လောကဓံ (၈) ပါး

Good IdeaSeptember 29, 20101min1394
ညီလေးရေ…

လောကကြီးမှာ မွေးကတည်းက သေတဲ့အထိ ကြုံတွေ့နေရတဲ့အရာ အများကြီး ရှိတယ်။

အဲဒီထဲမှာ လောကဓံ ပါနေတယ်။ လူတိုင်းဟာ လောကဓံနဲ့ အချိန်တိုင်း ရင်ဆိုင်နေတယ်။
အဲ့လို ရင်ဆိုင်နေရချိန်မှာ ခံနိုင်ရည် ရှိဖို့လိုတယ် ညီလေး။

လောကဓံကို ရင်မဆိုင်နိုင်လို့ ကိုယ့်ကိုယ်ကို သတ်သေပြီး အရှုံးပေးသွားသူတွေ အများကြီး ရှိတယ်။ သူတို့ထင်တာက သေရင် ဒီဒုက္ခတွေ အေးပြီ၊ လွတ်မြောက်ပြီ ထင်တာကိုး။ တကယ်တော့လည်း မလွတ်မြောက်ပါဘူး။ အဲဒီလိုပုံစံမျိုးနဲ့ သေခြင်းနောက်ကွယ်မှာလည်း အခက်အခဲ၊ ပြဿနာတွေ အများကြီး ရှိနေမှာပါ။ အစ်ကိုလည်း မသေဘူးတော့ မသိဘူး။ ဒါပေမယ့် လောကဓံကို အရှုံးပေးသွားသူတွေထဲမှာ  ငါ့ညီမပါစေနဲ့။

လောကဓံဆိုတာကို အလွယ်ဆုံး မှတ်သားချင်ရင် လောကရဲ့ ရိုက်ခတ်ခြင်းလို့ မှတ်ယူနိုင်တယ်။ လောကဓံ (၈) ပါး ရှိတယ်။ ဘာတွေလဲဆိုတော့

၁။ လာဘ်ရခြင်း၊

ငွေဝင်ခြင်း၊ အလုပ်ရှိခြင်းကို ဆိုလိုတာ။ ငွေဝင်ရင် ပျော်တယ်။ စိတ်ချမ်းသာတယ်။ အခက်အခဲတွေ ပြေလည်တယ်။ ကြိုက်တာ လုပ်လို့ရတယ်။ အဲဒါလည်း လောကဓံတရား တပါးပဲ ညီလေး။ လောကရဲ့ ရိုက်ခတ်ခြင်းတခုပေါ့။ အဲဒါကို ကိုယ်က မသိတော့ ငွေဝင်တဲ့အခါ ပျော်နေရော၊ ဝမ်းသာပီတိ ဖြစ်နေရော။ မာန်တွေ တက်နေရော။

အဲဒါ လောကဓံတရား တပါးဖြစ်တဲ့ လာဘ်ရခြင်းရဲ့ ဒဏ်ကို မခံနိုင်တာပါပဲ။ ငွေဝင်လည်း အေးဆေးနေပါ။ ပုံမှန်ပဲနေ။ ကိုယ်အလုပ်လုပ်လို့ ရတာကိုး။ မလုပ်ရင်မရဘူးလေ။ ဒါဟာ လောကဓံတရား တခုလို့ နားလည်ထားပြီး လုပ်စရာရှိတာ ဆက်လုပ်ပါ။

၂။ လာဘ်မရခြင်း

ငွေတွေဝင် ဥစ္စာပစ္စည်းတွေ ဝင်တုန်းက အရမ်းပျော်ထားသူက ငွေမဝင်တော့ဘူး၊ အလုပ်မရှိတော့ဘူးဆိုတဲ့အခါကျတော့
သွားပြီ။ အကြီးအကျယ် စိတ်ဓာတ်ပျက်ပြီ။ သူက လာဘ်ရတဲ့ ဒဏ်ကို မခံနိုင်သလို၊ လာဘ်မရတဲ့ ဒဏ်ကိုလည်း မခံနိုင်တော့ဘူးလေ။

