အလုပ်ရှာတဲ့အခါအထောက်ကူပြုဖို့……

Linn LettSeptember 28, 20101min460

ကိုယ်လျှောက်မဲ့ အလုပ်ဟာ ကိုယ်လုပ်နိုင်တဲ့ အလုပ်ဟုတ်၊ မဟုတ်ကို
စုံစမ်းမှုလုပ်ပါ။ လျှောက်မဲ့အလုပ်နဲ့ ပတ်သက်တဲ့ သိသင့်တဲ့
အချက်တွေကိုလည်း ကြိုပြီးသိအောင် စုံစမ်းထားနိုင်လေ ကိုယ့်အတွက်
အကျိုးရှိလေ ဖြစ်ပါလိမ့်မယ်။ တချို့အလုပ်တွေက လခတော့ ကောင်းချင်
ကောင်းပါလိမ့်မယ်။ ကိုယ့်အတွက် အန္တရာယ်ရှိတဲ့ အလုပ်တွေ ဖြစ်နေရင်
ဒီအလုပ်မျိုး သွားလုပ်လို့က ကိုယ်ဒုက္ခ ရောက်ပါလိမ့်မယ်။ မြန်မာလူမျိုး
သင်္ဘော ဒုအရာရှိတယောက်က မလေးရှား သင်္ဘောတခုမှာ အလုပ်ရလို့ သွားလုပ်ပါတယ်။
ဒီသင်္ဘောက မှောင်ခိုပစ္စည်းတွေကို ပစိဖိတ်ထဲက ကျွန်းနိုင်ငံလေးတခုကို
ခိုးသွင်းတာကို တရားဝင် သွင်းကုန်တွေ သွင်းတာနဲ့ အတူလုပ်ပါတယ်။
မကြာသေးခင်က စစ်ဆေးရာမှာ တွေ့သွားတော့ ဒီအရာရှိကော၊ နောက် သူ့အထက်က
တယောက်ကော သင်္ဘောနဲ့ အတူတူ အဖမ်းခံရပါတယ်။ သင်္ဘောကုမ္ပဏီက သင်္ဘောအတွက်
လာဘ်ထိုးပြီး သင်္ဘောပြန်ရွေး သွားပြီးတော့ ဒီအမှုကို ကပ္ပတိန်နဲ့
ဒုကပ္ပတိန်တို့ကို အမှုပုံချခဲ့တော့ အဲဒီ့ မြန်မာအမျိုးသား ဒုကပ္ပတိန်ဟာ
တခြားနိုင်ငံသား ကပ္ပတိန်နဲ့အတူတူ ထောင်ကျခံနေရပါတယ်။ ဒါ့ကြောင့်
ကိုယ်လျှောက်တဲ့ အလုပ်က ကိုယ့်ကို အန္တရာယ်ပေးမဲ့ အလုပ်လား ဆိုတာကို
သေသေချာချာ စုံစမ်းလေ့လာပြီးမှ လျှောက်တာက ကိုယ့်အတွက်
ပိုကောင်းပါလိမ့်မယ်။

လျှောက်လွှာခေါ်တဲ့ အလုပ်က သုံးလေးလကြာလျှင် နောက်တခါ ခေါ်ပြန်၊ ခဏကြာလျှင်
တခါ လျှောက်လွှာထပ်ခေါ်ပြန် လုပ်လေ့ရှိတဲ့ အလုပ်မျိုးကို သေသေချာချာ
လေ့လာသင့်ပါတယ်။ ကိုယ့်အရှေ့က လူတွေဘာကြောင့် ခဏခဏ ပြောင်းလဲနေရတာ၊
ဝင်လိုက်ထွက်လိုက် လုပ်နေရတာလဲကို တော်တော် စဉ်းစားသင့်ပါတယ်။ ဒီလို ခဏခဏ
လူအပြောင်းအလဲ ဖြစ်နေတဲ့ အလုပ်မျိုးကို လျှောက်ဘို့ အလွန်သတိထားပါ။ ဒီလို
ဖြစ်နေရတာ အကြောင်းတခုခုတော့ ရှိပါလိမ့်မယ်။ ဒီလိုနေရာမျိုး
ရသွားပြီးတော့ ကိုယ်လဲခုနကလို နှုတ်ထွက်ရတဲ့အထဲ ပါလာတဲ့အခါ နောက်အလုပ်
လျှောက်တဲ့အခါ ကိုယ့်အတွက် တော်တော်ထိခိုက်နိုင်ပါတယ်။ နောက်အလုပ်အတွက်
အင်တာဗျူးမှာ အရင် အလုပ်အကြောင်းနဲ့ အရင် အုပ်ချုပ်မှု အကြောင်းကို
ရှုတ်ချသလို မပြောပဲ ဘာ့ကြောင့် ထွက်ရတာပါ ဆိုတာကို ပြောရ ခက်ပါလိမ့်မယ်။
ဒီလို ရှုတ်ချပြောတယ်ဆိုရင်လည်း နောက်အလုပ်က ငှားဘို့ တော်တော် စဉ်းစားရ
ခက်ပါလိမ့်မယ်။ ဒါ့ကြောင့် ဒီလို အလုပ်မျိုးကို အစောကြီးကတည်းက
သေသေချာချာ သတိထားမိနိုင်ဘို့ လိုပါတယ်။

