သတိထားသင့်သည့် အချိုရည်

etoneOctober 1, 20101min734
နွေနေပူမှာ အပူဒဏ်ကို သက်သာစေပြီး၊ ရင်ကို လန်းဆန်း အမောပြေ သွားစေ နိုင်တာ ကတော့ အချိုရည် အေးအေးလေး တစ်ခွက် ပါဘဲ။ ကျွန်တော်တို့ အားလုံး
soft drinks လို့ ခေါ်တဲ့ အချိုရည် အမျိုးမျိုး သောက်ဖူး ကြတယ်။ Pepsi,
Coke, Sprite, Fantasy, Lemon Soda စသည်ဖြင့် Brand အမျိုးမျိုး အရသာ
အဖုုံဖုံနဲ့ လူတွေရဲ့ အကြိုက်ကို ဆွဲဆောင် ခဲ့ကြ၊ ဆွဲဆောင် နေကြဆဲ
ဖြစ်ပါတယ်။

အဲဒီ ကျွန်တော်တို့ ကြိုက်တဲ့ အချုုိုရည် တွေက
ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ပြဿနာ တွေကို ဖြစ်စေ နိုင်တယ် ဆိုတာ ကိုတော့ သတိ
မပြုမိတဲ့ သူတွေ ရှိနိုင်မယ် လို့ ကျွန်တော် ထင်လို့ ဒီပို့စ်နဲ့ ဗဟုသုတ
ဖြန့်ဝေ လိုက်ရ ပါတယ်။



ကြည့်ရတာ တော့ သောက်ချင်စရာ ကြီးပါဘဲ။ ဒါပေမယ့်
ဒီအချိုရည် တွေထဲမှာ ပါတဲ့ အက်စစ်ဓာတ် ပမာဏကို ပြတဲ့ pH value တွေကို
ကြည့်ကြည့် ရအောင် … pH နည်းလေ အက်စစ်ဓာတ် ပြင်းလေ ဖြစ်ပါတယ်။

ဘက်ထရီတွေထဲမှာ ထည့်တဲ့ အက်စစ်ကို သိကြမယ် လို့ ထင်ပါတယ်။ pH တန်ဘိုး ၁ ရှိတဲ့ အက်စစ်ပြင်း မို့ မတော်တဆ အဝတ်မှာ
စင်သွားရင် ခဏ နေတာနဲ့ စားသွား ပေါက်သွားတာ ကြုံဖူးတဲ့ သူတွေ ရှိမှာပါ။
အခု ပြထားတဲ့ ဇယားအရ တချို့အချိုရည် တွေဟာ ဘက်ထရီ အက်စစ် နီးပါး ပြင်းတာ
သတိထားမိ ပါလိမ့်မယ်။ ကဲ … အချိုရည် တွေကို ကျွန်တော်တို့က အကြောဆေး
သွင်းသလို ပိုက်နဲ့ မသွင်းကြ ပါဘူး။ သောက်ကြ ပါတယ်။ ဒါကြောင့်
ခံတွင်းထဲမှာ ဘာဖြစ်နိုင်လဲ ကြည့်ကြ ရအောင်။

သွားတွေရဲ့အပေါ်ဆုံး အလွှာမှာ Enamel လို့ ခေါ်တဲ့ ကြွေလွှာနဲ့ ကာထားပြီး၊ ကယ်လ်စီယမ် နဲ့
ဖော့စ်ဖိတ် တို့ ပေါင်းထားတဲ့ Hydroxyapatite လို့ ခေါ်တဲ့ ဓာတ်ပေါင်း
ဖြစ်ပါတယ်။ အဲဒီ ကြွေလွှာဟာ မာကြော လှပေမယ့် အက်စစ် ဓာတ်ကို မခံနိုင်
ပါဘူး။ ဘက်တီးရီးယား ပိုးတွေက စားကြွင်း စားကျန် တွေကို ဖောက်လိုက်လို့
ထွက်လာတဲ့ အက်စစ် ဓာတ်ကြောင့် ပိုးစားပေါက်တွေ ဖြစ်ရ တယ်။ ဒါကို dental
caries- သွားပိုးစား ရောဂါ လို့ ခေါ်ပါတယ်။ သွားရဲ့ ကြွေလွှာ ကို အရည်
ဖျော်ပစ်နိုင်တဲ့ အက်စစ် ပြင်းအား critical pH က ၅.၅ ဖြစ်ပါတယ်။ အဲဒီထက်
ပိုပြီး အက်စစ် ဓာတ်ပြင်းတဲ့ (pH ၅.၅ အောက် လျော့တဲ့) အရည်နဲ့ ကြာရှည်
ထိတွေ့မယ် ဆိုရင် သွားကြွေလွှာဟာ ၊ အဝတ်ကို အက်စစ် စားသလို စားခံရပြီး
ပြုန်းတီး ရပါတယ်။ ပိုးစားတာ မဟုတ်ဘဲ ပြင်ပက အက်စစ် ဓာတ်ကြောင့်
သွားကြွေလွှာ စားသွားပြီး အပေါက်တွေ ဖြစ်တာကို erosion – အက်စစ်ကြောင့်
တိုက်စားခြင်း လို့ ခေါ်ပါတယ်။