ဒါကြောင့် လာဘ်မရ၊ ငွေမဝင်၊ အလုပ်မရှိတဲ့အခါမှာ စိတ်ဓာတ်ကျစရာမလိုဘူး။ စိတ်ပျက်စရာ မလိုဘူး။ ပုံမှန်ပဲနေပါ။ ဒါဟာ လောကဓံတရားတခု လောကရဲ့ ရိုက်ပုတ်ခြင်းတခုလို့ သဘောထားပြီး နောက်ထပ်လုပ်မယ့် အလုပ်တခုအတွက် အသင့်ဖြစ်အောင် ကိုယ့်ကိုယ်ကို ပြင်ဆင်ထားလိုက်ပါ။ အားအင်တွေ သတ္တိတွေမွေးလိုက်ပါ။

၃။ အချွေအရံ ပေါများခြင်း။

လူဟာ ပိုက်ဆံရှိတဲ့အချိန် အပေါင်း အသင်းတွေ အများကြီး ဝိုင်းနေတတ်တယ်။ ခင်ချင်တဲ့လူတွေ များနေတတ်တယ်။ ဆွေမျိုးတော်သူတွေ များနေတယ်။ ချစ်သူတွေတောင် များနေတတ်ပါတယ်။ အစ်ကို့ အမေ ပြောဖူးတယ်။ “အချွေအရံဆိုတာ ချွေမှ ရံတာ”တဲ့။ ဒါကြောင့် အပေါင်းအသင်းတွေ အများကြီးရှိနေချိန်မှာ  အဲဒီအပေါ် ဂုဏ်မယူပါနဲ့။ မဝါကြွားပါနဲ့။ မာန်မတက်ပါနဲ့။ မယစ်မူးပါနဲ့။ လုပ်စရာရှိတာ ဆက်လုပ်နေပါ။ ဒါတွေက လောကဓံတရားတခုပါ။

၄။ အချွေအရံ နည်းပါးခြင်း။

အလုပ်မရှိ၊ ငွေမဝင်တော့ အပေါင်းအသင်း၊ ဆွေမျိုး၊ ချစ်သူ ဒါတွေက ကိုယ်ကို မခင်တွယ်လိုတတ်ကြဘူး။ အပေါင်း အသင်း မလုပ်လိုကြတော့ဘူး။ ကိုယ်နဲ့ ခင်ရတာပဲ သူတို့ အတွက် ဂုဏ်ငယ်သလို ဖြစ်လာကြပြီ။ အနားမှာ တယောက်မှ မရှိတော့ဘူးဆိုရင်လည်း ဝမ်းမနည်းပါနဲ့။ စိတ်ဓာတ်မကျပါနဲ့။ အားမငယ်ပါနဲ့။  ပုံမှန်ပဲနေပါ။ ဒါဟာလည်း လောကဓံတရားပါပဲ။ ကိုယ့်ကို ဖယ်ကျဉ်တဲ့လူတွေကို ခံပြင်းပြီး အရင်ထက် ပိုကြိုးစားနေလိုက်ပါ။ ဒါပေမယ့် သူတို့ကို ဒုက္ခပေးမယ်။ လက်တုန့်ပြန်မယ်ဆိုတဲ့ မကောင်းတဲ့ ရည်ရွယ်ချက်မျိုးနဲ့တော့ မလုပ်ပါနဲ့။ ခင်ဗျားတို့ မပေါင်းချင်၊ မခေါ်ချင် မပြောချင်တဲ့လူက တနေ့ ခင်ဗျားတို့ထက် သာစေရမယ် အဲဒီစိတ်လောက်ပဲထား။ ဒီလောက်ဆို ရပြီ။

၅။ ချမ်းသာခြင်း

ချမ်းသာခြင်း ဆိုတဲ့နေရာမှာ နှစ်မျိုးရှိပါတယ်။ စည်းစိမ်ဥစ္စာ၊ ငွေကြေး၊ ဂုဏ်ဒြပ် ချမ်းသာခြင်းရယ်၊ ခန္ဓာကိုယ် ကျန်းမာရေး ကောင်းမွန်နေတဲ့ ချမ်းသာခြင်းရယ်ပါ။