အလုပ်တခုကနေ တခုကို ခဏခဏ ပြောင်းနေတာကလည်း နောက်အလုပ်တခု
လျှောက်တဲ့အခါမှာ ကိုယ့်အတွက် မကောင်းတာ ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့်
တတ်နိုင်ရင် ကိုယ်ရေရှည်စွဲမြဲ လုပ်နိုင်မယ့်အလုပ် ဟုတ်မဟုတ်လည်း
စဉ်းစားဘို့ လိုပါတယ်။ နှစ်နဲ့လုပ်ပြီးမှ အခြားအလုပ်ကို ပြောင်းလဲလုပ်တာက
ကိုယ့်ရဲ့ စွဲမြဲ လုပ်ကိုင်မှုကို ပြသပေးပြီး အလုပ်ရှင်က စိတ်ဝင်စား
စေလိမ့်မယ် ဖြစ်ပါတယ်။

အလုပ်တာဝန် သေသေချာချာ ပြတ်ပြတ်သားသား ကွဲကွဲပြားပြား မပြောထားတဲ့
အလုပ်မျိုးဆိုရင်လည်း တော်တော်စဉ်းစားပါ။ အရမ်း လိုအပ်တုံးအချိန်မှာ
တွေ့ကရာ အကုန်လိုက်လုပ်ပေးရတာကို စိတ်ထဲက ဘာမှမဖြစ်ပေမယ့် မကြာခင်
ညောင်းအီလာပြီး အလွန်ပင်ပမ်း စိတ်ဆင်းရဲစရာ ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။
ကိုယ့်ကို ငှားမဲ့နေရာနဲ့ သက်ဆိုင်တဲ့ အလုပ်ကို သေသေချာချာ
သတ်မှတ်ထားပေးတဲ့ အလုပ်မျိုးကို အဓိက ဦးစားပေး စဉ်းစားပါ။ အလုပ်ထဲမှာ
တခါတလေ ကိုယ်နဲ့ မသက်ဆိုင်ပေမယ့် ကိုယ့်လုပ်ငန်းအတွက် လိုအပ်ချက်အရ
လုပ်ပေးရတာမျိုးတော့ ရှိပါတယ်။ ဒါက တခါတလေ လိုအပ်ချက်အရသာ ဖြစ်သင့်ပါတယ်။
ဒီလိုကြုံလာတဲ့ အခါမျိုးမှာ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် တက်တက်ကြွကြွ
စိတ်ပါလက်ပါ လုပ်ပေးတာဟာ ကိုယ့်အတွက် အလုပ်မှတ်တမ်းမှာ အကောင်း
ဖြစ်လာစေပါလိမ့်မယ်။

