” မလွမ်းစကောင်း လွမ်းစကောင်း”(ရှေးရှေးက မန်းလေး အပိုင်းခြောက်)

ရန်ကင်းတောင်ပေါ်ကနေ ဘေးဝဲယာကို ကြည့်မယ်ဆိုရင် အရှေ့ဘက်ခြမ်းမှာဆိုရင် ရေတံခွန်တောင် ရှမ်းရိုးမနဲ့ရေနီမြောင်းကြီး အနောက်ဘက်ခြမ်းမှာကတော့ တပြန့်တပြောကြီးရှိနေတဲ့ အောင်ပင်လယ် ၊မနီးမဝေးမှာ ပုသိမ်ကြီးဆိုတဲမြို့ပေါက်စကလေး၊ ပါတ်ပါတ်လည်မှာတော့ဘယ်နေရာကြည့်ကြည့် ကောက်စိုက်စအချိန်ဆိုရင် စိမ်းမြလို့ယိမ်းကနေတဲ့ စပါးခင်းတွေ၊ စပါးတွေရင့်မှည်ချိန်ရောက်ရင်တော့ ရွှေဝါရောင်ကော်ဇောကြီးခင်းထားသလိုတွေ့ရမှာပါ။အင်မတန်လှပတဲ့ရူ့ခင်းပါ။
ရန်ကင်းတောင်ကနေကြည့်ရင် အနောက်တည့်တည့်လမ်းက (19လမ်း)ဖြစ်ပြီး မန်းလေး နန်းတော်ကြီးက19လမ်းကို အရှေ့ဘက်နဲ့နောက်ဘက်ဖြစ်အောင် ခြားထားပါတယ်။
ဒီလမ်းကမန်းလေးနန်းတော်ထဲကို ဝင်တဲ့ တံခါးနဲ့တည့်တည့်ပါ။
ဟိုအရင်ကတော့ ရန်ကင်းတောင် ပုသိမ်ကြီးဆိုတာ သွားဘို့ နည်းနည်းလှမ်းတယ်လို့ ပြောရင်ရပါတယ်။
လှမ်းဆိုစီးစရာကလည်းစက်ဘီးဘဲရှိတာကိုးဗျ။
လူနေအိမ်ခြေလည်းကျဲပါးပါတယ်။ကျနော်တို့လူငယ်များတောင် တစ်လနေလို့တစ်ခေါက်မရောက်တဲ့နေရာပါ။
ခုနောက်ပိုင်းမှာရန်ကင်းတောင်ခြေမှာရှိတဲ့ မြကျောက်ဘုရားမှာရှိတဲ့ ရေတွင်းကထွက်လာတဲ့ ရေက အန္တရာယ်ကင်းတယ်ဆိုတာနဲ့ဘဲ
ဆရာတော်ဆီကနေ ခွင့်တောင်းလို့ ရေတွေကိုဘူးကြီးဘူးငယ် ကားကြီးကားငယ်နဲ့သယ်လို့ အသုံးပြုကြပါတယ်။
ဓါတ်ခွဲကြည့်တဲ့အခါ တကယ်ကို ရေသန့်ဖြစ်တယ် PH-7 ဖြစ်တယ်ဆိုတာကိုတွေ့ရပါသတဲ့။
အခုအချိန်မှာတော့ မြကျောက်ရေသန့်ဆို ပြီး ဝမ်းလီတာဗူးလေးနဲ့ထည့်ထားတာကို အလွယ်တကူသယ်ယူလို့ရနေပါပြီ။
အခုတော့လမ်းမြောက်ဘက်ခြမ်းအဆုပ်ရောဂါကုဆေးရုံကြီးရှိပါတယ်။
သူ့ရဲ့အနောက်ဘက်မှာ “ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်း”ဆေးရုံလေးရှိပါတယ်။
