မလွမ်းစကောင်း လွမ်းစကောင်း “(ရှေးရှေးက မန္တလေးအပိုင်း 7)

မလွမ်းစကောင်း လွမ်းစကောင်း “(ရှေးရှေးက မန္တလေးအပိုင်း7)
ဒီမင်္ဂလာတံတား ဆိုတာက နန်းတွင်းကနေထွက်ရင်တောင်ဘက်အရပ်မှာရှိတဲ့တံခါးပေါက်ပေ့ါ၊
သူနဲ့တည့်တည့်လမ်းကြီးက( 73)လမ်းမကြီးပါ။
(73)လမ်းမကြီးရဲ့အဆုံးကတော့ အရင်က မန်းလေးမြို့ နဲ့အထက်မြန်မာပြည်က ကျောင်းသားများ အတွက်တစ်ခုတည်းသော အဆင့်မြင့်ပညာရင်နို့သောက်စို့ရတဲ့ (M.A.S.U)(မာဇူး)လို့အတိုကောက်တဲ့
မန္တလေးတက္ကသိုလ်ကြီးဖြစ်ပါတယ်။
မင်္ဂလာတံတားကထွက်လိုက်ရင် သူ့ရဲ့အရှေ့ဘက်ခြမ်း မှာတော့ ကျုံးနဲ့မြို့ရိုးကြားကမြေကွက်လပ်ကတော့ ဘာမှမရှိပါ။
တစ်ခါတစ်ရံစစ်တပ်က အစောင့်တပ်သားလေးတွေက အသီးအနှံစိုက်ခင်းလေးတွေလုပ်ထားတာဘဲရှိတတ်ပါတယ်။
သူ့အနောက်ဘက်မှာတော့ လှပသော အေးချမ်းသောဆိုတဲ့ ဝိသေသဂုဏ်ထူးတွေနဲ့ပြည့်စုံခဲ့ဘူးတဲ့ နာမယ်ကျော်” မန်းသီတာဥယျာဉ်”ပါ။
နိုင်ငံခြားကအတိုင်း မြို့လယ်ခေါင်မှာ ရှိတဲ့ ပန်ုးဥယျာဉ်ကလေးပါ။
မြန်မာပြည်သိန်းတန် သီဆိုဘူးခဲ့တဲ့ “မန်းမြေမှာလေးနှစ်တာ”ဆိုတဲ့သီချင်းလေးမှာ
” မန်းသီတာ လူငယ်လူကြီးအလည်ရောက်လို့လာတာ “လို့ထည့်ပြီးသီဆိုဘူးပါတယ်။သူပြောတာ အမှန်ပါဘဲ။
ဒီမန်းသီတာဥယျာဉ်လေးရဲ့ဖွဲ့တည်ပုံလေးကိုပြောရမယ်ဆိုရင် အနံတိုတို အလျားရှည်ရှည် စတုယန်းပုံလေးပါ။
အနံကတော့ ကျုံးရေပြင်နဲ့ နန်းမြို့ရိုးကြားက ကွက်လပ်ကလေးပါ။ အလျားကတော့ အနောက်ဘက် (79)လမ်းက စပြီးအရှေ့ဘက် (73)လမ်းမင်္ဂလာတံတားမှာဆုံးတော့ မန်းလေးအခေါ်(6)ပြတိတိအရှေ့အနောက် ရှည်မျောမျောကြီးပေါ့။
79လမ်းက ကျနော်တို့မန်းလေးက ကုန်ရုံဘူတာလို့ခေါ်တဲ့ မီးရထားက ကုန်တွေတင်တဲ့ စခန်းနဲ့တည့်တည့် လောက်မှာ ကျုံးကိုဖြတ်ပြီးဆောက်ထားတဲ့ကျုံးကူးတံတားလေးရှိပါတယ်။
အဲဒီတံတားလေးနဲ့ယှဉ်ရက်ကတော့ ကုန်ရုံဘူတာရဲ့အရှေ့ဘက်မှာ ရှိတဲ့မီးရထားသံလမ်းလေးရှိပါတယ်။အဲဒီသံလမ်းလေးကတော့ မန်းလေးဘူတာကြီးကနေ မတ္တမြို့ကိုသွားတဲ့ရထားလမ်းလေးပါ။
မန်းသီတာဥယျာဉ်ထဲကိုဝင်မယ်ဆိုရင်ဒီသံလမ်းပေါ်ကလဲ သွားလို့ရတယ်။
သစ်သားတံတားကို ဆေးအဖြူလေးသုတ်ထားလို့ တံတားဖြူလို့ခေါ်တဲ့ တံတားလေးကလဲ ကျုံးရေပြင်ကို ဖြတ်လို့ရတယ်။
ငယ်ငယ်ကဆိုရင် တံတားဖြူလေးပေါ်ကို ဖြတ်ရင်း ကြည်လင်နေ့တဲ့ရေ ထဲကမှော်ပင်လေးတွေကြားမှာ သွားနေကြတဲ့ ငါးဖောင်ရိုးစိမ်းစိမ်းလေးတွေ ဗိုက်ဖောင်းဖောင်းနဲ့ငါးပူတင်းလေးတွေကိုလိုက်ကြည့်ကြ ရတာအမောပါ။
တစ်ခါတစ်လေကြတော့လည်းဖမ်းတဲ့သူမရှိရင် အပျင်းပြေငါးခိုးမျှားတာပေါ့ဗျာ။
တံတားဖြူလေးက ထွက်လိုက်လို့ အရှေ့ဘက်ကိုကြည့်မယ်ဆိုရင် ကျုံးရေပြင်နဲ့နန်းမြို့ရိုးကြားမှာ မန်းသီတာဥယျာဉ်ရှိမယ်။
အနောက်တောင်ဒေါင့်မှာ မီးခိုးရောင် လေးငါးပေလောက်မြင့်တဲ့ အုတ်ခံသွတ်မိုးအဆောက်အဦးလေးရှိမယ်။
အဲဒီအဆောက်အဦးလေးကတော့ အရင်တုံးက တနင်္ဂနွေလိုနေ့မျုးိတွေမှာ တေးဂီတအဖွဲ့လေးတွေ လာပြီးဖျော်ဖြေတာကို တွေ့ရပါတယ်။
မှတ်မှတ်ရရပြောရရင် 1976ခုနှစ်လောက်ဖြစ်မယ်ထင်ပါတယ် နိုင်ငံခြားက “ဒရုအယ်လင်တန်”ဆိုတဲ့ဂျပ်ဇ်ဂီတအဖွဲ့လာဖျော်ဖြေသွားတာလေးကိုတော့ မှတ်မိနေပါတယ်။

