လိမ်စဉ် Cheating

mask

လိမ်စဉ်
အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတယောက် ရှိပါသည်။ သူ၏နာမည်မှာ လင်းမြိုင် ဟုခေါ်ပြီး ရင်းနှီးသူများကတော့ လင်းမြွေလို့ ခေါ်ပါသည်။ သူသည် ညိုညိုမောင်းမောင်း တုတ်တုတ် ခိုင်ခိုင် ကြီးဖြစ်ပြီး အနေအထိုင် အေးဆေးသူ ဖြစ်ပါသည်။ ကျွန်နော်တို့ နှစ်ယောက်သည် တဦးအပေါ် တဦး လွန်စွာချစ်ခင်ကြပါသည်။ ဟေ့ကောင်စာရူး မင်းဘာတွေ ရေးနေတာတုံးကွ၊ ကျွန်နော်လည်း မန္တလေးဂေဇက် အွန်လိုင်းအတွက် ပို့စ်တခု စမ်းတင်မလို့ ကြိုးစားပမ်းစား စာတပုဒ်ရေးနေတုန်း ချစ်သူငယ်ချင်း တေဇာ ရုတ်တရက် ရောက်လာပြီး မေးလိုက်တာပါ။ ကျွန်နော်လည်း စာကိုဖွက်ဖို့ မဖြစ်နိုင်တော့တဲ့အဆုံး မှန်ရာကို ဝန်ခံလိုက်ရပါတယ်။ သူကကျွန်နော့် စာမူကြမ်းကို မျက်နှာထိ မျက်နှာထားနဲ့ အယ်ဒီတာ မျက်နှာပေးအတိုင်း ရှုံ့မဲ့ကြည့်ပြီး မင်းဟာကလည်းကွာ ငါးတန်းခလေး စာစီစာကုံးလောက်မှ အရေးအသား ပုံမကျ၊ ဒီလောက်တောင် အဖြစ်ဆိုးရလားကွာလို့ ဝေဖန်သမှု ပြုပါတယ်။ ဒါနဲ့ ကျွန်နော်လည်း မျက်နှာငယ်လေးနဲ့ ငါကမှန်တဲ့အတိုင်း ရေးတာလေကွာ၊ ပိုတာ ချဲ့တာ တခုမှမပါဘူး။ ဆရာကြီးဒေါက်တာ သန်းထွန်းရဲ့ ငါပြောချင်တဲ့ ငါ့အကြောင်း စာအုပ်မူ အတိုင်း ရေးတာပဲ၊ လိုတာရှိ အပြုသဘောနဲ့ ဝေဖန်ပြင်ဆင်ပေးပါကွာ၊ ငါမင်းအတွက် အခုပဲ လမ်းထိပ်က အသားကင်နဲ့ ဘီယာတလုံး ဆက်ပါ့မယ်လို့ တောင်းပန်တာနဲ့ သူကအသစ် ပြန်ပြင် ရေးပေးပါတယ်။
ငယ်စဉ် ကျောင်းသားဘဝ လန်းဆန်းတက်ကြွတဲ့ အထက်တန်းကျောင်းသား ဘဝမှာတုန်းက သူငယ်ချင်းလေး တဦးရှိခဲ့ဖူးပါတယ်။ သူ့နာမည်က လင်းလက်ဝတ်ရည်၊ ကျွန်နော့်တဦးတည်းမူပိုင် ခေါ်ခွင့် ရတာကတော့ ဝတ်ရည်။ သူကကျောင်းမှာ အလှဆုံးစတားပေါ့၊ အနေအထိုင် အပြောအဆို ကလည်း နူးညံ့သိမ်မွေ့၊ ရုပ်ဆင်းရူပကာ၊ အသားအရည်၊ ကိုယ်လုံးကိုယ်ပေါက် တို့ကပြစ်မျိုး မှဲ့မထင် ဆိုတော့ တင်စားပြောရရင် ပျားပိတုန်းများ ဝိုင်းဝိုင်းလည်နေတဲ့ ဝတ်ရည်ရွန်းလဲ့နေတဲ့ ပန်းဖူး ငုံလေး တပွင့်လို့ဆိုရင် လွန်မယ်မထင်။ ကျွန်နော့်ကိုသူက အဖျားဆွတ်ပြီး ခေါ်တာက ညီညီတဲ့။ ကျွန်နော်တို့ နှစ်ယောက် ဒီလိုနဲ့ပဲ ဆယ်တန်းအောင်တဲ့အထိ စာအတူကျက် ကျောင်းအတူသွားနဲ့ နုနယ်တဲ့ နှလုံးသားလေးတွေမှာ မမြင်နိုင်ခဲ့တဲ့ သံယောဇဉ်ကြိုးတွေ ရစ်နှောင်ဖွဲ့ခဲ့ကြပါတယ်။
သူစာရေးတာ အရှိန်တက်နေတုံး ကျွန်နော်လည်း အစားအသောက်တွေနဲ့ ပြန်ရောက်လာပြီး သူ့ပုခုံးပေါ်ကနေ ကျော်ဖတ်ကြည့်လိုက်တော့ ဟာ..ဟိတ်ကောင်တေဇာ မင်းပြင်ပေးတဲ့စာကလည်း ငါ့မူရင်း အကြောင်းအရာနဲ့လည်း မတူဘူး တခြားစီ၊ မင်းလုပ်တာနဲ့ ငါ့ဇာတ်ကောင် ငလင်းလည်း လုံးရာကပြားရပြီ၊ ငါတို့အချင်းချင်းလည်း ဇာတ်တူသား စားရမဲ့ အပေါက်မျိုး မင်းက လျှောက်လုပ် တာကိုးကွ၊ မှားပါတယ်ကွာ ဒီလိုမှန်းသိ အောက်ကျခံလို့ မင်းကိုဆရာ မတင်သင့်ပါဘူး။ အခုတော့ ဖွတ်လည်းဆုံး ပဒတ်လုံးဆုံး၊ စာလည်းပျက် ပိုက်ဆံလည်းကုန်၊ ငါ့ဘဝနဲ့ငါ ငါ့စာနဲ့ငါ့သာ ရှိပါစေတော့ ကွာလို့ ကြိမ်းမောင်းပြစ်တင်ပြီး ကိုယ့်ဇာတ်လမ်းကို ဆက်ဖို့အကြံဆက်ထုတ် ရပါတော့တယ်။ ဒါပေမဲ့ ဖီလင်က မလာတော့၊ စာရေးဆရာ ဓါတ်ခံအပြည့်ရှိသူဆိုတော့ မုဒ်မဝင်တော့ရင် ဆက်ရေးဖို့မသင့်၊ စာဖတ်ပရိတ်သတ်ကို လိမ်ဖို့ဆိုတာ စိတ်နဲ့ပင်ပြစ်မှားသင့်သော အရာမဟုတ်ပေတယ် မှတ်လား။ တဆင့်တက်ပြီး ပြောရရင် စာပေသည် ပြည်သူ့အတွက် ဖြစ်ရပေမပေါ့။ ဒါနဲ့ ဘာဆက်ရေး ရမလဲ ဆက်တွေးရင်း တွေးရင်းနဲ့ လမ်းချော်ပြီး တွေ့ဖူးတဲ့ စာရေးသူများ အကြောင်းကို ရောက်သွားပါတယ်။ ရှေ့မဆက်ခင် စကားကို ကြိုတင်ခံထားရရင်တော့ ကျွန်နော်တွေ့ဖူးသူများဟာ ကိုယ်လိုနဲ့ ကိုယ့်ထက် ခေါင်းတလုံးပိုသာတဲ့ အပျော်ထမ်း စာရေးကောင်းသူများပါ။ ပရော်ဖက်ရှင်နယ် ဆရာ၊ ဆရာမများ မဟုတ်ရပါကြောင်း အခုစာရေးရာမှာ သုံးနေတဲ့ ကီးဘုတ်ကို တိုင်တည်ပြီး ပြောပါရစေ။