ဆေးခန်းမှာ ဒီလို သွားပေါက် တွေနဲ့ လာပြကြတဲ့ သူတွေ မနည်းလှ ပါဘူး။ တချို့လည်း အပူ အအေး၊ အချို အချဉ် ထိရင်
ကျဉ်လာမှ သိလို့ လာပြကြ ပါတယ်။ မှန်ထဲမှာ ကြည့်ကြည့်ရင် ပိုးစားသလို
မဲမနေဘဲ၊ ကြွေသွားလွှာက ပြောင်ချောချောနဲ့ ချိုင့်ဝင် နေတာ တွေ့နိုင်ပါတယ်။
သိပ်ဆိုး လာရင် ကြွေလွှာအောက်က dentine လို့ ခေါ်တဲ့ ဆင်စွယ် နှစ်လွှာ
အညိုရောင်ပေါ်ပြီး သွားတိုက်တ ံနဲ့ ခြစ်ကြည့်ရင် ကျဉ်တာကို ခံစားရ
ပါလိမ့်မယ်။


အချိုရည်ကို ပုလင်းလိုက် သောက်တာ၊ ခွက်နဲ့ တမျှင်းမျှင်း မော့သောက်တာ တွေက သွားတွေနဲ့ အချိုရည် ကြာရှည် ထိတွေ့စေလို့
ပိုပြီး ဆိုး ပါတယ်။ Straw – ပိုက်နဲ့ စုပ်သောက်ပြီး မြန်မြန် မျိုချ ရင်
သွားမှာ ထိခိုက်တာ နဲနဲ သက်သာပါတယ်။ ဒီနေရာမှာ အချိုရည်လို့ soft drink
တွေကို ဦးစားပေး ပြောထား ပေမယ့်၊ ဒိန်ချဉ်တို့၊ သံပရာ ရည်တို့၊ grapes
fruits ဖျော်ရည် တို့ စသည်ဖြင့် ဖျော်ရည် တွေဟာ လည်း pH တန်ဘိုး နိမ့်တဲ့
ထဲမှာ ပါပါတယ်။

ဖျော်ရည် မဟုတ်တဲ့ ကိုကာကိုလာ တို့လို ဘူးသွပ် အချိုရည် တွေရဲ့ နောက်ထပ် ဆိုးကျိုး ကတော့၊ သူတို့မှာပါတဲ့ phosphoric
acid – ဖော့စ်ဖိုရစ် အက်စစ်နဲ့ carbon dioxide – ကာဘွန်ဒိုင် အောက်ဆိုဒ်
ကြောင့် ဖြစ်ပါတယ်။ ဒီဓာတ်တွေက အစာအိမ်ထဲ ရောက်တဲ့အခါ အစာခြေရည် ရဲ့
hydrochloric acid – ဟိုက်ဒြို ကလိုရစ် အက်စစ် အစာခြေတာ ကို ဟန့်တား တယ်။
ဒါကြောင့် အစာ မကြေတာ၊ ဗိုက်ထဲမှာ လေတွေ ပြည့်ပြီး ရင်ပြည့်ရင်ကယ်တာ
ဖြစ်လာပါတယ်။ အစာခြေ လမ်းကြောင်းရဲ့ အက်စစ်ဓာတ်ကို ပိုများ စေတဲ့အတွက်
အစာအိမ်၊ အူသိမ် ရောဂါ ရှိတဲ့ သူတွေ ပိုရှောင် သင့်ပါတယ်။

phosphoric acid က အရိုးတွေမှာ ရှိတဲ့ ထုံးဓာတ် – ကယ်လ်စီယမ် ကိုလည်း ဖျော်ထုတ်
ပါတယ်။ ကြာရင် အရိုးပါး အရိုးပျော့ ဖြစ်စေပြီး၊ ဖျော်ထုတ် လိုက်တဲ့
ကယ်လ်စီယမ် တွေက ကျောက်ကပ်မှာ စုလို့ ကျောက်ကပ် ကျောက်တည် စေပါတယ်။