ကျုံးရဲ့အရှေ့ဘက်ခြမ်းက ကွက်လပ်ကတော့ 26ဘီလမ်းကနေ 22စီလမ်းရောက်တဲ့အထိ အားကစားကွင်းတွေကိုဆောက်ထားတာကိုတွေ့ရမှာပါ။
အဲဒီနေရာမှာ လက်ဝှေ့ပွဲတို့ ဂျုဒိုပြိုင်ပွဲတို့ ကျင်းပတဲ့ နံရံလေးဘက်ကာထားတဲ့ မိုးမလုံ လူမမြင် အားကစားကွင်းလေးတွေရှိတယ်။
နောက်ဘောလီဘောကွင်း ဘတ်စကက်ဘောကွင်း တင်းနစ်ကွင်း အစီအစဉ်အလိုက် တောင်ကနေမြောက်ဘက်ကို တန်းစီပြီး ရှိနေပါတယ်။
အဲဒီအားကစားကွင်းတွေမှာအရင်က တနင်္ဂနွေနေ့မှာဆိုရင် အင်္ဂလိပ်လက်ဝှေ့ မြန်မာလက်ဝှေ့ပွဲတွေ မကြာခဏကျင်းပပါတယ်။
တစ်ခါတစ်လေတော့လဲ ဂျုဒိုပြိုင်ပွဲကျင်းပပါတယ်။
အဲဒီအချိန်တုံးက ကျနော်က 25လမ်း 80-81 ကြား သူဌေးတန်းရပ်က ခုံတော်မင်းဝင်းမှာ အဖေ့ရဲ့အမေတို့နဲ့ အတူနေတဲ့အချိန်ပါ။
အဲဒီကျုံးဘက်ကနေ ဝင်းဦးသီချင်းတွေဖွင့်ထားပြီဆိုရင် အဲဒီနေ့ပွဲလက်ဝှေ့ပွဲရှိတာသေချာပါတယ်။
မှတ်မိနေ့တဲ့ သီချင်းစာသားလေးကတော့ “မြက်ခင်းပေါ်လှဲ တဲ့ကာ ဖူးလက်ပင်အသာတကြည် ဝါသနာထုံသူတွေ တီးလုံးအရေးစိတ်ကူးယဉ်နေသည်……….ထိုအတွေးမရှိရှာ ရေးရေးတော့ သိပါသည်…………………လက်ညိုးလေးနဲ့ထိုးကာလျက်တော့ ပါးစပ်ထဲနို့ဆီ ချိုအီ ချိုအီ မြို့မလဲ ဂေါ်ဂေါ်ဂွီဂွီနားထဲမှာ အီချိုအီချိုအီ”ဆိုတဲ့ ဝင်းဦးက မြို့မအဖွဲ့ကို
ညွှန်းထားတဲ့သီချင်းလေးပါ။
(ကြုံတုန်းပြောရရင်တော့ မြန်မာလက်ဝှေ့ကို အခုထိ နှစ်သက်စွဲလမ်းတာ အဲဒီတုံးကရလာတဲ့ မျုးိစေ့လေးပါဘဲ။
အဲဒီတုံးက လက်ဝှေ့ပွဲဆိုရင်ပွဲတိုင်းလောက်ကြည့်ဖြစ်ပါတယ်။
ငါးတန်းကျောင်းသားဆိုတော့ အပေါက်စောင့်က အလကားပေးကြည့်ပါတယ်။
ပေးမဝင်ဘူးဆိုရင်လဲ ကလေးတွေလက်ချင်းချိတ် လို့ ကျုံးရေတိမ်တိမ်လေးထဲကနေလမ်းလျှောက်လို့ ရေနစ်မှာကိုလဲတွေးပူမလို့မကြောက်ဘဲခိုးဝင်ကြတာပါ။
အဲဒီတုံးက မိုက်ခွက်ကြီးကိုကိုင်လို့ အသားညိုညိုနဲ့လူကြီးက ဟိုင်းရော ဟိုင်းရောလို့ အော်နေတာ ဘယ်သူမှန်းမသိပေမယ့်နောင်ကြီးလာမှာသိတာတော့
ရွှေအမြုတေကပေါင်ချိန်တို့ရဲ့အဖေ ကျားဘညိမ်းဖြစ်နေတာပါဘဲ။
ငယ်ငယ်က ကျားဘငြိမ်းရေးခဲ့တဲ့ က မ္ဘ ာကျော်လက်သီးမဲကြီးများစာအုပ်ကိုဖတ်ခဲ့လို့အားကျလိုက်ရတာ လူကဖြင့် ပေါင်ခြောက်ဆယ်တောင်မပြည့်ဘူး။
အခုခေတ်လက်ဝှေ့ပွဲခွေတွေများကြည့်ရင် ဟိုက်ရောဟိုက်ရောအော်နေတဲ့အသံက ကျားဘညိမ်းလို အားရပါးရမရှိတာတော့အမှန်ပါဘဲ။

