ဘောင်ခတ်ခြင်း Box

ဘောင်ခတ်တွေး

ဘောင်ခတ်တွေး
ပညာရှိတွေ က ဖေါက်ထွက် တွေးကြ လို့ လူတွေ ကို သမားရိုးကျ စဉ်းစား တွေးခေါ်မှု ကနေ သွေဖီ ခိုင်း ပါတယ်။ ဒီလို လုပ်တာ အမြဲ ကောင်းသလားလို့ ပြောတဲ့အတိုင်း ဖေါက်ထွက် တွေးမိတော့ ရေးစရာ ပို့စ်တခု ကို ရလိုက်တဲ့ အတွက် ကောင်းတယ် လို့ ထောက်ခံချက် နဲ့ စပါရစေ။ ဖေါက်ထွက် တွေးတာရဲ့ ဆန့်ကျင်ဖက်က ဘောင်ခတ် တွေးတာ ဖြစ်ပြီး သူ့ကို အမြဲ ဆိုးတယ်လို့ မဆိုနိုင်ကြောင်း ကာကွယ် ပါရစေ။ ဘာလို့လည်း ဆိုတော့လည်း သူတို့ နှစ်ခုစလုံး ရှိမှ ဒီပို့စ်ကို ရေးဖို့ ဖြစ်နိုင်လို့ပါ။ ဘယ်ဟာက ပိုကောင်းလား၊ ပိုဆိုးလား ဆိုတာကတော့ ရေးသူထက် ဖတ်သူကပဲ သိနိုင်ပါလိမ့်မယ်။
လူဆိုတာ အမျိုးမျိုးပါ၊ တော်သူ၊ ရှော်သူ၊ ကောင်းသူ၊ ညံ့သူ၊ ဘုန်းရှိသူ၊ ဘုန်းနည်းသူ အစုံပါပဲ။ သူတို့ရဲ့ အရည်အချင်း တွေကို လိုက်ပြီး စဉ်းစား ပြုမူ နေထိုင်ပုံတွေ ကွဲပါတယ်။ မတူကြ လို့လည်း လူတန်းစား အလွှာ အသီးသီးရယ်လို့ လောကမှာ ခေါ်ဝေါ် သမုတ် ကြတာပေါ့။ အကောင်ကြီးတိုင်း
အချိန်မစီး၊ သက်ကြီးစကား သက်ငယ်ကြား၊ ပညာရှိတို့တွေးကြည့်တာ ပြေးကြည့်တာထက် မှန်တယ်၊ ကံကိုယှဉ်မရ ညဏ်သာယှဉ်လို့ရမယ် စတဲ့ တခုနဲ့တခု ဝိရောဓိဖြစ်တဲ့ ဆိုရိုးတွေ ကြပြန်တော့လည်း အလွှာကွဲတိုင်း သူ့အတန်းနဲ့သူ သတ်မှတ်စံထား သလို တွေးခေါ်ပြုမူလို့ မရလို့ ညွှန်ပြနေပါတယ်။ ပညာမဲ့ပေမယ့် ဘုန်းကံကြီး သူတဦးနဲ့ ပညာရှိပေမယ့် ကံနဲသူ တို့ရဲ့ အတွေးအခေါ်ဟာာ အတူတူပဲ သို့ နီးစပ်တယ် လို့ ဘယ်လိုလုပ် ထင်လို့ရမှာလဲ။ ဖွင့်တိုင်းကောင်းဖို့ မဖြစ်နိုင်သလို ပိတ်တိုင်းလည်း ဆိုးပါ့မလား။ ကိုယ်နဲ့တန်ရာတန်ရာ လုပ်ကြတာသာ အကောင်းဆုံး ဖြစ်နိုင်ပါတယ်။
အရေးကြီးတာ ကတော့ ကိုယ့်ကိုယ်ကို ဘယ်လောက် တန်သလဲဆိုတာ သိဖို့ပါ။ သူများက ဖောက်ဆိုတိုင်းလိုက် မဖောက်မိကြဖို့ပါ။ နို့ဟုတ်ရင် ဖောက်နိုင်ဖို့ထက် ပေါက်သွားဖို့က များပါလိမ့်မယ်။ မိမိရဲ့တန်ဖိုးက သန်းနဲ့ချီ တန်တယ်ဆိုရင် မီလျံနာလို တွေးလို့ရပါတယ်။ မဟုတ်ဘဲနဲ့တော့ တွေးလေမွဲလေ ဖြစ်ဖို့ များပါတယ်။ လူတွေက သီးညည်းခံပြီး မေတ္တာ ပွားပါတယ်လို့ သူတော်ကောင်းတွေကို သံယောင် လိုက်တတ် ကြတယ်၊ တကယ်တမ်းတော့ ရန်သူကို မနိုင်လို့ လက်လျော့ရတာ၊ မေတ္တာများစူးပါစေဆိုတဲ့ စိတ်က