ကိုယ်ကျိန်းသေပေါက်ရမယ် ထင်နေတဲ့ အလုပ်ကိုလည်း ကိုယ်ရချင်မှရမှာပါ။
ဒါ့ကြောင့် အရံနောက်တခုခုကိုလည်း ရှာဖွေထားသင့်ပါတယ်။ လျှောက်ထားတဲ့
အလုပ် အားလုံးရတဲ့ အခါကျလျှင်တော့ ကိုယ်စိတ်ကြိုက်ကို ရွေးချယ်ပါ။ နောက်
အခြား အလုပ်တွေကိုလည်း မိမိ အလုပ်လက်ခံထားပြီး ဖြစ်တဲ့အကြောင်းကို
အကြောင်းကြား ပေးတာက ကိုယ့်ယဉ်ကျေးမှုကို ပြသရာ ရောက်ပါတယ်။ ဒီလို
တခြားအလုပ်ကို ရွေးလိုက်တဲ့အတွက် အားနာစရာ မလိုပါဘူး။ အလုပ်တွေကလည်း
ဘယ်တော့မှ အားနာပြီး ငှားတယ်မရှိပါဘူး။ ကိုယ်က သူ့ထက်ကောင်းမယ်
ကိုယ်ယူဆတဲ့အလုပ်ကို လက်ခံတာကို ဘယ်သူမှ အပြစ်ပြောမယ် မဟုတ်ပါဘူး။
တခုပဲရှိတာက တခြားအလုပ်ကို လက်ခံလိုက်ပြီ ဆိုတဲ့အခါမှာ လျှာရှည်ပြီး
ဟိုအလုပ်က ဒီအလုပ်ထက် ပိုကောင်းလို့ ဘာခံစားခွင့်ပိုလို့ ဆိုတာတွေ
ဘာမှမပြောနေဘို့ပဲ လိုတာပါ။ ဟိုအလုပ်ကို ရွေးလိုက်ပြီးဖြစ်လို့
ဆောရီးပါပဲဆိုတာ ပြောရင် လုံလောက်ပါတယ်။ အလုပ် ကမ်းလှမ်းမှု ရှိလာတဲ့အခါ
ချက်ခြင်း လက်ခံလိုက်တာ မလုပ်ပါနဲ့။ သူ့မှာ ပေးထားတဲ့ အချိန်အတွင်းမှာ
အခြားအလုပ်တွေက ထပ်ကမ်းလှမ်းလာတာ ရှိမရှိကို စောင့်ကြည့်ပါ။ တကယ်လို့
ကမ်းလှမ်းလာတဲ့အလုပ်က ကိုယ့်စိတ်ကြိုက် အဖြစ်ဆုံး ဆိုရင်တော့ ချက်ခြင်း
လက်ခံတာ မမှားပါဘူး။ ဒုတိယ၊ တတိယ ထားထားတဲ့ ဟာတွေဆိုရင်
အဲ့ဒီကမ်းလှမ်းတဲ့ အချိန်အတွင်း စောင့်ကြည့်ပြီး စိတ်ကြိုက် အလုပ်က
ကမ်းလှမ်းလာတာ ရှိမရှိကို စောင့်ကြည့်လို့ ရပါတယ်။ တကယ်လို့ ကမ်းလှမ်းတာ
လက်ခံပြီးမှ ကိုယ့်စိတ် အကြိုက်ဆုံး အလုပ်က ကမ်းလှမ်းလာတာရှိရင်လည်း ဘာမှ
မလွန်သေးခင်ဆိုရင် စကားလှလှသုံးပြီး ပထမ လက်ခံထားတဲ့ အလုပ်ကို
နောက်ဆုတ်လို့ ရပါတယ်။ အများကြီး စကားမလွန်ရ အဆင့်တွေ မကျော်သွားရသေးဘူး
ဆိုရင်ပေါ့။ အားနာလို့ လက်ခံထားပြီးသား အလုပ်ကိုပဲ ဆက်ယူလိုက်တာ
မလုပ်ပါနဲ့။ ကိုယ့်အတွက်ကိုယ် သေသေချာချာ ကြည့်ပါ။

ဘွဲ့တခုခု လိုအပ်တဲ့အလုပ်တွေမှာ ကိုယ်ရထားတဲ့ဘွဲ့နဲ့ အဲ့ဒီအလုပ် ဆက်စပ်မှု
ရှိမရှိရှာပါ။ အဲ့ဒီအလုပ်မှာ လိုအပ်ချက် အတွက် ကိုယ်ဘာလုပ်ပေးနိုင်တာကို
အဓိက ဦးစားပေး ဆွေးနွေးနိုင်ရင် အလားအလာ ကောင်းပါလိမ့်မယ်။ အများစုက
ဘွဲ့တွေထဲက အဆင့်ဘယ်လောက် ကောင်းကောင်းရတယ်။ ကျောင်းမှာ
ဘယ်လိုကြိုးစားတယ် ဆိုတာကို သိပ်မသိချင်ပါဘူး။