(အရင်ခေတ်က လက်ဝှေ့ထိုးတာ ခုခေတ်နဲ့ အချီသတ်မှတ်လို့ထိုးပုံလေးမှာ နည်းနည်းလေးတော့ကွာပါတယ်။
အခုခေတ်ကဆက်တိုက် လေးငါးချီမနားတမ်းထိုး ဘယ်သူမှ မလဲမကွဲရင် သရေပွဲပေါ့။
အရင်ခေတ်ကတော့ ပထမဆုံးအချီစလွှတ်ပြီးရင် စထိုးသုံးမိနစ်ပြည့်ရင်စင်အောက်ဆင်းပြီးခဏနား။
နောက်ထပ်တစ်ဆိုင်းအသစ်တက်။
သုံးလေးဆိုင်းလောက်ထိုးပြီးရင် အရင်ဆုံးထိုးခဲ့တဲ့အဖွဲ့ပြန်တက်ပြီးဒုတိယအချီထိုး။
ပြီးရင်အောက်ဆင်းပြီးတစ်ခါပြန်နား။
နောက်အလှည့်ကျရင်ပြန်တက် သုံးမိနစ်ပြည့်ရင်စင်အောက်ဆင်းပြီးရင်တစ်ခါထပ်နား.။
အဲ နောက်ဆုံးအချီတက်ရင်တော့ ဘယ်လောက်ကြာကြာ အနိုင်အရှုံးမပေါ်မချင်းထိုးပေတော့ဘဲ။
ကြောက်ရှုံး ကွဲရှုံး အလဲရှုံးပါဘဲ။
အဲဒီနောက်ဆုံးအချီမှာ ပုဝါမကူ ရေမရှူကြေးတွေဘာတွေဖြစ်လာတာပါဘဲ။
အခုခေတ် ပုဝါမကူ ရေမရူကတော့ ပြောသာပြောတာ အာပလာလုပ်ကြတာပါ။
လောင်းလိုက်တဲ့ရေတွေရေချိုးသလားအောက်မေ့ရတယ်။
အမှတ်အရဆုံးပွဲကတော့ မန်းလေးလက်ဝှေ့ကျော် မြွေပွေးသိန်းမောင်နဲ့ စစ်ကိုင်းကျောင်းသားတို့ရဲ့ပွဲပါဘဲ။
အဲဒီတုန်းက စစ်ကိုင်းကျောင်းသားက လူငယ်လက်တက် မြွေပွေးသိန်းမောင် က အဝေးတစ်နေရာမှာ ခဏကွန်းခိုရာပြန်လာတဲ့ချိန်ပီယံဟောင်းပေါ့။
ပထမ ဒုတိယအချီကတော့ အပြန်အလှန် တခွပ်ခွပ်ဆော်ကြတာပေါ့။
နှစ်ယောက်လုံးဖူးယောင်နေတာပါဘဲ။
စစ်ကိုင်းကဒေါင်ကောင်းကောင်း မြွေပွေးကလူကောင်သေးသေးလက်သီးပြင်းတယ်။
နောက်ဆုံးအချီမှာ ရေကုန်ရေခန်း အရှုံးအနိုင်မပေါ်မချင်း အပြန်အလှန်ဆော်ကြတာ တစ်နာရီကျော်ကျော်လောက်ကြာပါတယ်။
နှစ်ယောက်လုံးမောတော့ မောပေမယ့် သက်လုံကတော့ကျန်သေးတယ်။
အခုခေတ်ကလူတွေလက်ဖက်လဲမထားဘူး လှဲလဲမချဘူး ထိုးလိုက်ကြတာ တစ်ခွပ်ခွပ်ဘဲ။
နောက်ဆုံးတော့နှစ်ယောက်အလုံးမှာ မြွေပွေးရဲ့သဘာရှိတဲ့ဒူးချက်နဲ့စစ်ကိုင်း ပက်လက်လန်ပြီးရှုံးသွားတာကိုတော့ မှတ်မိနေပါသဗျာ။
အခုလက်ရှိခေတ်မှာ အပြန်အလှန်ကောင်းတဲ့လက်ဝှေ့ပွဲလေးညွှန်းရရင် ဝမ်ချိုင်းနဲ့ရွှေဓူဝံ (ပထမဆုံးတွေ့တဲ့ 12ချီပွဲ)ရယ် ဖိုးကေနဲ့ တွေ့မရှောင်(ပထမပွဲ) လုံးချောနဲ့ဝင်းထွန်း(ပထမပွဲ မျှော်စင်ကျွန်း)တွေကတော့ အကောင်းဆုံးပါ။လက်ဝှေ့အကြောင်းကိုပြောလိုက်တာနဲ့ပြောတာတွေတောင်ဘေးရောက်သွားပြီ၊)