ကင်ဆာဝေဒနာသည်များအတွက် နောက်ဆုံးအချိန်ကို အေးဆေးစွာရင်ဆိုင်နိုင်အောင် ထူထောင်ထားသော လေးစားအားကျဘွယ်ရာကောင်းသော အချက်တွေနဲ့ထုံမွှမ်းထားသော ပုဂလိကဆေးရုံလေးဖြစ်ပါတတယ်။
သူ့နဲ့မျက်နှာခြင်းဆိုင်မှာတော့ နာမယ်ကျော် ကြာတောကြီးနဲ့အောင်ပင်လယ် လယ်ကွင်း။
ဆက်သွားလို့သိပ်မဝေးခင် မှာရေမြောင်းလေးနဲ့ယှဉ်လျက်ရှိနေတဲ့လမ်းမကကြီးကတော့ အောင်ပင်လယ်ကန်ဘောင်ရိုးကြီးပါ။
ဒီလမ်းက ပြင်ဦးလွင်ကိုသွားတဲ့လမ်းနဲ့ တစ်ဆက်တည်းရှိနေပတယ်။
အနောက်တည့်တည့်ဆက်သွားရင် နာမယ်ကျော် ရှေးကတည်းက ရှိခဲ့တဲ့ “မုန်တိုင်ဇရပ်”
သူ့နောက်ဖက်ရောက်တော့ နန်းရှေ့ဈေး။
နန်းရှေ့ဈေးမှာ ဟိုအရင်ဈေးဟောင်းတုန်းက ဈေးအနောက်တောင်ဘက်ဒေါင့်မှာ မန်းလေးနန်းတော်ရှေ့ တစ်ခွင်ကလူငယ်တွေ မန်းလေးက အနုပညာသမားစာပေသမားတွေစုဝေးရာလက်ဖက်ရည်ဆိုင်လေးရှိခဲ့ဘူးပါတယ်။
ဒီဆိုင်လေးရဲ့အားသာချက်ကတော့ ထိုင်စရာ စားပွဲများတာပါ လူဘယ်လောက်စည်စည်အားနားစရာမလိုပါဘူး။ဘာလို့လဲဆိုတော့သူ့ဆိုင်ဘေးမှာရှိတဲ့ ဈေးသည်မရှိတဲ့ဆိုင်ခန်းလွတ်မှန်သမျှဟာ လက်ဖက်ရည်လာသောက်တဲ့လူတွေအတွက် ထိုင်စရာစားပွဲတွေဖြစ်နေလို့ပါ။
ဆိုင်ခန်းလွတ်တွေကလဲအများကြီးကိုးဗျ။
ကျားထုိုးနိုင်တယ် ချက်ထိုးနိုင်တယ် အားရပါးရစကားပြောနိုင်တယ် လွတ်လွတ်လပ်လပ် စိတ်တိုင်းကျငြင်းနိုင်တဲ့ ရှာမှရှားတဲ့လက်ဖက်ရည်ဆိုင်လေးပါ။
အခုအချိန်မှာတော့ နန်းရှေ့ဈေးလေးကလည်း အရင်လိုသွတ်မိုးဝင်းထရံကာထားတဲ့ဈေးအိုအိုလေးမဟုတ်တော့ဘဲ အိန္ဒြေကြီးတစ်ခွဲသားနဲ့ နေ နေတဲ့အဆင့်မြင့်အုတ်တိုက်ကြီးဖြစ်သွားပါပြီ။
ဒီလက်ဖက်ရည်ဆိုင်လေးကို ထိုင်ဘူးသူတွေကတော့ ဒီနားကိုဖြတ်သွားတိုင်းလွမ်းနေမယ်ထင်ပါတယ်။
ဒီဆိုင်လေးကနေ ရှေ့နည်းနည်းလေးဆက်သွားမယ်ပြီး မြောက်ဘက်ခြမ်းကိုလှည့်ကြည့်လိုက်မယ်ဆိုရင် ရှေးမြန်မာကြီးများရဲ့ကောင်းမူ့ကုသိုလ်တွေကြောင့်ဖြစ်တည်နေခဲ့တဲ့
