တိုင်းရင်းသားတပ်များ စစ်ရေးပူးပေါင်းရန် ဆွေးနွေး

cobraSeptember 29, 20101min560

စစ်အစိုးရကို တိုက်ခိုက်ဆဲ လက်နက်ကိုင် အဖွဲ့များနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် စစ်ရေး စွမ်းရည် မြှင့်တင်ရန်နှင့် နအဖ စစ်တပ်မှ တိုက်ခိုက်လာပါက အချင်းချင်း ကူညီရန် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲထားသော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ ပါဝင်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ ကျင်းပသော အဆိုပါ အစည်းအဝေးကို တိုင်းရင်းသား လူမျိုးများ ကောင်စီ (ENC) က ဦးဆောင် ကျင်းပ ပေးကြောင်း သိရှိရပြီး ဧရာဝတီက ဆက်သွယ် မေးမြန်းရန် ကြိုးစား သော်လည်း မရခဲ့ချေ။

KNU နဲ့ MNSP တို့ စစ်အစိုးရတပ်က တိုက်လာရင် ပူးပေါင်း ကူညီဖို့ သဘောတူညီချက် ရခဲ့ပါတယ် ဟု အမည် မဖော်လိုသူတဦးက ဧရာဝတီသို့ ပြောသည်။

forward mail မှကူးယူဖော်ပြသည်။

အစည်းအဝေးသို့ MNSP မှ ပါတီဥက္ကဋ္ဌ နိုင်ထောမွန်၊ စစ်ဘက်ဆိုင်ရာခေါင်းဆောင် နိုင်ဇေယျ အပါအဝင် ၄ ဦး တက်ရောက် ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အခြေစိုက် The Nation သတင်းစာနှင့် အင်တာဗျူးတွင် KNPP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ယခုအခါတွင် ၎င်းတို့ အနေဖြင့် စစ်ရေး၊ နိုင်ငံရေး ကိစ္စရပ်များကို အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် အတွင်းတွင်လည်း SSA တာဝန်ရှိသူများနှင့် ၃ ကြိမ်ခန့် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခဲ့ကြောင်း၊ KNU နှင့်လည်း ပူးပေါင်းဖလှယ်ရေး ကော်မတီအဖွဲ့တခု ရှိကြောင်း ဖော်ပြထားသည်။

အတူတကွ ပူးပေါင်းဆောင်ရွက် တိုက်ခိုက်ဖို့ကလွဲပြီး တခြားနည်းလမ်းဘာမှ မရှိဘူးလို့ ကျနော်ထင်တယ်။ အဖွဲ့တွေ အားလုံးမှာ ဘုံရန်သူ တခုပဲရှိတယ်လို့တော့ သိသင့်တယ် ဟုလည်း ၎င်းက ဆက်ပြောသည်။

အလားတူ အစည်းအဝေးတခုကို ပြီးခဲ့သည့် မေလက ချင်းမိုင်တွင် ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးတွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား အတူတကွ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခု အစည်းအဝေးသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့ အစည်းများကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ကူးပြောင်းရေးအတွက် ဖိအားပေးသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

စက်တင်ဘာလ အစောပိုင်းတွင်လည်း KIO ခေါင်းဆောင်များသည် တရုတ်နိုင်ငံဘက်သို့ သွားရောက်ပြီး အကယ်၍ KIO ၏ စစ်ရေးတောင်ပံဖြစ်သော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် နအဖတပ်တို့ တိုက်ပွဲ ဖြစ်ပွားပါက တရုတ်အနေဖြင့် ကချင်ဒုက္ခသည်များကို လက်ခံပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း KIO နှင့် နီးစပ်သူများထံမှ သိရသည်။

KIO ထိန်းချုပ် နယ်မြေများတွင် နေထိုင်သော မိသားစုဝင်များကိုလည်း တိုက်ပွဲများ ဖြစ်ပွားလာပါက KIO စစ်သားများကို ကူညီရန် စည်းရုံးမှုများ ပြုလုပ်ထားကြောင်း၊ မြန်မာစစ်သားများကိုလည်း KIO ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်ခြင်း မပြုရန် သတိပေးထားကြောင်း၊ ဒေသခံလူထုကိုလည်း ၎င်းတို့အိမ်သို့ မြန်မာ မိတ်ဆွေ သူငယ်ချင်းများ အလည်အပတ် ခေါ်ဆောင်ခြင်းကို တားမြစ်ထားကြောင်း သိရှိရသည်။

ပြီးခဲ့သော တပတ်ကလည်း KIO ထိန်းချုပ်ထားသည့် ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာဌာနချုပ် နယ်မြေအတွင်းသို့ ပျံသန်း ဝင်ရောက်လာသော နအဖ အစိုးရ၏ ရဟတ်ယာဉ်တစင်းကို KIO တပ်ဖွဲ့ဝင်များက သတိပေးပစ်ခတ်ခဲ့သည်။

မြန်မာ စစ်အစိုးရသည် ၂၀၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တချို့ကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကူး ပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ KIO အပါအဝင် SSA-N နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့များက လက်မခံသဖြင့် စစ်ရေးအရ တင်းမာနေကြောင်း သိရသည်။။