ်။ နင့်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုမိခဲ့တယ်။
>
> နောက်တစ်နေ့မနက် စားပွဲပေါ်မှာ နင့်ကားသော့ကို ငါတွေ့လိုက်တယ်။ ငါ့အတွက် မနက်စာကို နင်စီစဉ်ခဲ့သေးတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
>
> (၃)
> နင့်ကို ငါပြောတယ် “ဟင်းကြော်တာ နည်းနည်းတူးသွားတယ်၊ နင်သည်းခံပြီး စားပေးနော်”
>
> “အင်း.. ကိစ္စမရှိဘူး။ နင်ဘယ်လိုချက်ချက် ငါကြိုက်တယ်” ဆိုတဲ့ ကြင်နာသံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
>
> “ကြည့်ရုံနဲ့ မစားချင်တော့ဘူး.. စားချင်စိတ်လဲ မရှိတော့ဘူး” လို့ နင်ပြောခဲ့တယ်။ နင့်ငါ့ကို နားမလည်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။
>
> နောက်တော့ သွန်ပစ်မယ်လို့ စိတ်ကူးထားတဲ့ဟင်းတွေ ပျောက်ပျောက်နေတာကို သတိထားလိုက်မိတယ်။ နောက်တော့ နင့်နှုတ်ခမ်းဘေးမှာ၊ နင့်အနံ့အသက်မှာ ဟင်းနံ့တွေ ငါရခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ နားလည်မှုပေးတယ် ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
>
> (၄)
> နင့်ကို ငါပြောတယ် “ငါ့ဆံပင်တွေ ကျွတ်လိုက်တာ.. ဆရာကတော့ စိတ်မပူနဲ့လို့ ပြောတာပဲ။ ဂတုံးဖြစ်သွားမှာတောင် စိုးတယ်”
>
> “စိတ်မပူပါနဲ့.. နင့်ဆံပင်တွေများနေတာပဲ။ ဂတုံးဖြစ်လောက်တဲ့အထိ မကျွတ်နိုင်ဘူး” ဆိုတဲ့ အားပေးသံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
>
> “ကိုယ့်ဆံပင်ကျွတ်တာကို ခုမှသိတာလား၊ ကြမ်းပြင်ပေါ်မှာ နင့်ဆံပင်မွေးတွေချည်းပဲ၊ ညစ်ပတ်တယ်” လို့ နင်ပြောခဲ့တယ်။ နင် ကိုယ်ချင်းမစာဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။
>
> နောက်တော့ အိမ်ကကြမ်းပြင်ပေါ်မှာ ငါ့ဆံပင်မွေးတွေ အတွေ့နည်းသွားတယ်။ ဆံပင်မကျွတ်တော့ဘူးလို့ ငါဝမ်းသာနေတုန်း နင်ခရီးထွက်ရတယ်။ နင်မရှိမှ ကြမ်းပြင်ပေါ်က ဆံပင်မွေးတွေများခဲ့တယ်။ နောက်မှ ငါမသိအောင် ဆံပင်မွေးတွေကို နင်လှဲခဲ့တယ်ဆိုတာကို ငါသိလိုက်ရတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ငါ့စိတ်ချောက်ချားမှာကို နင်စိုးခဲ့တယ်၊ ဒါက တစ်ခြားလူတွေနဲ့ မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
>
>
> (၅)
> နင့်ကို ငါပြောတယ် “သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ ဒီညအိမ်ပြန်နောက်ကျမယ်နော်”
>
> “ဘယ်သူတွေပါလဲ? သတိထားနော်.. စောစောမပြန်နိုင်ရင် ဖုန်းမကြာမကြာဆက်ခဲ့နော်” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
>
> “နင့်သဘောပဲ.. စိတ်ချမ်းသာသလိုလုပ်” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။
>
> နောက်တော့ စိတ်တိုတိုနဲ့ နင့်ကိုရွဲပြီး မနက် ၃နာရီမှ ငါအိမ်ပြန်ခဲ့တယ်။ ဆိုဖာပေါ်မှာ ခွေခွေလေးအိပ်နေတဲ့ နင့်ကိုမြင်မှ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်ဆိုတာကို ငါသိလိုက်တယ်။ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
>
> (၆)
> နင့်ကို ငါပြောတယ် “ငါ ဟိုဒင်းဖြစ်နေလို့ ဗိုက်အရမ်းအောင့်တယ်”
>
> “သည်းခံလိုက်ပါ၊ တစ်ရက်၊ နှစ်ရက်ဆို ပြီးသွားမှာပါ” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
>
> “မိန်းမတွေ သိပ်အလုပ်ရှုပ်တာပဲ” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။