ထုထည်ကြီးမားသော အုတ်တံတိုင်းအတွင်းက သစ်ပင်များအုပ်ဆိုင်းနေသော ကျယ်ပြန့်သောဝိုင်းအတွင်းမှာတည်ရှိနေသော ကြီးမားတဲ့ဘုန်းကြီးကျောင်းများကတော့ ငြိမ်းချမ်းတယ်ဆိုတာမြင်လို်က်ရုံနဲ့ သိနိုင်ပါတယ်။
ရှေ့ဆက်သွားလို့ကတော့ အရှေ့ကျုံးလမ်းကိုရောက်ပြီး နန်းရှေ့ပေါက် တံခါးကနေဝင်လို်က်ရင်နန်းတွင်းကိုရောက်သွားမှာပါ။
မန ္တလေးနန်းတော်ကတော့ အင်္ဂါအပြည့်အစုံရှိတဲ့ တစ်ခုထဲသောမြို့ဟောင်းလို့ပြောရင် ရပါမယ်။
ရေအပြည့်ရှိသောကျုံးရှိမယ်။ ကျုံးကိုကူးတဲ့ အုတ်နဲ့သစ်သားရောနှောလို့တည်ဆောက်ထားတဲ့ တံတားရှိမယ်။
နီစွေးနေတဲ့ရှေးအုတ်တွေနဲ့တည်ဆောက်ထားတဲ့ မြို့ရိုးကြီးရှိမယ်(တစ်ချို့သောနေရာတွေကတော့ ပြိုကျလို့ပြင်ထားတာရှိပါတယ် အဲဒီနေရာတွေက မနီဘဲဖြူနေတတ်သလို အုတ်တွေကလဲ သေးပါတယ်။)
မြို့ရိုးပေါ်မှာတော့ ပြသာဒ်၊သူရဲခို ၊ယင်းတား၊ပစ္စင်၊အစရှိတဲ့ပြည့်စုံသောအင်္ဂါရပ်တွေရှိနေပါတယ်။
နန်းမြို့တွင်းကိုအရင်တုံးက အလွယ်တကူ အစစ်အဆေးမရှိဝင်လို့ရပါတယ်။
စက်ဘီးကတော့ဆင်းတွန်းရတာပေါ့ဗျာ။
နန်းတွင်းဆိုတာကတော့ ရှေးတုံးကတည်းက ဘုရင်မိဘုရား မင်းညီမင်းသားတွေနေတဲ့သီးသန့်အရပ် သာမာန်လူများနဲ့မသက်ဆိုင်သောနေရာပေါ့နော်။
နောက်ပိုင်းမှာတော့ နန်းတွင်းဆိုတာ စစ်တပ်နယ်မြေသီးသန့်ဖြစ်သွားပါတယ်။
မန်းလေးမြို့မှာ အရင်က ရေကူးကန်ဆိုတာဆိုတာ့ အဆင့်မှီတာဆိုလို့ ထွန်းလှရေကူးကန်ရှိမယ် ဒါပေမယ့်သူကရေသေ ရေအပြီးသွင်းထားတာ အဝင်အထွက်မရှိဘူး။
နန်းတွင်းရေကူးကန်ကတော့ရေအဝင်အထွက်ရှိတော့ သန့်ရှင်းတယ်။
ကျနော်တို့ကျောင်းသားဘဝက အခုခေတ်ကလေးများလောက်သင်ယူစရာမရှိပါဘူူး။
နွေရာသီကျောင်းပိတ်ရင်ရောက်ရင် ထွန်းလှကန် ဒါမှမဟုတ် နန်းတွင်ရေးကူးကန်မှာရေကူးသင်မလား။
ထွန်းလှကန်ဆိုတာ မန်းလေးမြို့မှာရှေးကခေတ်အမှီဆုံးလို့ပြောနိုင်တဲ့ အဆင့်မီဟိုတယ်ရှေ့မှာ ရှိတဲ့ရေကူးကန်ပါ။