အဲဒီ ချမ်းသာခြင်းတွေ ကိုယ်ပိုင်ဆိုင်နေချိန်မှာလည်း ဝါကြွားစရာ၊ မာန်တက်စရာ၊ မာနထောင်လွှားစရာ မလိုပါဘူး။  ဒါတွေဟာ လောကဓံတရား တခုပဲလေ။ ခံနိုင်ရည် ရှိရမှာပေါ့။ ပုံမှန်ပဲနေပါ။ ကိုယ်ပစ္စည်း ဥစ္စာတွေနဲ့ နိမ့်ပါးသူတွေကို ကူညီပါ။ အများအကျိုး ထမ်းဆောင်နေပါ။

၆။ ဆင်းရဲခြင်း

ကျန်းမာရေးလည်း မကောင်း၊ စည်းစိမ်ဥစ္စာက မရှိ။ စီးပွားရေးကျ။ ဆင်းရဲမွဲတေ။ ဒါတွေကြုံလာတော့လည်း လူတွေ မခံနိုင်ကြပါဘူး။ ညည်းညူကြ။ စိတ်ဓာတ်တွေ ကျကြ။ အဲ့လိုတွေ ဖြစ်ကုန်တာပါပဲ။ ဒါကြောင့် ချမ်းသာနေချိန်မှာ သတိထား။ ဆင်းရဲချိန်မှာလည်း ခံနိုင်ရည် ရှိနေပါစေ။  ဒါဟာ လောကမှာ ဖြစ်လေ့ရှိတဲ့ လောကဓံတရားတခုပဲလို့ နှလုံးသွင်းလိုက်ပါ။ လုပ်စရာရှိတာ ဆက်လုပ်နေပါ။

၇။ ချီးမွမ်းခြင်း

အောင်မြင်ချိန်မှာ လူတွေ ချီးမွမ်းကြလိမ့်မယ်။ မတုန်လှုပ်နဲ့။ မမြောက်နဲ့။ အဲဒီ ချီးမွမ်းခြင်း အပေါ်မှာ မယစ်မူးနဲ့။ မသာယာနဲ့။ ပုံမှန်ပဲနေ။

၈။ ကဲ့ရဲ့ခြင်း

ကဲ့ရဲ့တဲ့အခါမှာလည်း ဂရုမစိုက်ပါနဲ့။ ကဲ့ရဲ့ တာနဲ့ ဝေဖန်တာ မတူဘူးနော်။ ဝေဖန်တယ်ဆိုတာ အကျိုးသင့် အကြောင်းသင့်နဲ့ ကိုယ့်ရဲ့မှားယွင်းနေမှုကို ထောက်ပြတာ။ အလေးထားရမယ်။ ဝေဖန်တာကို ကျေးဇူးတင်ရမယ်။

ဘာကြောင့်ဝေဖန်သလဲ စဉ်းစားပြီးတော့ ပြင်သင့်တာတွေကို ပြင်လိုက်ရင် ကိုယ်က ပိုတိုးတက်သွားတယ်။ အကျိုးရှိသွားတယ်။

ကဲ့ရဲ့တာကျတော့ နှိမ့်ချတဲ့သဘော သက်ရောက်သွားပြီ။ ဒီကောင်လေးက စာညံ့လိုက်တာလည်း ချာနေတာပဲ။ ရုပ်ကလည်း ဆိုးပါ့။ အပျင်းလည်း ထူသေး။ စသဖြင့် ကိုယ့်ကို မဟုတ်တာတွေ ပြောပြီး ကဲ့ရဲ့လာရင်လည်း အဲဒီအပေါ် ဒေါသမဖြစ်နဲ့။ ဝမ်းမနည်း အားမငယ်နဲ့။ လုပ်စရာရှိတာကို တစိုက်မတ်မတ် လုပ်သွားလိုက်ပေါ့။ ဒါဆိုရင် ပြီးတာပဲ။ ပုံမှန်ပဲနေလိုက်။