မန်းသီတာနဲ့ပါတ်သက်လို့ပြောရရင် ဒီဥယျာဉ်စဖွင့်စက အဲဒီအထဲမှာ မင်္ဂလာဆောင်ချင်တယ်ဆိုရင် ဥယျာဉ်ပွဲလုပ်လို့ရပါတယ်။
အနောက်ဘက်အပေါက် အဝင်ဝမှာ အပြာရောင်သုတ်ထားတဲ့ သုံးဘက်ပွင့်ဆိုင်လေးက စားသောက်ဆိုင်လေးပါ။
ကျနော်အဖေရဲ့အောက်က သူ့ညီက အဲဒီမန်းသီတာဥယျာဉ်ထဲမှာမင်္ဂလာဆောင်လုပ်တာမှတ်မိပါသေးတယ် ကျုံးဘေးနားက မြက်ခင်းပြင်မှာ ခုံလေးတွေချပြီး ဧည့်ခံတာပါ။
အဲဒီတုန်းက ကျနော်တော်တော်ငယ်သေးတဲ့အရွယ်ပါ။
ဒါတောင် ဟိုနေ့က အိမ်မှာစာအုပ်ပုံရှင်းရင်း အဲဒီမင်္ဂလာဆောင်တုန်းက ညီအကိုဝမ်းကွဲတွေစုရိုက်ထားတဲ့ ဓါတ်ပုံလေးကို တွေ့လို့သတိရသွားတာပါ။
မှတ်မိတာကတော့ အဲဒီမင်္ဂလာဆောင်တုံးက ဖွင့်ထားတဲ့သီချင်းကတော့ အကော်ဒီယံအုန်းကျော်နဲ့ သန်းသန်းဆင့်တို့ရဲ့ ” ပြိုင်နှစ်ပြိုင်ချစ်ခြင်းပြိုင် မေ့ကိုမနိုင် “စာသားပါတဲ့စုံတွဲသီချင်းလေးပါ။
ဒီဥယျဉ်ထဲက လျှောက်လမ်းလေးတွေက လူနှစ်ယောက်သွားသာရုံ ပလက်ဖောင်းခင်းတဲ့အခါမှာသုံးတဲ့ ကွန်ကရစ်တုံးလေးတွေကိုလမ်းခင်းထားတာပါ။
ဘေးတစ်ဘက်တစ်ချက်မှာတော့ “ဗိုလ်ကတော်မျက်ခုံး “လို့ခေါ်တဲ့ အစိမ်းရောင် အရွက်နဲ့ ပုဇွန်ဆီရောင်အပွင့်လေးတွေပွင့်တတ်တဲ့ အပင်လေးတွေကို စည်းရိုးအဖြစ်စိုက်ထားပါတယ်။
ပန်းခြံအဝင်ကနေနည်းနည်းလေးလျှောက်လိုက်ရင် ပန်းခုံခပ်မြင့်မြင့်လေးလုပ်ထားတဲ့နေရာမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ထားတဲ့အလံတိုင်လေးရှိမယ် သူ့အောက်မှာတော့ ဂန္ဓာမာပန်းတွေ ဒေစီပန်းတွေကိုလှနေအောင်စိုက်ထားတဲ့ပန်းခင်းလေးထဲမှာ ပန်းလေးတွေကို နာရီပုံဖော်လို့ ထားပါတယ်။
အဲဒီကနေဆက်သွားရင် ကျုံးကမ်းစပ်မှာ “မန်းသီတာ ဥယျာဉ် “ဆိုတဲ့စာလုံးကို ပန်းချီလက်ရေးနဲ့ရေးထားတဲ့ပုံစံဖော်ထားတဲ့ ရောင်စုံမီးချောင်းကွေးကို တပ်ဆင်ထားတဲ့ သံဇကာကွက် ကို ချိတ်ထားတဲ့ သံစင်ကြီးရှိပါတယ်။
ဒီစင်ကြီးကတော့ တောင်ဘက်ကို လှည့်ပြီးဆောက်ထားတာဆိုတော့ (78)လမ်းဘက်က လာတဲ့သူမှန်သမျှ ဒီဆိုင်းဘုတ်ကြီးကိုမြင်နေရပါတယ်။
နေ့ဆိုရင် သိပ်မသိသာပေမယ့်ညဆိုရင်တော့ မီးရောင်စုံလေးလင်းနေတာ လှမှလှပါဘဲဗျာ။
အဲဒီဆိုင်းဘုတ်လေးကိုကျော်ပြီးသွားလိုက်မယ်ဆိုရင် တမာပင်ကြီးတွေကို ဆက်သွယ်ပြီး ဆောက်ထားတဲ့မိုးပျံတံတားရှိပါတယ်။
ကျနော်အထင်ဆယ်ပေလောက်အမြင့်မှာဆောက်ထားတယ်ထင်ပါတယ်။
အဲဒီမိုးပျံတံတားကလဲ လူအများကြီး ဖြတ်တယ်ဆိုရင်နည်းနည်းလှုပ်ချင်ပါတယ်။
ဒါပေမယ့်လို့ခုန်ပေါက်တက်တဲ့ပြီးဆော့တာပါဘဲ ကြောက်လဲကြောက်ပျော်လဲပျော်ပေါ့။
ဒီတံတားအောက်မှာ အလွန်ကြီးမားတဲ့ ဆတ်သွားဖူးရုံရယ် ဝါးရုံပင်တွေရယ်ရှိတဲ့အပြင်ထိုင်စရာအဖြစ်ကျောက်ပြားအကြီးကြီးတွေကိုချထားတဲ့အပြင် ဖန်တီးထားတဲ့စမ်းချောင်းလေးကဒီသစ်ပင်အုပ်လေးထဲမှာဖြတ်စီးနေတော့ အေးစိမ့်နေတဲ့ တောအုပ်ထဲကို ရောက်သွားသလိုပါဘဲ။
ဒီမန်းသီတာဥယျာဉ်ကြီးက သစ်ပင်တွေစုံလဲစုံအေးလဲအေး ကလေးတွေအတွက်ကစားစရာတွေကလဲပေါပါတယ်။
ကျနော်တို့နေတာက 25လမ်းအနောက်ကျုံးဘေးမှာ နေတာဆိုတော့ ကျောင်းပိတ်ရက်တွေမှာဆိုရင် အရပ်ထဲကရွယ်တူကလေးတွေစုလို့ ဒီအထဲကိုလာကစားပါတယ်။
မိဘတွေကလဲ အေးလဲအေးတဲ့နေရာဆိုတော့ စိတ်ချလက်ချလွှတ်ပါတယ်။
တင်းတင်းကျပ်ကျပ်မှာတာကတော့ ကျုံးရေထဲကိုဆင်းမဆော့ဘို့ပါဘဲ။
ရေထဲလဲဆင်းဆော့လို့မရပါဘူး ဆင်းဆော့ရင်တားမြစ်မယ့် ပန်းတွေခူးရင် အော်မယ့် ပန်းခြံစောင့်တွေရှိပါတယ်။
ကျနော်တို့ငယ်ဘဝတစ်လျှောက်သွားလို့ဆော့ခဲ့ ကြပေမယ့် မတော်တဆခလုတ်တိုက်လဲတာကလွဲလို့ ကြီးမားတဲ့ထိခိုက်မူ့မျုးိမရှိခဲ့ဘူးပါဘူး။
အဲဒီမိုးပျံတံတားနားက ကျုံးနဲ့ကပ်နေတဲ့မြေကွက်လပ်မှာတော့ ပုခက်အကြီးကြီးရှိပါတယ်။
အတော်လေးကို ကြီးပြီးဘေးနှစ်ဖက်စလုံးမှာ လူသုံးယောက်လောက်ထိုင်နိုင်တဲ့ ခုံတန်းလျားလေးရိုက်ထားပါတယ်။
အဲဒီပုခက်ကိုစီးမယ်ဆိုရင် ထိုင်တဲ့လူကတက်ထိုင် အောက်က နှစ်ယောက်က အရှိန်ရအောင်လွှဲပေးရပါတယ်။
အရှိန်ရပြီဆိုမှ အောက်ကနှစ်ယောက်က ပါခုန်တက်လိုက်ပြီးပုခက်စီးပါတော့တယ်။
ပုခက်ကအရှိန်ရတာနဲ့ အရှေ့နဲ့အနောက် ကို တကျွိကျွိအသံပေးလို့ လွှဲနေပါတော့တယ်။
နည်းနည်းနှေးသွားရင် အပေါ်မှာမတ်တပ်ရပ်ရက် ကိုယ်ကို ယိမ်းလို့ လွှဲလိုက်ရင် အရှိန်ပြန်ရပြီး ခါယမ်းနေပါတော့တယ်။
ပုခက်ကြီးနားမှာ လျျောစီးစရာလဲရှိပါတယ်။ကျနော်အမှတ်မမှားဘူးဆိုရင် အဲဒီအနားမှာရှိတာက ဆင်ရုပ်ကြီးဖြစ်မယ်ထင်ပါတယ်။
ဒီအထဲမှာ ဆင်ရုပ် သစ်ကုလားအုပ်ရုပ်ပုံလုပ်ထားတဲ့လျောစီးစရာတွေရှိပါတယ်။
ခြောက်ပေလောက်အမြင့်ထိက နောက်ဖက်ကလှေခါးကနေတက် အပေါ်ရောက်ရင်လူတကိုယ်စာချောနေအောင်လုပ်ထားတဲ့ သစ်သားပြားပေါ်မှာဖင်ချထိုင်လို့ အမြင့်ကနေအနိမ့်ကိုလျှောဆင်းရတာ အသဲတစ်အေးအေးနဲ့ အရသာသိပ်ရှိပါတယ်။