ရေးကူးသင်တယ်ဆိုမှတော့ယောက်ျားလေးရောမိန်းကလေးရော သင်တာကိုး။
ရေကူးသင်တယ်ဆိုရင် ယောက်ျားလေးက ဘောင်းဘီတို မိန်းကလေးကရေကူးဝတ်စုံနဲ့သင်ရတယ်ဆိုတော့ လူစည်တာပေါ့ဗျာ။
အပွင့်လင်းဆုံးပြောရရင်တော့ ကူးချင်တာရော ဘူးချင်တာရော နှစ်ခုစလုံးအတွက် ရေကူး သွားသင်ကြတယ်ဆိုရင်လဲမမှားပါဘူး။
ခုခေတ်ကလေးများကိုသာဒီအကြောင်းပြောရင် အဟားခံရမှာသေချာပေါက်ပါဘဲ။
အခုခေတ်မိန်းကလေးများက ရေကူးဝတ်စုံသာသာလောက်နဲ့ကို မြို့ထဲမှာလမ်းလယ်ကောင်မှာသွားလာနေကြတာကိုးဗျ။
ရေကူးမသင်ချင်ဘူးလား ရတယ် 24လမ်း 83-84ကြားမှာရှိတဲ့ “အဆားဟိ”ကရာတေးကလပ်ကိုသွားပြီး ကိုယ်ခံပညာသွားသင်၊
အဲဒီကလပ်ထဲမှာ အဖြူရောင် ကီကိုဝတ်လို့ “ယိစ် ယိစ် ယိစ်”လို့အော်ရတာလဲ အရသာရှိပါတယ်။
အဲဒီက လူများလို့ မသွားချင်ရင် အခုနာမယ်ကျော်မြန်မာ့လက်ဝှေ့သမားလေး ဝါးရင်းတုတ်ဖိုးကေရဲ့အဖေ ကင်ပိုအောင်မြင့်ဆီမှာလဲ သင်တန်းတက်လို့ရပါတယ်။
ကျနော်တို့အုပ်စုကတော့ခြေဗွေပါလို့လျှောက်လယ်တဲ့အုပ်စုပါ။
နန်းတွင်းအရှေ့ပေါက်ကနေဝင်လိုက်လို့ နန်းတော်ထဲရောက်ပြီဆိုတာနဲ့ဘယ်နေရာကြည့်ကြည့် လက်ညှုးိထိုးမလွဲရှိနေတဲ့မန်ကျည်းပင်များပါဘဲ။
ဟိုးရှေးရှေးကတည်းက စနစ်တကျစိုက်ခဲ့တယ်လို့ထင်ပါတယ်။
စီတန်းလို့ပေါက်နေတဲ့ အင်မတန်မှကိုအေးချမ်းတဲ့ အရိပ်ကိုပေးတဲ့သက်ရင့်ပင်ကြီးတွေဖြစ်ပါတယ်။
မန်းလေးမြို့မှာ မန်ကျည်းပင်အများဆုံးရှိတဲ့နေရာကိုပြပါဆိုရင် နန်းတွင်းကို ပြရမှာပါဘဲ။
နန်းတွင်းတစ်ခုလုံးရဲ့သစ်ပင် ရှစ်ဆယ်ရာခိုင်းနုန်းလောက်က မန်ကျည်းပင်ဖြစ်မယ်လို့ထင်ပါတယ်။
အရှေ့ပေါက်ကနေတည့်တည့် အနောက်ဘက်ကို လျှောက်လာမယ်ဆိုရင် ကြီးမားတဲ့အုတ်ရိုးအဝင်ဝကြီးကိုတွေ့ရပါမယ်။