များပါလိမ့်မယ်။ ဒီလိုနဲ့ ကြာတော့ တဖက်က ထင်သလို မပျက်ဆီးတဲ့အခါ ကိုယ့်စိတ်ဒုက္ခ ကိုယ်မွေးသလို ဖြစ်ကြပါတယ်။ တချို့ကြပြန်တော့ မရတဲ့ သံဝေဂကို အတင်းလုပ်ယူပြီး ဖြေသိမ့်ကြတယ်။ နဂိုကထဲကမှ မရှိတာ ဖြစ်ကာမှ ဥုံဖွဆိုပြီး နှစ်သိမ့် လို့ ရနိုင်ပါ့မလား။ ဒါတွေကိုပြောနေတာ အပြစ်တင်နေခြင်းထက် မှန်တဲ့အတိုင်း လိုက်နာလို့လည်း ဘာမှမထူးဘူး ဆိုပြီး ကိုယ့်အပြစ်ကိုယ် မမြင်ဘဲ ဆုံးမချက်တွေကို၊ နောက်ဆုံး မိမိကိုယ်ကိုပါ ဖျက်ပြစ်လိုက်သူ တွေရှိလို့ ပြောနေခြင်း ဖြစ်ပါတယ်။
ဘောင်ခတ်တွေးတယ်ဆိုတာ မိမိကိုယ်မိမိ နားလည်သူများ အတွက် အကျိုးက အပြစ်ထက် ပိုနိုင်ပါတယ်။ တွေးတယ်ဆိုတာ ကန့်သတ် လို့မရလို့ ဘောင်ခတ်တွေးတယ်ဆိုတာ တထွာလောက် ကနေ ဟိုးစတြာဝဠာ တံတိုင်းကြီး အထိဖြစ်နိုင်လို့ ဖေါက်ထွက်တွေးခြင်းရဲ့ ဆန့်ကျင်ဖက်ကနေ သူနဲ့ နင်လားငါလား အထိ ဖြစ်နိုင်ပါတယ်။ ကျဉ်းကျဉ်းလေး ဘောင်ခတ်လို့ တွေးစရာမလိုလို့ မဆိုလို၊ တွေးပါတယ်ဆိုမှ အရင်စလို မလုပ်ချင်လို့ မဟုတ်ဘူးလား။ တွေးတဲ့အခါ အနိမ့်ဆုံးရှိရမဲ့ လိုအပ်ချက် တွေကတော့ ပြည့်စုံရမှာပေါ့။ အကျယ်တွေးတယ် ဆိုတာကြတော့ သူများထက်ပိုပြီး မိမိနိုင်သလောက် ရှေ့ရေးနောက်ရေး တွေကို ထည့်တွက်ခြင်းပါ၊ ဗမာလို လက်တဆုံးလို့ ဆိုပါစို့။ ဖေါက်ပဲတွေးတွေး ဖက်ပဲတွေးတွေး ကိုယ်နဲ့ကိုက်ဖို့၊ တကယ်လက်တွေ့မှာ အကောင်အထည် ဖေါ်နိုင်ဖို့ပဲ လိုပါတယ်။ ကိုယ့်ကိုယ်ကို လျော့မတွက်ဘဲ ဗဟုသုတ များများစုဆောင်းပြီး ခတ်ထားတဲ့ ဘောင်ကို ချဲ့ချဲ့သွားရင် တဖြည်းဖြည်းနဲ့ တွေးနိုင်စွမ်းက တထွာကနေ တတောင်၊ တတောင်ကနေ တလံ၊ နောက်တော့ တဆုံးဖြစ်သွားပါမယ်။ ဒါဆိုရင် ဖေါက်လို့ ပေါက်သွားရင်ကော ဆိုပြီး အစိုးရိမ်ကြီးသူတွေ အတွက် ဖြတ်ဖေါက်ချုပ် တွေးနည်းလို့ဆိုရင် မှားနိုင်ပါ့မလား ခင်ဗျာ။

One comment

  • michaelaungpu

    September 30, 2010 at 5:22 am

    (သီးညည်းခံပြီး မေတ္တာ ပွားပါတယ်လို့ သူတော်ကောင်းတွေကို သံယောင် လိုက်တတ် ကြတယ်၊ တကယ်တမ်းတော့ ရန်သူကို မနိုင်လို့ လက်လျော့ရတာ၊ မေတ္တာများစူးပါစေဆိုတဲ့ စိတ်က များပါလိမ့်မယ်)
    မှန်ပါတယ် ကိုယ့်များစောင်ပြောသလားအောက်မေ့ရတယ်
    လူတွေက လို ့ပြောလိုက်တော့ အားလုံးကိုထိသွားသလိုဘဲ

Leave a Reply