ဆက်ဆံရေး ဘယ်လောက်ပြေပြစ်သလဲနဲ့ လုပ်မယ့် အလုပ်အပေါ်ကို ဘယ်လောက် ထိထိမိမိ
လုပ်ပေးနိုင်မယ့်လူ ဖြစ်မယ်ရယ် ကိုယ်သင်ထားတာကို ဘယ်လောက်
အသုံးချနိုင်တဲ့လူ ဖြစ်မလဲဆိုတာကို အလေးထားလေ့ ရှိကြပါတယ်။ ကျောင်းတက်
နေစဉ်ကတည်းက ကိုယ်ယူထားတဲ့ ဘာသာရပ်ရယ်၊ ကိုယ်လုပ်ချင်တဲ့ အလုပ်ရယ်နဲ့
ပတ်သက်တဲ့ အလုပ်တွေမှာ စေတနာ့ဝန်ထမ်း လုပ်တာတို့၊ အချိန်ပိုင်း
အလုပ်လုပ်တာတို့၊ အလုပ်သင် အလုပ်လုပ်တာတို့တွေက ကျောင်းပြီး
အလုပ်လျှောက်တဲ့ အခါမှာ အများကြီး အထောက်အကူ ပြုပါတယ်။ ဒါတွေက ကိုယ့်ကို
အတွေ့အကြုံနဲ့ အလုပ်အတွက် ထောက်ခံမှုတွေ အများကြီးပေးပါတယ်။

ကိုယ့်စီဗွီ(အလုပ်မှတ်တမ်း)မှာ အီးမေးလ်လိပ်စာ ထည့်တဲ့အခါမှာ
ရိုးရိုးသားသား ပြင်းစရာ ကောင်းလောက်တဲ့ အီးမေးလ်လိပ်စာက
ချစ်စရာလေးဖြစ်တဲ့၊ လှတဲ့ အီးမေးလ် လိပ်စာတွေထက်ကို အများကြီး
ပိုကောင်းပါတယ်။ အီးမေးလ်လိပ်စာကို ချစ်စရာ၊ ကြိုက်ချင်စရာ လိပ်စာမျိုး
မဖြစ်နေပါစေနဲ့။

အလုပ်တွေ ရှားပါးနေတဲ့အချိန်မှာ လုပ်ငန်းအကြီးကြီးတွေမှာ လျှောက်တာထက်
လုပ်ငန်းငယ်ငယ်တွေမှာ အလုပ်လုပ်တာက ပိုပြီး တည်မြဲမှု ရစေနိုင်ပါတယ်။
ဒီလို အလုပ် အလွန်ရှားတဲ့ကာလမှာ အလုပ်ရှာရရင် လုပ်ငန်းငယ်ငယ်တွေမှာ
ဦးစားပေးရှာပါ။

အင်တာဗျူးမသွားခင်မှာ ကိုယ့်ကိုမေးနိုင်တဲ့ မေးခွန်းတွေအားလုံးကို
စဉ်းစားချထားပြီး အဲ့ဒီမေးခွန်းတွေကို အကောင်းဆုံးဘယ်လို
ဖြေဆိုမလဲဆိုတာကို စဉ်းစား ရေးချထား ကြည့်သင့်ပါတယ်။ ဒါပေမဲ့
အလွတ်ကျက်ထားတာကို ပြန်ပြောနေတာမျိုးမဖြစ်ပဲ ပုံမှန်စကားပြောနေတာမျိုး
ပြောနေအောင် လုပ်ရပါမယ်။ ဘာဖြစ်လို့ မင်းကို ဒီအလုပ်မှာ
ငှားသင့်တယ်ထင်လဲဆိုတဲ့ မေးခွန်းမျိုးလည်း လာနိုင်တာကို သတိပြုပါ။
အဲ့ဒီလိုအခါမျိုးမှာ ကိုယ့်ရပ်တည်ချက်အတွက် လိုနေတာကို လုံးလုံးမပြောပဲ
ကိုယ်သာ ဒီအလုပ်ရရင် ဒီအလုပ်အတွက် ကိုယ့်ရဲ့ ဘယ်အားသာချက်တွေကို
အသုံးပြုပြီး ဒီအလုပ်ကို ကောင်းအောင်လုပ်နိုင်မယ် ဆိုတာကို အလေးပေးပြီး
ဆွေးနွေးဘို့ ပြင်ထားပါ။ တခုခုမှာ နဲနဲမှားယွင်းပြောဆိုမိရင်လည်း
အဲဒီမှာကြီးပဲ စိတ်မရောက်နေပဲ အခြားနေရာတွေမှာ ကောင်းကောင်းဖြစ်အောင်
ပြောဆိုနိုင်ဘို့ကိုလည်း လေ့ကျင့်ထားပါ။ တခုမှားတာကိုကြီးပဲ စိတ်စွဲနေရင်
အခြားနေရာတွေမှာ ဖါထေးပေးနိုင်တာတွေကို အလကား ဖြစ်ပါစေလိမ့်မယ်။ အနဲဆုံး
အလေ့အကျင့် ပိုရတယ်ဆိုတဲ့အသိ စိတ်ထဲမှာစွဲထားရင် အေးအေးဆေးဆေး
အင်တာဗျူးလုပ်နိုင်မှာပါ။