အုတ်ရိုးကိုကျော်လိုက်တာနဲ့ မြောက်ဘက်ခြမ်းမှာတော့ ကျောက်စာတွေကိုထည့်ပြီးသော့ခတ်ထားတဲ့ကျောက်စာတိုက်နဲ့ သူနဲ့မျက်နှာခြင်းဆိုင်တောင်ဘက်ခြမ်းမှာတော့ လှပထူးခြားတဲ့ လက်ရာနဲ့ အတော်လေးမြင့်မြင့် တည်ထားပြီးလှေခါးထစ်အတော်များများကိုတက်ပြီးမှ ဖူးတွေ့ရမယ့် “စွယ်တော်စင်” ဘုရားကိုဖူးရပါမယ်။
စွယ်တော်စင်ဘုရားကနေဆက်သွားရင် မြောက်ဘက်ခြမ်းမှာတော့ မင်းတုန်းမင်းတရားကြီးရဲ့အုတ်ဂူကို ဇီးသီးပင်တွေကြားမှာ တွေ့ရမှာဖြစ်ပါတယ်။
တည့်တည့်သွားလိုက်တာနဲ့ နန်းတော်အုတ်ခုံလှေကားထစ်ရှေ့မှာဘီးတပ်ထားတဲ့ အမြောက်မဲမဲကြီးနှစ်လက်ကိုတွေ့ရမှာဖြစ်ပါတယ်။
ကျနော်တို့ကတော့ ဒီအမြောက်ပျက်ကြီးပေါ်တက်ခွပြီး ကစားစရာလို အပျော်သဘောနဲ့ ဆော့လိုဆော့ ခဲ့မိကြပေမယ့် ရှေးကမြန်မာကြီးများခင်ဗျာမှာတော့ ဒီအမြောက်ကလေးတွေကိုပိုင်ဆိုင်နိုင်အောင် ဘယ်လောက် အပတ်တကုတ်ကြိုးစားခဲ့ရရှာမယ် သင်ယူခဲ့ကြရရှာမယ်ဆိုတာကိုတော့ နည်းနည်းအသက်ကလေးရလာမှာ
နောင်တများစွာနဲ့ဆင်ခြင်မိပါတယ်။
ကျနော်တို့ငယ်ငယ်က အရှေ့ဘက်ခြမ်းက(အရှေ့ပန်းခုံတော်ဖြစ်တဲ့) နန်းတော်ရာဆိုတာ ဘေးအကာအုတ်ရိုးတွေသာရှိခဲ့တဲ့ မြက်ခင်းပြင်ကြီးပါ။
အဲဒီကနေ လှေခါးထစ် လေးငါးခြောက်ထစ်သာရှိတဲ့အနောက်ဘက်လှေခါးကဆင်းလိုက်ရင် အရင်က ပန်းခြံလို့ ထင်ရတဲ့ မြေကွက်လပ်ကိုရောက်သွားပါတယ်။
အခုတော့ဖြတ်လမ်းလေးပေါ့။
သူ့အနောက်ဘက်မှာတော့ အရှေ့ဘက် နန်းတော်ရာထက်ပိုကျယ်ပြန့်တဲ့ အနောက်ဘက်နန်းတော်ရာကိုရောက်သွားပါတယ်။
ဒီအပေါ်မှာတော့ တစ်ဝက်တစ်ပျက်ကျန်နေတဲ့အုတ်နံရံတစ်ခုကို တောင်ဘက်ခြမ်းမှာတွေ့နိုင်ပါသေးတယ်။
ဒီနန်းတော်ရာတစ်ခုလုံးကလဲ မြင်ခင်းပြင်ကြီးပါဘဲ။
ဒီနန်းတော်ကြီးရဲ့ပုံစံငယ်ကို ပနးချီကားအဖြစ်နဲ့မြင်ဘူးပါတယ်။
နောက်ပုံစံငယ်လေးဆောက်ထားတာကိုလည်း နန်းတော်ရဲ့အနောက်ဘက်က ပြတိုက်လေးထဲမှာလဲတွေ့ဘူးပါတယ်။