နောက်ကစားစရာတမျုးိကတော့ “ဆီးဆော “ပါ။
ဖင်တစ်ထိုင်စာ သစ်သားချောင်းအရှည်ကြီးကို အလယ်ခေါင်နေရာမှာ သံတိုင်နဲ့တွဲလို့ ဝက်အူစုပ်ထားပါတယ်။
ပြီးရင်လူနှစ်ယောက် ဒါမှမဟုတ် သုံးယောက်က တစ်ဖက်တစ်ချက်မှာ အညီအမျှစီထိုင်လိုက်ရပါတယ်။
ပြီးတာနဲ့အလယ်ခေါင်မှာ လူတစ်ယောက်တက်ရပ်လို့ ဟိုဘက်ဒီဘက် မျှပြီးခြေထောက်နဲ့နင်းလိုက်ရင် ဟိုဘက်နိမ့်လိုက် ဒီဘက်ကမြင့်လိုက်နဲ့
အပေါ်ရောက်လိုက်အောက်ရောက်လိုက်နဲ့ အတော်လေးကိုအရသာရှိပါတယ်။
ဆက်ပြီးအရှေ့ဘက်ကိုသွားမယ်ဆိုရင် (76)လမ်းနဲ့တည့်တည့်ရောက်ရင် လှပသောဒီဇိုင်းတွေနဲ့ကျုံးကို ဖြတ်ဆောက်ထားတဲ့ နာမယ်ကျော် မေတ္တာပေါင်းကူးတံတားရှိပါတယ်။
ဒီတံတားပေါ်မှာ ညနေခင်းဆိုရင် လေညင်းခံလို့ထိုင်တတ်ကြသလို နံနက်ခင်းမှာတော့ ကျန်းမာရေးအတွက် လမ်းလျှောက်သူတွေ အကြောလျှော့တဲ့နေရာလေးပါ။
ဒီတံတားလေးနဲ့ မလှမ်းမကမ်းမှာ စာကြည့်တိုက်လေးရှိပါတယ်။
ခဲရောင် မီးခိုးရောင်ဆေးသုတ်ထားတဲ့စာကြည့်တိုက်လေးဖြစ်သလို လွတ်လပ်ရေးနေ့ကျပြန်ရင်လဲ မြန်မာစစ်တုရင် အင်္ဂလိပ်စစ်တုရင်(ချက်)ပြိုင်ပွဲတွေကျင်းပတဲ့နေရာလေးပါ။
အဲဒီကနေဆက်သွားရင်တော့ သံတန်းလွှဲပြီးကစားစရာ ဘားတန်းတွေရှိတယ်။
မျက်စိထဲမြင်အောင်ပြောရရင် ခြောက်ပေလောက် ရှိတဲ့ သံတိုင် နှစ်ချောင်းကို မတ်မတ်ထောင်ထားပြီး သူ့အပေါ်မှာလှေခါးဆံလေးတွေကို အပြားလိုက်ဆင်ထားတာပါ။
ကျနော်တို့က ဒီလှေခါးဆံ သံတန်းလေးတွေကို ဖမ်းဆုပ်လို့ လေထဲမှာ လင်းနို့များလိုတွဲလောင်းဆွဲပြီး ဟိုဘက်ကနေဒီဘက်ကို အပြန်အလှန်ကူးပါတယ်။
နောက် သံချောင်းတွေကို ကြက်တူရွေးစင်လေးလို ဆောက်ထားတဲ့အထဲကိုလည်းဝင်လိုက်ထွက်လို်က်နဲ့ဆော့ပါတယ်။
ဟိုအရှေ့ဘက်ဆုံးခါနီးလေးမှာ တော့ အုတ်ခုံအဝိုင်းကြီးနဲ့လုပ်ထားတဲ့ရေပန်းကြီးရှိပါတယ်။
ရေပန်းကတော့ ပွဲလမ်းသဘင်ရှိတဲ့ရက်များမှာသာဖွင့်ပါတယ်။
ရေပန်းကြီးကျော်ရင်တော့ ဥယျာဉ်အဆုံး ဂိတ်ပေါက်ပြီးရင် မင်္ဂလာတံတားဂိတ်ဝကိုရောက်လို့ သွားပါတယ်။
ပြန်စဉ်းစားကြည့်ရင် ဒီမန်းသီတာဥယျာဉ်က မြို့လယ်ခေါင်မှာရှိတဲ့ အေးချမ်းတဲ့အဆင့်မြင့်ဥယျာဉ်တစ်ခုအဖြစ်တည်ရှိခဲ့ဘူးတာ ဂုဏ်ယူစရာပါ။
ကလေးတွေဆော့နိုင်တယ် လူကြီးတွေအပန်းဖြေနိုင်တယ် ချစ်သူရီးစားများ အေးအေးဆေးဆေး စကားပြောနိုင်တယ်။
ဒီဥယျာဉ်က ညဆိုရင် ကိုးနာရီထိုးရင်ပိတ်ပါတယ်။
ညပိုင်းမှာတော့ ဒီဥယျာဉ်ထဲကို မိသားစုတွေလာခဲပါတယ်။
ဘာလို့လဲဆိုတော့ ညပိုင်းဆိုရင် ကျုံးနံဘေးရယ် မန်းသီတာဥယျာဉ်ရယ်က မန်းလေးမြို့က မာမီခေါ်ခေါ် အခြောက်ခေါ်ခေါ် ဂန်ဒူးခေါ်ခေါ် ခေါ်ချင်သလိုခေါ်လို့ရတဲ့
မိန်းမရှာများ ကျက်စားကြတဲ့နေရာဖြစ်နေလို့ပါဘဲ။
ဒါကတော့ လှပတဲ့ ပန်းခင်းလေး ပိုးကျနေသလိုခံစားရပါတယ်။
ဒီမန်းသီတာကဥယျာဉ်အရှေ့ဘက်ထက်စာရင်အနောက်ဘက်ခြမ်းက ပိုစည်ကားတတ်ပါတယ်။
မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့ ပြည်ထောင်စုနေ့များမှာဆိုရင် ဒီဥယျာဉ်ထဲမှာရော ဟိုကျုံးမြောက်ဘက် အာဠလဝီတံတားဘက်က စလို့ အနောက်ဘက် ကျုံးနံဘေးမှာရော ပွဲတော်ကျင်းပတတ်ပါတယ်။
ပိတ်ကားထောင်ပြတဲ့ ရုပ်ရှင်နှစ်ကားတွဲက အနောက်ဘက် အာဠလဝီတံတားထိပ်မှာတစ်ခု အရှေ့ဘက်မင်္ဂလာတံတားထိပ်မှာတစ်ခု နှစ်နေရာပြလေ့ရှိပါတယ်.
သမဈေးအရောင်းဆိုင်တွေ ၊ လက်ဖက်ရည်ဆိုင် အကြော်ဆို်င်တွေ ၊ဌာနဆိုင်ရာတွေကလာဖွင့်တဲ့ ပြခန်းတွေ။အရောင်းဆိုင်တွေ ၊ပုဂ္ဂလိက အရောင်းဆိုင်တွေ၊
အငြိမ့်တွေ တီးဝို်င်းတွေနဲ့ ကြည့်လို့မကုန်အောင် သွားလို့မကုန်အောင်ကို စုံလှသလို လူတွေကလဲ ကျိတ်ကျိတ်တိုး ကြက်ပျံမကျစည်ကားလှပါတယ်။
စည်ဆို တမြို့လုံးကလာကြတာကိုးဗျ။
အဲဒီလွတ်လပ်ရေးပွဲရောက်ရင် ရှမ်းပြည်ကလာရောင်းကြတဲ့ မုန့်ခေါင်းအုံးသည်ကိုအရမ်းသတိရပါတယ်။
မုန့်ခေါင်းအုံးဆိုတာကတော့ ခေါင်းအုံးလို့မုန့်ကြီးမှာ ထန်းညက်ရည်တွေဆမ်းထားတဲ့မုန့်ပါ။
နောက် မုန့်လေပွေခေါ်တဲ့မုန့်ကလဲ ဆန်နဲ့လုပ်ထားတဲ့ မုန်ပျစ်သလက်လို အဖြူပြားပြားအချပ်ကြီးမှာ ထန်းညက်ရည်တွေဆမ်းပေးတာပါ။
နောက်အာပုံလို့ခေါ်တဲ့ကုလားမုန့်ပျစ်စလက် တမျိုးကတော့ အလွမ်းဆုံးမုန့်ပါ။
မုန့်ပျစ်စလက်လို လုပ်ထားတဲ့မုန့်ထူထူလေးထဲမှာ နွားနို့် အုန်းသီးခြစ်နဲ့သကြားတွေဆမ်းပေးထားတဲ့မုန့်ပါ။
နောက်ဒီ”အာပုံ”ဆိုတဲ့စကားလုံးလေးမှာ ကွယ်ဝှက်တဲ့အနက်ကလေးရှိပါသေးတယ်။
သိချင်တယ်ဆိုရင်အိမ်မှာအသက်ငါးဆယ်တန်းလောက်လူကြိးရှိရင် မေးကြည့်ပေါ့ “အာပုံ”ဆိုတာဘာလဲလို့။
အဆော်ခံရရင်တော့ တာဝန်မယူပါဘူး။