ဒါကြောင့် အချိုရည် တွေကို လျှော့ သောက်သင့်ပါတယ်။

ဗိုက်တာမင် စီ ဓာတ် ရတဲ့ အချဉ် သစ်သီး ဖျော်ရည် တွေကတော့ ကျန်းမာရေး အတွက် ကောင်းလို့
သောက်သင့် ပါတယ်။ သောက်တဲ့ အခါ ပိုက်နဲ့ မြန်မြန်စုပ် သောက်သင့် ပါတယ်။
သောက်ပြီးတာနဲ့ ရေနဲ့ ပလုတ်ကျင်း ပေးသင့် ပါတယ်။ ဂျပန် မှာတော့ Ocha
လို့ခေါ်တဲ့ green tea လဘက်ရည် တွေကို ဘူးသွပ်၊ ပုလင်းသွပ်ပြီး ရောင်းတယ်။
နေရာတကာမှာ ဝယ်လို့ ရတယ်။ ရေငတ်လည်း ပြေ၊ အိပ်ချင်လည်း ပြေ၊ ဥပါဒ်လည်း
မဖြစ်ဘူး။ ကျန်းမာရေး အတွက် အထောက်အကူ ပေးတဲ့ ဓာတ်တွေပါတဲ့ green tea
အကြောင်း အလျဉ်းသင့်ရင် ရေးပါဦးမယ်။

ကျန်းမာသုခ ပြည့်ဝကြပါစေ။

ဘော်ဒါတယောက်ပို့တာလေးကို share ပေးယုံပါ ။

4 comments

  • search123

    October 1, 2010 at 4:28 am

    ကျေးဇူးပါ…သတိထားစရာလေးတွေပြောပြပေးဦး…အချိုရည်သောက်တာဆင်ခြင်ဖို့..အခြားသူတွေကိုလည်း share လိုက်ပါ့မယ်..

  • မန်း ရိပ်

    October 1, 2010 at 5:06 am

    အချိုရည်သောက်ရင် သတိထားရမယ့်အချက်တွေပဲ
    ကျေးဇူးပဲ နောက်ဆို အချိုရည်ကို သောက်ပြီးရင် ပလုပ်ကျင်းလိုက်မယ်

  • char too lan

    October 1, 2010 at 6:09 am

    ကျနော်လဲ အချိုရည်တွေတအားသောက်တာ
    သွားတွေ ကုန်မှဒီပိုစ့် ဖတ်မိတော့တယ်ဗျာ..
    ကျန်တဲ့သွားတွေအတွက် ဘာပဲဖြစ်ဖြစ်ကျေးဇူးပါ
    🙁

  • unclegyi1974

    October 1, 2010 at 10:00 am

    ွအိတုန် ပြောသွားတဲ့အထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် အကြောင်း နဲနဲပြောချင်ပါတယ်
    တနေ့က voa ကသတင်းတပုဒ်နဲတိုက်ဆိုင်လို့ပါ
    ယခုနှစ်များအတွင်း ပီကင်းမှာ ကင်စာဖြစ်တဲ့ရာခိုင်နှုန်းမြင့်လာတဲ့အကြောင်း
    ဖြစ်ရတဲ့အကြောင်းကိုလေ့လာလိုက်တာ လေထုထဲကာဗွန်ပမာဏ များလာတာနဲ့အမျှ
    ကင်စာဖြစ်နှုန်းမြင့်လာတာတွေ့ကြောင်း
    ဒါကြောင့်အစားအစာတွေထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါတာအစားများရင်းလဲကင်စာဖြစ်နိုင်ချေ
    ရှိနိုင်ကြောင်းပြောသွားပါတယ်

Leave a Reply