တစ်ခုသောညနေစောင်းမှာ ကျနော်တစ်ယောက်တည်းဒီနန်းတော်ရာပေါ်ကမြက်ခင်းပေါ်မှာလှဲအိပ်လို့ ပြာလွင်နေတဲ့ကောင်းကင်မှာလွင့်နေတဲ့တိမ်တွေလို စိတ်ကိုလွှင့်ကြည့်ခဲ့ဘူးပါတယ်။
တကယ်လို့များ ပဒေသရာဇ်စံနစ်သာ ဆက်လက်တည်ရှိနေသေးရင် ငါလိုသာမန်လူတစ်ယောက်အဘို့ ဒီမြင့်မြတ်တဲ့သီးသန့်နန်းတော်ဆိုတဲ့အပေါ်မှာဒီလိုအိပ်ခွင့်ဘယ်ရနိုင်ပါမလဲလို့ ခပ်ရူးရူးလေးတွေးမိပါတယ်။ဒါပေမယ့် ခဏလေးနေတော့ ရင်ထဲမှာဆို့နင့်ပြီးဘာကိုလွမ်းမှန်းမသိ လွမ်းခဲ့ဘူူးပါတယ်။
ရှေးကဘုရင်တွေကိုလွမ်းတာလား သူများလက်ကိုအလွယ်တကူရောက်ပြီးကျွန်ဖြစ်ခဲ့ရတာကိုတွေးမိလို့ဝမ်းနည်းလားတာလား ။
ဒီလိုကြီးကြယ်တဲ့အခန်းခန်းအဆောင်ဆောင်တွေနဲ့နေနိုင်ခဲ့တဲ့ လူတွေကိုလွမ်းတာလား ဘာကိုလွမ်းမှန်းမသိဘဲလွမ်းဘူးပါတယ်။
ငါတို့မြန်မာဆိုတဲ့ ဇာတိစိတ်ကိုလွမ်းတာလား ခွဲမသိခဲ့ပေမယ့် ရင်ထဲကိုထူးဆန်းသောခံစားမူ့ရောက်လာခဲ့ဘူးပါတယ်။
(စကားမစပ်ပြောရအုံးမယ်ဆိုရင် ကျနော့်တစ်သက်မှာ ဇာတိမန်းလေးကို ခွဲလို့ ခြောက်လလောက်နေဘူးပါတယ်။
တစ်ခါတစ်လေစိတ်ထဲမှာ မြို့ရိုးနီညိုညိုရဲ့နောက်မှာရှိတတ်တဲ့ ထန်းပင်မြင့်မြင်ကြီးတွေ ကျုံးဘေးမှာရှိနေတဲ့ ထနောင်းပင်တွေ ကျုံးထဲကရေမှော်ပင်တွေတဲ့ကြာပင်တွေကို မကြာခဏသတိရလွမ်းဆွတ်ဘူးတာကတော့ တကယ်ပါ။)
ဒီနန်းတော်ရာကနေ မြောက်ဘက်လှေခါးကဆင်းလိုက်ရင် “ဘုတ်တလုပ်ခေါ်ကန်တော်တွင်း ဝယ် နုနုပြုံးပြုံးသနားစဘွယ် စုစုရုံးရုံးလားကွယ်တူတူပုန်းတမ်းကစားကြပါသတဲ့ကွယ်”လို့ရော့ကာကြီးဇော်ဝင်းထွဋ်ရဲ့မေမေထား က ဂရုဏာသံလေးနဲ့သီဆိုခဲ့ဘူးတဲ့ ဘုတ်တလုကန်ကိုမြင်ရမှာဖြစ်ပါတယ်။
ဘုတ်တလုပ်ကန်ဆိုတဲ့ ပေနှစ်ရာလောက်ကျယ်တဲ့ရေသေကန်ကြီးက လမ်းဘေးမှာရှိပါတယ်။
ဒီကန်ကြီးကနေတစ်ဆင့်အုတ်ရေမြောင်းလေးတွေ အသွယ်သွယ်ရှိပါတယ်။
ဒီမြောင်းလေးတွေက အုတ်တွေကျောက်တွေနဲ့ တကယ်ကျောက်ဆောင်လေးလိုဖြစ်အောင် တည်ဆောက်ထားတဲ့ကျောက်တောင်အတုလေးရှိပါတယ်။