အခုအချိန်မှာတော့ မန်းသီတာဥယျာဉ်ဆိုတာကလဲ မရှိတော့ပါဘူး။
ဖျက်သိမ်းလိုက်ပါပြီ။
သီချင်းထဲမှာနဲ့ ရှေးကလူတွေရဲ့ရင်ထဲမှာဘဲကျန်နေပါတော့တယ်.။
ကျုံးနံဘေးမှာ ကျင်းပခဲ့တယ်ဆိုတဲ့လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲဆိုတာလဲ အိပ်မက်တစ်ခုလိုဘဲဖြစ်သွားပါပြီ။
ဒါပေမယ့်တစ်ခါတစ်လေ များမှာတော့ ကျုံးဘေးကို လမ်းလျှောက်သွားရင် ဟိုဘက်ကမ်းကနေ အော်နေတဲ့ “ဟိုက်ရော ” “ဟိုက်ရော ” “ဟိုက်ရော “ဆိုတဲ့အသံကိုနားထဲကြားမိသလိုပါဘဲ။
ကျနော်က မြန်မာ့လက်ဝှေ့ကြိုက်တဲ့လူမို့လို့လားတော့မသိဘူး။
ပြောမယ်ဗျာ မန်းလေးအကြောင်းတွေးရင် လွမ်းစရာတွေက ပိုပိုများလာသလို့မို့ဆက်ရေးအုံးမယ်ဗျာ။

