အချစ်ဆိုတာဘာလဲ

Linn LettSeptember 28, 20101min450

အချစ်ဆိုတာဘာလဲ? လောကမှာရှိတဲ့ လူသားတိုင်း အချစ်ဆိုတဲ့ အရာကို မရေရွတ်ဘူးတဲ့သူ၊
မခံစားဘူးတဲ့သူမရှိကြပါဘူး။ဒါပေမယ့် အချစ်ဆိုတဲ့ အနက်ကို အမျိုးမျိုး အဓိပ္ပါယ်တွေဖွင့်ပြီးပျော်ရွှင်ကြ၊
ကြည်နူးကြ၊ဝမ်းနည်းကြ၊ကြေကွဲကြနဲ့ပေါ့။ဘဝမှာ အချစ်ဆိုတာ မရှိရင်ဘာဖြစ်သွားမလဲ၊ဘဝမှာ အချစ်ဆိုတာ
လိုအပ်လား၊ အချစ်ကို အချစ်လိုထားပြီး ဘဝကို တည်ဆောက်လို့ကော မရဘူးလား။
အချစ်ကြောင့် ဘဝမှာ အောင်မြင်မှုတွေဖြစ်လာတယ်၊ဆုံးရှုံးမှုတွေ ဖြစ်သွားတယ်၊အချစ်ကိုရလို့ အသက်ဆက်
လက်ရှင်သန်သွားတယ်၊ အချစ်ကို မရလို့ သေဆုံးမှုကို စီရင်လိုက်တယ်။အဲဒါတွေက ဘာကြောင့်လဲ၊ လူသားတွေရဲ့
အတ္တကြီးမားတဲ့ စိတ်ကြောင့်အောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေ ဖြစ်လာရတာ မဟုတ်ဘူးလား၊ ဒါကိုအချစ်ကြောင့် ဒီလို
တွေ ဖြစ်လာရတာပါဆိုပြီး အချစ်ကို ခုတုံးလုပ်၊ နာမည်ခံတပ်ပြီး လူသားရဲ့ အတ္တ ကို ဖုံးကွယ်ထားတာကော မဟုတ်
ဘူးလား။
တစ်ချို့က ပြောကြပါသေးတယ်။ချစ်လွန်းလို့ အမုန်းအားကြီး သွားရတာပါတဲ့၊ချစ်လွန်းလို့ နာကြည်းမှုတွေ များရ
တာပါတဲ့၊ အဲဒါကော အချစ်ဟုတ်ရဲ့လား၊ ငါ့ကို လုပ်ရက်လေခြင်း၊ငါ့ကိုလိမ်ရက်လေခြင်း၊ ငါ့ကို သစ္စာမရှိလေခြင်း ဆို
တဲ့ လူသားတွေရဲ့ ` ငါ´ ဆိုတဲ့ အတ္တကို ထိခိုက်သွားလို့ မဟုတ်ဘူးလား။ကိုယ်ပျော်ရွှင် ကြည်နူးဖို့ ရရှိပိုင်ဆိုင်ထားတဲ့
ဒီအချစ်ဟာ `ငါ´ ဆိုတဲ့ အတ္တကို ပျော်ရွှင်ကြည်နူးအောင် လုပ်မပေး နိုင်တဲ့ အခါ အမုန်းတရားတွေ၊နာကြည်းမှုတွေ၊
ကလဲ့ စားချေမှုတွေ ဖြစ်လာတာကော မဟုတ်ဘူးလား။
ဒါပေမယ့် အချစ်မှာ တကယ်တန်ခိုးကြီးတဲ့ စွမ်းအင်တစ်မျိုးတော့ ရှိပါသေးတယ်။စွန့်လွှတ်အနစ်နာခံအချစ်၊
ပေးဆပ်ချစ်ပေါ့။ကိုယ် ချစ်သူ ပျော်ရွှင်စေဖို့၊အေးချမ်းစေဖို့ အတွက်ဘာပဲ လုပ်ပေးရလုပ်ပေးရ၊နောက်ဆုံးအသက်ကို
တောင် ပေးဆပ်သွားတဲ့ အချစ်မျိုုးပေါ့။မွန်မြတ်တဲ့၊မြင့်မြတ်တဲ့ အချစ်ပေါ့။အဲဒီလို စွန့်လွှတ်အနစ်နာခံ ပေးဆပ်ချစ်
နဲ့ ချစ်နေတဲ့သူဟာ အချစ်ဆိုတဲ့ ခံစားမှုအပေါ်မှာအေးချမ်းပျော်ရွှင် နေရပါမယ်။
ဒီလိုမှ မဟုတ်ဘဲ ပူလောင်နေမယ်၊ဝမ်းနည်းနေမယ်၊ကြေကွဲနေရမယ်၊ရင်နာနေမယ်ဆိုရင်တော့ မတတ်သာလို့
ခပ်ခွါခွါ နေပြီး စွန့်လွှတ်အနစ်နာခံ ပေးဆပ်ချစ်ဆိုတာကို အမည်ခံပြီး `ငါ´ ဆိုတဲ့ အတ္တ အတွက် ကြေကွဲဝမ်းနည်းရင်နာ
မှုတွေကို ခံစားနေရတာပါ။
မွန်မြတ်တဲ့၊မြင့်မြတ်တဲ့ အချစ်တစ်ခုဖြစ်ပွါးဖို့ဆိုတာ ကလည်း လေထဲမှာလွင့်မျောနေတဲ့ ပြာမှုန်လေးတွေကို တစ်စု
တစ်စည်းတည်း ဖြစ်အောင် စုဖို့ ခဲယဉ်းသလို မဖြစ်နိုင်လောက်အောင် ရှားပါးလှပါတယ်။ဘာကြောင့်လဲဆိုတော့ ပုထုဇဉ်
လူသားတွေဖြစ်နေတဲ့ အတွက် အချစ်ဖြစ်ပေါ်ခံစား မိတာနဲ့ တစ်ပြိုင်နက်တည်းမှာ `ငါ´ ဆိုတဲ့ အတ္တဟာ အချစ်နဲ့ ခွဲခွါမရ
အောင် ပေါင်းစည်းသွားကြလို့ပါ။
တကယ်တော့ အချစ်ဆိုတဲ့ အရာလေးဟာ လူသားကို အေးချမ်းစေပါတယ်၊နွေးထွေးစေပါတယ်၊ပျော်ရွှင်စေပါတယ်။
ချစ်တယ်ဆိုတာကို ခံစားမိတာနဲ့ အေးချမ်းသွားတာပါ။ဒါကို လူသားတွေရဲ့ `ငါ´ ဆိုတဲ့ အတ္တနဲ့ ရောလိုက်တဲ့ အခါမှာ အချစ်
ဟာ အရောင်တွေ အမျိုးမျိုးထွက်၊အဓိပ္ပါယ်တွေ အမျိုးမျိုး ထွက်လာကြတယ်လို့ထင်ပါတယ်။
တကယ်တော့ ဒီအကြောင်းအရာကို အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ကို နားဝင်အောင်ပြောချင်ခဲ့တာပါ။ဒါပေမယ့်
သူက `ငါ´ ဆိုတဲ့ အတ္တထဲမှာ နစ်မြုပ်သွားခဲ့ ပါတယ်။