ဒီကျောက်တောင်လေးက ဘုရင့်သားတော် သမီးတော်တွေ တူတူပုန်းတမ်းကစားလို့ရအောင် ဆောက်တည်ထားတာလို့လဲကြားရပါသတဲ့။
အင်မတန်လှပတဲ့နေရာလေးတစ်ခုပါ။
ခေတ်နဲ့ရှေးဟောင်းကို ဆက်စပ်ပေးထားတာက ကျောက်ဆောင်အမြင့်ပေါ်မှာတည်ရှိနေတဲ့လေယာဉ်ပျံအပျက်ကြီးပါ။
စက်အင်္ဂျင်မရှိတော့တဲ့လေယာဉ်ပျံအခွံကြီးပါ။
အောက်ခြေမှာဘီးလုံးတွေက လေမရှိတော့ပေမယ့်မြေပေါ်မှာမတ်မတ်ရပ်နေနိုင်ပါသေးတယ်။
ငယ်တုံးကတော့ဒီလေယာဉ်ပျံပေါ်ခွတက် လေယာဉ်မောင်းသလို တဝူးဝူးအော်ဆော့ရတာပျော်စရာကြီးပါ။
ဒီကျောက်တောင်လေးက နည်းနည်းလေးလဲမြင့်ပြီး ဧရိယာတော်တော်လေးလဲကျယ်တဲ့ နေရာမှာကျောက်တောင်လေးတွေနဲ့လှပသောအေးချမ်းသောနေရာလေးပါ။
ကျနော်တို့တွေလဲ တူပုန်းတမ်းကစားဘူးသလို မမြင်ကွယ်ရာအရပ်ဖြစ်တဲ့အတွက်သမီးရီးစားစုံတွဲလေးတွေလဲ ချစ်ခန်းဖွင့်လို့နေရာလေးတစ်ခုပါ။
တိုက်ဆိုင်လို့များ ” ထိုအချိန်ဝယ် လတပေါင်းမို့ ညာညောင်းရွက်ကြွေ ဟောင်းရွက်ကြွေသံ ပဉ္စသိင်မောင် စောင်းနတ်ညဥ်းသလို” ဆိုတဲ့ဘုတ်တလုပ်ကန်သီချင်းထဲကစာသားလေးတွေကို ရင်ထဲရောက်လာရင် အရမ်းကိုလွမ်းမိပါတယ်။
ဒီဘုတ်တလုပ်ကန်ဘေးမှာ အရပ်ပုံပြင်လေးတပုဒ်ရှိခဲ့ဘူးပါတယ်။
တစ်ခါက မန်းလေးမြီု့မှာ ဆံပင်တွေလူတစ်ရပ်လောက်နီးပါးရှည်တဲ့ မေပုလဲဆိုတဲ့အငြိမ့်မင်းသမီးလေး တစ်ယောက်ရှိခဲ့ဘူးပါသတဲ့။
တစ်ရက် သူက ခေါင်းလျှော်ထားလို့ မခြောက်သေးတဲ့ဆံပင်တွေကို ဖားလျားချလို့ ဆိုင်ကယ်နောက်ကထိုင်လိုက်လာပါသတဲ့။
ဆိုင်ကယ်က ဘုတ်တလုတ်ကန်နားက လမ်းစောင်းလေးအကွေ့မှာဆိုင်ကယ်စောင်းသွားတဲ့အခါမှာ သူ့ဆံပင်တွေက ဆိုင်ကယ်ဘီးထဲကိုညပ်ပါသွားပြီး ကွယ်လွန်ခဲ့ပါသတဲ့။
ဒီအချိန်ကစလို့ ညနေဝင်ရီတရော လူပြတ်တယ်ဆိုရင်ဆံပင်ဖားလျှားချထားတဲ့ မိန်းမတစ်ယောက်ထွက်လာတတ်တယ်ဆိုတဲ့အရပ်ပုံပြင်လေးပေါ်လာပါတယ်။