12 comments

  • michaelaungpu

    October 4, 2010 at 3:19 pm

    အမလေးသူ ့ပန်းခြံကြီးထည်းဈာန်ဝင်နေတုန်း အခုအချိန်မှာတော့ မန်းသီတာဥယျာဉ်ဆိုတာကလဲ မရှိတော့ပါဘူးဖျက်သိမ်းလိုက်ပါပြီ။
    ဆိုတော့ ရင်ထည်းမှာ ဟာတာတာကြီးဖြစ်သွားတယ် နို ့ဘယ်ရောက်သွားတာတုန်း ကောင်စီရုံးဖြစ်သွားတာလား
    မန္တလေးကို အလည်ပတ်သဘောနဲ ့တစ်ခါမှတော့မရောက်ဘူးပါဘူး ပတေလေးအရွယ်တုန်းကတော့ ခရီးတစ်ခုသွားရင်း ရထားနှင့်ဖြတ်သွားဘူးတယ်
    စစ်ကိုင်းတောင်တန်းကြီးရဲ ့ညဘက်မီးအလှတွေရယ် လပ်ကီးဟော်တယ်အမြင့်ကြီးရယ် ကြာခဲ့ပါပြီ
    လမ်းကြုံရင်တော့ဝင်လည်ကြည့်ပါဦးမယ် ဘယ်ဘုန်းကြီးကျောင်းဟင်းကောင်းသတုန်းဗျ ဟီးး

  • bigcat

    October 4, 2010 at 11:33 pm

    အာပုံမှာ
    အဝှာခုန်ရင်
    တရာကုန်တာ
    မှတ်မိတယ်။

    တဏှာမကုန်ပါ
    ကညာစုံရှာ
    တာမလုံသေးတာမို့
    ဟိုင်းရော..
    ပဝါမကူ ရေမရှုတဲ့ပွဲ။

  • MandalayThar

    October 5, 2010 at 1:46 am

    ကျေးဇူးဘဲ ကိုပေါက်။ မန်းသီတာဥယျဉ်ကြီးကတော့ တကယ်အမှတ်ရစရာ တွေပါဗျာ။ ခက်တာက နောက်ပိုင်းမှာ မန်းတလေးသားမဟုတ်တဲ့။ ဒီမြို့တော်ဝန်တွေ ဘာတွေပြောင်းလာတော့။ ဒီမန်းသီတာဥယျဉ်ကြီးဆိုတဲ့ မန်းတလေးသားတွေရဲ့ အသဲနှလုံးတွေကို ရိုက်ချိုးပစ်ခဲ့ကြတာဗျာ။ ဘာမှကို မကျန်တော့ဘူး။