ကိုယ့်အရည်အချင်းများနှင့် လုပ်နိုင်ရည်များက လျှောက်ထားသော အလုပ်အတွက်
မည်သို့ အကျိုးရှိနိုင်ကြောင်းနှင့် မည်သို့ အသုံးပြုမည်ဖြစ်ကြောင်းကို
ရှင်းလင်းပြနိုင်ရန် ကြိုတင်ပြင်ဆင် စဉ်းစားထားရမည်။ ထိုအချက်များကို
သေသေချာချာ ရှင်းပြနိုင်ရပေမည်။ အလုပ်အတွက် မထိခိုက်စေနိုင်သော
ကိုယ့်အားနည်းချက်ကိုလည်း ဖေါ်ပြ၍ ထိုအားနည်းချက်ကို မည်သို့ ပြင်ဆင်
ကုစားနေကြောင်း ပြောပြနိုင်ရမည်။ အသိတယောက်က အင်တာဗျူးတခုတွင် သူ၏ အဓိက
အားနည်းချက်မှာ အထက်အရာရှိများနှင့် ဘယ်တော့မှ မတည့်ခြင်းဖြစ်သည်ဟု
ဖြေခဲ့သဖြင့် သူသေချာပေါက် ရနိုင်သော ထိုအလုပ်ကို သေချာပေါက်
လက်လွှတ်ခဲ့ရသည်။

ကိုယ်၏ အလုပ်မှတ်တမ်း (စီဗွီ)တွင် ရေးသားထားသည်များကို သေသေချာချာ
မှတ်မိနေပါစေ။ အင်တာဗျူး သွားသည့်အခါတွင်လည်း ၎င်းကို တပါတည်း ယူသွားရန်
မမေ့ပါနှင့်။

အလုပ်တခု လျှောက်တယ်၊ အင်တာဗျူးသွားတယ်၊ ဒါပေမဲ့ အလုပ်မရတာ၊ တခါတလေ
အင်တာဗျူးတောင် မခေါ်ခံရတာကိုဘာမှ စိတ်ထဲမှာ မထားပါနဲ့။ အဲ့ဒါအတွက်
ကိုယ့်ကိုကိုယ် မညှဉ်းဆဲပါနဲ့။ ဒါက သူတို့ လိုအပ်ချက်နဲ့ ကိုယ့်နဲ့
မကိုက်ညီလို့သာ ဖြစ်ပါတယ်။ ကိုယ်အသုံးမကျလို့ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်
ညှဉ်းဆဲပြီး စိတ်ပျက်ခြင်းဟာ ကိုယ့်အောင်မြင်မှုကို
ပြန်ပြီးကိုယ့်ဘာသာကိုယ် ပိတ်ဆို့တာသာ ဖြစ်ပါတယ်။ တခြား ဘာအကျိုးမှ
မရှိပါဘူး။ မရသေးရင် ဆက်လျှောက်ပါ။ တချိန်ချိန်၊ တခုခုတော့ ရလာမှာပါ။
များများ ထပ်လျှောက်ပါ။ များများ ထပ်လျှောက်လေ၊ ကိုယ့်အတွက် ကျွမ်းကျင်မှု
ပိုရလာလေပါပဲ။