ဥပမာ ပြောရရင် ကိုယ်က ဝါသနာပါလို့ မိဘမဲ့ဂေဟာလေး ဖွင့်တယ်။ ကလေးတွေကို စောင့်ရှောက်တယ်။ ဒါကို မနာလိုသူတွေက ဒီကောင် ကလေးတွေကို ဘန်းပြပြီး လုပ်စားနေတာပါကွာ။ တကယ်စေတနာပါလို့ မဟုတ်ပါဘူး။ ဘာညာ ပြောကြမယ်။ အဲဒါကို ကိုယ်က အလေးထားပြီး ဒီအလုပ်ကို စွန့်လွှတ်လိုက်ရင် ကိုယ်မှားသွားမပေါ့။ ကလေးတွေလည်း နစ်နာကုန်မှာပေါ့။ ဒါမျိုးကို ဂရုမစိုက်ပဲ ဇွဲရှိရှိနဲ့ ရှေ့ဆက် လုပ်ရမယ်။ လုပ်သင့်တယ်။

တချို့ကျတော့ မယားငယ်၊ လင်ငယ်ထားတယ်။ သူများလင်တွေ မယားတွေ ခိုးတယ်။ ဒါကို ပတ်ဝန်းကျင်က ကဲ့ရဲ့လည်း ဂရုစိုက်စရာ မလိုပါဘူး ဘာညာ ပြောကြတယ်။ ဒါကျတော့ တလွဲဆံပင်ကောင်း ဖြစ်နေတယ်။ ကိုယ်လုပ်တာ မှားနေလို့ ကိုယ့်ကို ကဲ့ရဲ့တာဆိုရင် ဂရုစိုက်ရမယ်။ ပြင်ရမယ်။

သေချာမှတ်ထားဖို့က လောကဓံက အမျိုးမျိုး ပြောင်းလဲရိုက်ခတ်နေတယ်။ တခုတည်း အကြာကြီး မဖြစ်ဘူး။ လှိုင်းလုံးတွေလိုပဲ တလုံးပြီးတလုံး လာနေတာ။ အဲဒီလောကဓံ လှိုင်းလုံးကြားထဲမှာ ကိုယ်က မယိုင်မလဲနဲ့ ဒါဟာ လောကဓံတရားပါလားလို့ နှလုံးသွင်းပြီးတော့ လုပ်သင့်တာကို လုပ်ပြီး ရှေ့ကို ခရီးဆက်နေဖို့ပါပဲ။

စောစံဆိုတဲ့ ဘလော့တခုမှာ လောကဓံနဲ့ ပတ်သက်ပြီး ရေးထားတာလေးတွေ့လို့ ငါ့ညီကို ဝေမျှလိုက်ပါတယ်။
ကျွန်တော်တွေ့မိသလောက်တော့ လူတော်တော်များများက လောကဓံဆိုရင် အဆိုးကြီးပဲလို ထင်ထားကြတယ်ထင်တယ်။ တကယ့်တော့ လောကဓံ (၈)ပါးက ဆန့်ကျင်ဘက် (၄)ခုစီ ပေါင်းထားတာဗျ။
ကျွန်တော်ကိုယ့်ကိုကိုယ် ဆုံးမဖို့ အတွက်ရေးထားတဲ့အတိုင်းလေးပဲ ရေးပေးလိုက်မယ်နော်…

> တည်ငြိမ်ရင့်ကျက်ပြီး လောကဓံကို ခံနိုင်ရည်ရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင်….
၁။ ပစ္စည်းဥစ္စာတွေ ရရှိနေလည်း ————- မာန်မတတ်သင့်ဘူး။
၂။ ပစ္စည်းဥစ္စာတွေ မရရင်လည်း ————- စိတ်မဆင်းရဲသင့်ဘူး။