    ဒါနဲ့ ကိုပေါက် မိုးပျံတံတား ဆောက်ထားတာက တမာပင်တွေပေါ်မှာလား။ ကျွန်တော်မှတ်မိတာတော့ ထနောင်းပင်တွေပေါ်မှာလားလို့။ နောက် မန်းသီတာဝင်ဝင်ချင်းနားမှာ ဝင်ကမာကြီး ရှိတယ်။ မှတ်မိတယ် ငယ်ငယ်တုန်းက မထွက်တတ်တော့ ဟို အပင်တွေအောက်က တိုးပြီး ထွက်ခဲ့တာ။
    ဆင်ပုံစံလျှောကြီးကတော့ မမေ့သေးဘူးဗျာ။

    နောက် မန်းသီတာက ညပိုင်း စည်ဘီယာဆိုင်ဖွင့်လိုက်သေးတယ်။ အဲဒါတော့မှတ်မိတယ်။ မီးသီးလုံးလေးတွေနဲ့ မန်းသီတာဆိုတဲ့ ဆိုင်းဘုတ်ကြီးအောက်မှာ စည်ဘီယာ ဆိုပြီး ရေးထားတာ။ အဲဒီက စပြီး စည်ဘီယာနဲ့ ရင်းနှီးလာတာဗျာ။

  • kai

    October 5, 2010 at 11:17 pm

    မြန်မာ့လက်ဝှေ့ကြိုက်တဲ့ဝါသနာတူနေလို့ဗျ..။
    စကားအတင်းစပ်ပြောရရင်.. ဟိုတလောက အမေရိကန်နဲ့ဗမာ ထိုးကြတာမှာ ဘယ်သူနိုင်သွားသလဲလို့..။

  • kopauk mandalay

    October 6, 2010 at 2:37 am

    (1)မန်းလေးကဘုန်းကြီးကျောင်းတိုင်း ဟင်းကောင်းပါတယ်။
    (2)အာပုံကိုသိသူတွေရှိသေးတာ ဝမ်းသာပါတယ်။
    (3)တမာပင်တွေနဲ့ဆက်ပြီးမိုးပျံတံတားဆောက်ထားတာသေချာပါတယ်။
    (4)မြန်မာတစ်ပွဲနိုင် သုံးပွဲသရေပါ သတင်းစာဘဲဖတ်ရပါသေးတယ် ခွေကတော့ နောက်ခြောက်လလောက်မှာမှ ထွက်မှာတဲ့.
    ကြည့်ပြီးရင်ပြောပြမယ်နော်။

  • bigcat

    October 6, 2010 at 3:10 am

    အာပုံကို အာရုံပြုလို့ မေရုနဲ့စုတ်တံချည် ဆိုတဲ့သီချင်းကို ကြာဖူးပါတယ်။ ဆရာပေါက်ဆက်ပေးပါအုံး။

  • kai

    October 6, 2010 at 3:28 am

    အာကာကို လွှာပုံပြုလို့ မေရုကိုတဲ့ စုတ်တံချီ မဟုတ်လား..
    အဓိပါယ်တော့ သိပ်နားမလည်ဘူးဗျ။ အင်မတိအင်မတန်ချဲ့ကားစွမ်းဆောင်ရေးတယ် ဆိုလိုချင်တာလို့ ထင်တာပါပဲ..။

    အာကာ ဆိုတာက ကောင်းကင်..။
    လွှာပုံဆိုတာက … ရေးနိုင်တဲ့တခုခုထင်ပါတယ်..။
    မေရုကိုတော့ မြင့်မိုရ်တောင်ကို တင်စားရေးလေ့ရှိတယ်၊ မေရုမြင့်မိုရ်တဲ့..။
    ကောင်းကင်ကြီးမှာ မြင့်မိုရ်တောင်လောက် စုတ်နဲ့ရေးမယ်ဆိုတဲ့ အဓိပါယ်ပေါက်မယ်ထင်တယ်..။

    ထားပါတော့..
    ကျားဘညိမ်းရဲ့သား ရွှေအမြုတေကပေါင်ချိန်လာသွားတုံး အခုစကား စပ်မပြောလိုက်ရတာ..နာသဗျာ…။ ယူအက်စ်မှာ ဗမာ့လက်ဝှေ့ ပွဲသွင်းချင်လို့လေ..။ 🙂

  • bigcat

    October 6, 2010 at 3:46 am

    ဟင့်အင်း..ရဘူး။ အာပုံမှအာပုံပဲ။

  • kai

    October 6, 2010 at 3:49 am

    အင်း..တခုခုတော့ တခုခုပဲ..
    ၂ခုမဟုတ်တာတော့ သေချာတယ်..။ ကိုပေါက်ကယ်မှ ရတော့မယ်ထင်တယ်..။ 🙁

  • kopauk mandalay

    October 6, 2010 at 11:24 am

    အာပုံဆိုတာက က ကိုဘခွေးရဲ့ဒါန်ပေါက်နဲ့အတူတူပါဘဲနော်။

  • nay phonehlan

    October 6, 2010 at 7:51 pm

    မန္တလေး ဈေးချိုနား က ညဈေးရှောက်ဝယ်ရတာလေးလဲသတိရတယ် ညဈေးနဲ့ ထမင်းဆိုင်ကောင်းကောင်းလေးတွေအကြောင်းလဲရေးပေးပါဦး…။

  • kopauk mandalay

    October 7, 2010 at 2:26 am

    မန္တလေးညဈေးတန်းအကြောင်းက ရေးမယ်ဆိုရင် တပုဒ်သတ်သတ်လောက်ဖြစ်သွားမှာပါ။
    သေချာပေါက်ရေးမှာပါခင်ဗျာ။
    ဘယ်ကျန်ခဲ့လို့ရမလဲနော.။

Leave a Reply