ချစ်ပြီဆိုရင်

Linn LettSeptember 29, 20101min460

(၁) ချစ်ပြီဆိုရင် နက်နက်နဲနဲချစ်ပါ၊ လက်လွတ်ပြီဆိုရင်လည်း လုံးလုံးလျားလျားလွတ်ပါ

စောင့်မျှော်ခြင်းဆိုတာ နဂိုတည်းက မှားနေတဲ့အမှားတစ်ခုဖြစ်တယ်။
လက်မလွတ်သင့်တဲ့အရာကို လွယ်လွယ်ကူကူ လက်မလွတ်သလို
ခေါင်းမမာသင့်တဲ့နေရာမှာလည်း ခေါင်းမာနေဖို့ မလိုပါဘူး။

(၂) ဖြေတွေးတတ်လေ နာကျင်မှုလျော့လေ

ကိုယ့်ကိုယ်နာကျင်စေရက်တဲ့လူက ကိုယ့်မျက်ရည်ကိုလည်း ဂရုစိုက်မှာမဟုတ်ဘူး။
ဒါကြောင့် အသုံးမကျတဲ့ မျက်ရည်တွေကို အမြန်သိမ်းပြီး မျက်နှာသစ်ပါ၊
သွားတိုက်ပါ… လုပ်ချင်တာတွေ ထလုပ်လိုက်ပါ။

(၃) ဘာကိစ္စမဆို တွေ့ကြုံခံစားပြီးမှ ပိုသိတတ်နားလည်လာတယ်.. ဥပမာ- အချစ်

မှားယွင်းခဲ့ဖူး၊ ဝမ်းနည်းခဲ့ဖူးမှ တချို့ကိစ္စတွေ ဒီလောက်ဇွဲကောင်းနေဖို့
မသင့်ကြောင်းသိတော့တယ်။

(၄) ဆောင်းဦးရာသီက ရက်စက်တယ်။ ရင့်မှည့်သည်ဖြစ်စေ၊ မရင့်မှည့်သည်ဖြစ်စေ
ရိတ်သိမ်းရတော့မယ်

အရာအားလုံးက ဆောင်းဦးနဲ့ဆောင်းရာသီကြားမှာ လေနဲ့အတူလွင့်ပြယ်ခဲ့တယ်။
ကိုယ့်ဘဝမှာ တစ်ခုတည်း ကျန်ရှိခဲ့တဲ့အရာက စိမ့်စမ်းရေလို ကြည်လင်တဲ့
အမှတ်တရတွေပဲဖြစ်တယ်။ အတိတ်က အမှတ်တရတွေ ကိုယ့်ဘဝထဲမှာ အမြဲစီးဆင်းနေမယ်။

(၅) အနားမှာရှိတဲ့ ပျော်ရွှင်ခြင်းကို တန်ဖိုးထားပါ၊ ဆုံးရှုံးသွားမှ နောင်တမရပါနဲ့

ကိုယ့်ကိုယ်တကယ်ဂရုစိုက်တဲ့ဒီလူနဲ့ တစ်သက်မှာ တစ်ကြိမ်ပဲ
ကြုံခွင့်ရနိုင်တယ်။ တန်ဖိုးထားပါ။

(၆) လူ့ဘဝဆိုတာ ရထားတစ်စီးနဲ့တူတယ်။ ရထားပေါ်မှာ အရောင်အသွေးစုံလူတွေ သွားလာနေကြတယ်

ရထားပေါ်မှာ ရေစက်ရှိတဲ့လူတွေနဲ့ ကိုယ်ကြုံနိုင်တယ်။ ရထားရပ်ချိန်
ဘဝရထားပေါ် လူတွေ တက်လာကြတယ်၊ ဆင်းသွားကြတယ်။ ရထားပေါ် ကိုယ်ဆင်းချိန်
လက်ပြနှုတ်ဆက်ပါ။

(၇) တချို့လူကို ကိုယ်တစ်သက်လုံးမြင်တယ်။ ဒါပေမယ့် တစ်သက်လုံး
ကိုယ်လျစ်လျူရှူခဲ့မိတယ်။
တချို့လူကို ကိုယ်တစ်ချက်ပဲကြည့်ခဲ့တယ်။ ဒါပေမယ့် ကိုယ့်ဘဝကို တစ်သက်လုံး
သက်ရောက်စေခဲ့တယ်။
တချို့လူက ကိုယ့်အတွက် အရာရာပေးဆပ်တယ်။ ဒါပေမယ့် ကိုယ့်ရဲ့အေးစက်မှုတွေပဲ သူရခဲ့တယ်။
တချို့လူက ကိုယ့်ကိုခဏတာလေးပဲ ရယ်မောစေတယ်။ ဒါပေမယ့် ကိုယ့်ကို
တွေးတောစရာတွေပေးခဲ့တယ်။
တချို့လူက ကိုယ့်ကို N ကြိမ်ပိုးပန်းခဲ့တယ်။ ဒါပေမယ့် Nကြိမ် ကိုယ်ငြင်းခဲ့တယ်။

(၈) သူငယ်ချင်းအပေါ် အကြွေးအများကြီး မတင်ပါနဲ့… အဲဒီအကြွေးတွေဆပ်ဖို့
ကိုယ်အခွင့်အရေး မရှိမှာစိုးလို့ပါ။ တွေ့ကြုံခဲ့ဖူးတာတွေ
နောက်တစ်ကြိမ်ပြန်မဖြစ်ဘူး။ အမှတ်တရတွေပဲ ကိုယ့်ဆီမှာ ကျန်ခဲ့လိမ့်မယ်။

(ဒီနေရာမှာ အကြွေးဆိုတာ ငွေကြွေးကိုဆိုလိုတာမဟုတ်ပါ။ ကူညီတဲ့အကြွေး၊
စာနာတဲ့အကြွေး၊ အားပေးတဲ့အကြွေး၊ မျှဝေတဲ့အကြွေးတွေကို ဆိုလိုပါတယ်)