>
> နောက်တော့ အိမ်ကအစားထည့်တဲ့ ဘီရိုမှာ ချောကလက်တွေ ပိုလာတာတွေ့လိုက်တယ်။ နင်ဝယ်လာပြီး နင်မစားခဲ့ဘူး။ မိန်းမသဘာဝမဖြစ်ခင် ငါ့အတွက် နင်ပိုဝယ်ထားတတ်တာကို ငါသတိထားလိုက်မိတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
>
> (၇)
> နင့်ကို ငါပြောတယ် “ဒါနင့်အတွက် ငါရွေးဝယ်ထားတဲ့ အနွေးထည်၊ နွေရာသီမှာ လျှော့ဈေးနဲ့ရောင်းလို့ ဝယ်ခဲ့တာ၊ ခုဆောင်းရောက်ပြီဆိုတော့ ဝတ်လိုက်ပါနော်၊ နင့်အတွက် ငါရဲ့ဆောင်းရာသီ လက်ဆောင်ပေါ့”
>
> “ကျေးဇူးတင်ပါတယ်၊ နင့်အချစ်ကြောင့် ဒီဆောင်းမှာ ငါပိုနွေးထွေးတော့မယ်” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
>
> “ရာသီပြောင်းလျှော့ဈေးမှာ ဝယ်ခဲ့တဲ့ အပေါစားပဲ” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။
>
> နောက်တော့ ဆောင်းကုန်လို့ နွေရောက်တဲ့အထိ အဲဒီအင်္ကျီကို နင်မချွတ်ခဲ့ဘူး။ ရုံးတက်၊ ရုံးဆင်း နေ့တိုင်းနင်ဝတ်ခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
>
> (၈)
> နင့်ကို ငါပြောတယ် “ဒီနေ့ နားထောင်ခဲ့တဲ့ ဓမ္မတေးက အရမ်းကောင်းတာပဲ၊ နားထောင်ရင်း ခံစားရတယ်”
>
> “ဘယ်စာအုပ်၊ ဘယ်အခွေထဲကလဲ၊ ငါတို့သွားရှာဝယ်ရအောင်လေ”ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
>
> “ဘယ်တေးဖြစ်ဖြစ် အတူတူပဲ” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။
>
> နောက်တော့ ကက်ဆက်ထဲကနေ ရင်းနှီးတဲ့တေးသံကိုအမြဲ ကြားခဲ့ရတယ်။ စီဒီစင်ပေါ်မှာလည်း ခွေအသစ်တစ်ခွေ တိုးခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့ မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
>
> (၉)
> နင့်ကို ငါပြောတယ် “လမ်းထိပ်က ခေါက်ဆွဲသုပ်က အရမ်းစားလို့ကောင်းတယ်”
>
> “ဟုတ်လား.. မနက်ဖြန်ကျရင် ငါတို့အတူတူသွားစားမယ်လေ” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
>
> “တစ်ချိန်လုံး စားဖို့ချည်းတွေးနေတယ်၊ နင့်ကိုယ်လုံးကို နင်ပြန်အားနာအုန်း” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။
>
> နောက်တော့ အဲဒီခေါက်ဆွဲသုပ်ကို မကြာခဏ နင်ဝယ်လာတတ်တာကို ငါသတိထားခဲ့မိတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
>
> (၁ဝ)
> နင့်ကို ငါပြောတယ် “နင်နဲ့ရခဲ့လို့ ငါဝမ်းသာတယ်။ နင်ဟာ ငါရဲ့ ခင်ပွန်းကောင်းတစ်ဦးပါ”
>
> “အင်း.. ငါလည်း ဝမ်းသာတယ်။ နင်က ငါရဲ့ဇနီးကောင်းတစ်ဦးပါ” ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်
>
> “ယူတောင်ယူပြီးပြီပဲ မကောင်းတော့ ဘယ်လိုလုပ်မလဲ” လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။
>
> နောက်တော့ ညညမအိပ်ခင် တစ်ရူးနဲ့ ၄ဝလက်မရှိတဲ့ မင်္ဂလာဓာတ်ပုံကို နင်ပွတ်တိုက်တတ်တာကို ငါသတိထားခဲ့မိတယ်။ ဓာတ်ပုံကိုကြည့်ပြီး နင်ပြုံးနေခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။
>
> နောက်ဆုံး ငါသဘောပေါက် နားလည်ခဲ့ပါတယ်၊ အေးတိအေးစက် ဂရုမစိုက်တတ်တဲ့ နင့်ခန္ဓာအောက်မှာ စကားလုံးတွေနဲ့ မဖော်ပြတတ်တဲ့ နွေးထွေးတဲ့၊ ငါ့အတွက်အချစ်တွေပြည့်နေတဲ့ အသဲနှလုံးတစ်စုံ ရှိတယ်ဆိုတာကို ငါနားလည်ခဲ့တယ်။ ငါ့ကိုနင်ချစ်တယ် ဒါပေမယ့် နင်ဖွင့်မပြောတတ်ခဲ့ဘူး၊ ဒါကလည်း လူများနဲ့မတူတဲ့ ငါ့ကိုချစ်တဲ့ နင်ရဲ့ချစ်နည်းတစ်မျိုးပေါ့နော်…