၃။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ ရှိနေလည်း ———— သိပ်ပျော်စရာလို့ မမြင်သင့်ဘူး။
၄။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ မရှိလည်း ———– ခပ်အေးအေးပဲနေတက်ရမယ်။

၅။ ချီးမွမ်းခံရလို့လည်း ———— ဝမ်းမြောက်ဝမ်းသာမဖြစ်သင့်ဘူး။
၆။ ကဲ့ရဲ့ ခံရလို့လည်း ————– ဒေါသမဖြစ်သင့်ဘူး။

၇။ ဆင်းရဲခြင်းကြုံတွေ့ရလည်း ————- ကြံကြံခံနိုင်ရမယ်။
၈။ ချမ်းသာခြင်းကို ကြုံတွေ့ရလည်း ———— ထောင်လွှားမာန်တက်ခြင်းမဖြစ်သင့်ဘူး။

လူ့သဘာဝကတော့ ပျော်စရာရှိရင်ပျော်လိုက်တယ်၊ ဝမ်းနည်းစရာရှိရင် ဝမ်းနည်းနေမယ်။ ဒါပါပဲ။ ဒါပေမယ့် ဘာကိုမှ လွန်လွန်ကြူးကြူးမဖြစ်ဖို့နဲ့၊ ပျော်စရာ၊ ဝမ်းနည်းစရာတွေကြုံတွေ့လာရတဲ့အခါ၊ ပျော်ရွှင်မှုတွေနဲ့ ကိုယ်လိုချင်တာတွေဖြစ်နေတုန်းမှာလည်း ဒါတွေဟာ လောကဓံလို သတိလေးထားပြီး သိပေးလိုက်ရင်…….
စိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ ကိုယ်ဖြစ်ချင်တာတွေမဖြစ်လာတဲ့အခါ ခံစားရတာ နည်းနည်းသက်သာတာပေါ့ဗျာ….

Good Idea

4 comments

  • kyansitthar101

    September 29, 2010 at 4:55 pm

    ဒီစာလေးဖတ်လိုက်တော့မှ သတိထားမိသွားတယ်။
    စိတ်ညစ်စရာတွေ ကြုံလာမှ လောကဓံမဟုတ်ဘူး။ …
    လောကဓံဆိုတာ နေ့စဉ်ကြုံတွေ့ နေရတာတွေပါလား။

  • winkyawaung

    September 30, 2010 at 4:05 am

    ဟယ် လောကဓံရယ်…ဖြစ်ပြန်၊ ပျက်ပြန် လောကဓံပါ ဆိုပေမဲ့ ကိုယ်ပိုင်ကြုံတွေ့ရပြီဆိုရင်တော့..သုခနဲ့တွေ့ရင် မေ့မူးနေကြတယ်..။ ဒုက္ခနဲ့တွေ့ပြီဆိုတော့ သိသိသာသာကို လူးသွားကြရပါတယ်..။

  • ghost

    September 30, 2010 at 5:30 am

    ဘယ်သူလဲတော့ မသိဘူး ခုလိုရေးတင်တာ ကျေးဇူးတင်ပါတယ် အားလုံးသိရတာပေါ့ လောကဓံ အကြောင်း
    ဖုဋ္ဌဿ လောကဓမ္မဟိ၊ စိတ္တံယ ဿနကမ္မတိ။ မင်္ဂလာသုတ် ထဲကစာပါ
    လောကဓံ နဲတွေ့ရသူတိုင် မတုန်လှုပ်ဘဲနေ ထိုင်ရင် မင်္ဂလာပါဘဲ

  • Gong Zhu

    October 13, 2010 at 4:25 pm

    နေပူထဲသွားနေရတဲ့အချိန်က စိတ်အဆင်းရဲဆုံးပဲ … ဘယ်လိုမှကို ကြံ့ကြံ့မခံနိုင်ဘူး အဲ့ဒါ လောကဓံလား … နေပူထဲမှာ အလုပ်လုပ်နေတဲ့သူတွေကို အရမ်း ဆိုမှ အရမ်းကို သနားမိတယ် …

Leave a Reply