အဲဒီအချိန်တုံးက ဘုတ်တလုပ်ကန်ဘေးက နေရာလေးက ညဆိုရင် လူအသွားအလာပြတ်တဲ့နေရာလေးဖြစ်တော့ ဒီပုံပြင်လေးမှန်မမှန်ကိုတော့ ဘယ်သူမှ လက်တွေ့စမ်းမကြည့်ခဲ့တာသေချာပါတယ်။
အနောက်ဘက်နန်းတော်ရာ နားမှာလဲ အရှေ့ဘက်ခြမ်းကထက်ပိုကြီးတဲ့အမြောက်ကြီးနှစ်လက်ကို တွေ့ရပါတယ်။
နန်းတော်ရာကို ပါတ်လို့ တောင်ဘက်ကိုထွက်သွားမယ်ဆိုရင်ကျယ်ပြန့်တဲ့ ဘောလုံးကွင်းကြီးဘေးမှာ မားမားမတ်မတ်ရပ်နေတဲ့ မြန်မာ့လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်ကြီးကို
ဂုဏ်ယူဘွယ်ရာတွေ့ရမှာပါ။
ဟိုအရင်က တပ်မတော်နေ့ဖြစ်တဲ့ မတ်လ(27)ရက်နေ့ရောက်တိုင်းဒီကျောက်တိုင်ကွင်းကြီးထဲမှာ ပျော်ပွဲရွင်ပွဲတွေကို စည်စည်ကားကားကြီးကျင်းပခဲ့ဘူးပါတယ်။
နန်းတွင်းဝင်ပေါက်မှာလူလမ်းလျောက်စရာမလိုဘဲလူအုပ်ကြားညှပ်ပါသွားတာကိုတောင် ကြုံဘူးပါတယ်။
တစ်နှစ် တုံးကပေါ နောင်တစ်ချိန်မှာ အယ်ခွန်းရီလို့ လျှမ်းလျှမ်းတောက်လာမယ့် အဆိုတော် “စန်းစန်း”လို့အမည်ရတဲ့အဆိုတော်လေးက ဒီတပ်မတော်နေ့မှာ ဖျော်ဖြေသွားခဲ့ဘူးပါတယ်။
ဒီတပ်မတော်နေ့က နန်းတွင်းကျောက်တိုင်ကွင်းမှာ နှစ်စဉ်ကျင်းပသလို မြန်မာ့တွေအပျော်ဆုံးနေတဲ့လွတ်လပ်ရေးနေ့ကိုကျင်းပတဲ့နေရာလေးကတော့ ဒီကျောက်တိုင်းကွင်းကနေ တောင်ဘက်ထွက်လိုက်ရင် မင်္ဂလာတံတားကိုရောက်ပါတယ်။
ဒီမင်္ဂလာတံတားကနေထွက်လို့ အနောက်ဖက်ကို ကြည့်လိုက်မယ်ဆိုရင်……………………………………………..

One comment

  • bigcat

    October 1, 2010 at 1:15 am

    ဦးဦးပေါက်ရယ် မန်းလေးကိုလွမ်းနေတာ အခုချိန်ထိ ပေါင်ဖြူဖြူ ရှမ်းတရုတ်မလေးတွေ အကြောင်းမဖတ်ရသေးဘူး။ လုပ်ပါအုံးဗျ၊ သူတိုကမန်းလေးမှာ ၁၉၈၈ မတိုင်ခင်ကထဲက ရှိတယ်မဟုတ်လား။ မရှိလည်း အခုချိန်ဆို ၁၉၉ဝ တဝိုက်က ပေါင်ဖြူဖြူလေးတွေဟာ အိုးဒီးစ်ဖြစ်နေပါပြီ။ လုပ်စမ်းပါအုံး စိတ်လှုပ်ရှားဖွယ် တပုဒ်လောက်။

    အားပေးလျက်။

Leave a Reply