စာရေးတယ်ဆိုတာ လူတချို့အတွက် သိပ်မခဲယဉ်းလှ။ စာကောင်းတပိုဒ်သာ မဟုတ်ရင် နေမယ် အများသူငါ ဖတ်လို့ရတဲ့ စာဖြစ်ဖို့ကတော့ ထသွားထလာပါပဲ။ အခုခေတ်လို ဘလော့တွေ ဖရီးအွန်လိုင်း ဝက်ဘ်ဆိုက်တွေ (ပိုအရည်အချင်းရှိသူများကတော့ ပိုက်ဆံရတဲ့ ဂျာနယ်လေးတွေမှာ) ပေါ်လာတော့ ကလောင်သွေးဖို့ဆိုတာ အချိန်ပေးနိုင်ဖို့ပဲ လိုတော့တယ် မဟုတ်လား။ စာထဲမှာတော့ ရေးသူရဲ့ ပါစင်နယ်လီတီလို့ ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေး အသုံးအနှုန်းတွေက မြင့်မြင့်မားမား၊ ချိုချိုသာသာနဲ့ အထင်ကြီးစရာ ခင်မင်ဖွယ်ရာအတိ၊ လူချင်းသိသူတွေ ဆိုရင်တော့ ငပေါကြီးလည်း ဖြစ်ချင်ဖြစ်မယ်၊ ငထုံကြီးလည်း ဖြစ်ချင်ဖြစ်မယ်၊ လူဆိုးသူခိုးလောက် နီးနီးလည်း ဖြစ်နိုင်တာပေါ့။ တွေ့ဖူးပါရဲ့ လူတဦးက စာထဲမှာ သူ့အရေးအသားက စာဖတ်သူတွေအတွက် အထင်ကြီးစရာ၊ အပြင်မှာတော့ ဆေးကြောင်နေတာ များတယ်၊ နောက်တမျိုးကြတော့ စာတွေက ဟုတ်ဟုတ်ငြားငြား၊ တကယ်တန်းကျတော့ လုပ်ရပ်တွေက မခိုင်မာ။ ဆိုးဆိုးဝါးဝါး မဟုတ်ပေမဲ့ သူလိုငါလိုပဲ၊ ဒါပေမဲ့စာကိုပဲ ဖတ်ပြီး အကဲဖြတ်ရင်တော့ ရှားပါးမျိုးစိတ် ထဲကပေါ့။ တချို့ကြတော့ စာတွေ့လက်ချာတွေနဲ့ ဆရာ လုပ်နေတာ လက်တွေ့ကြတော့ အာပလာ၊ စာရေးတတ်တာပဲရှိတယ်။
ငါကရော ဘာကောင်လည်း၊ ကိုယ့်ကိုယ်ကိုပဲ အသိဆုံး။ ရေးတာကတော့ ကိုယ်ကြိုက်တာ ကိုယ်ရေးပဲ၊ ကိုယ်ဘာကောင်လည်း သူတို့မသိ၊ မင်းသားလည်း မင်းသား၊ လူကြမ်းလည်း လူကြမ်းပဲ။ ဒီလို ငါ့လိုမျိုး လူလိမ်တွေ မန္တလေး ဂေဇက်မှာ ဘယ်နှစ်ယောက်များ ရှိမလဲမသိဘူး၊ သိချင်လိုက်တာ။ ဘယ်သူမှတော့ ကိုယ့်ကိုယ်ကိုဖေါ်မသူတော် လုပ်ကြမယ်လို့မထင်။ ငါလည်းမျက်နှာဖော်စရာ မလိုလို့ အော်ချက် ထုတ်လိုက်တာ၊ မကျေနပ်လဲ လေသဲ။ အလွန်ဆုံး ဆဲကြယုံထက် ပိုလုပ်နိုင်မှာ မဟုတ်ဘူး။ အင်း..သူများတွေကို ပုတ်ခတ်လို့ ပို့စ်တပုဒ်တော့ရပြီ၊ တင်လိုက်အုံးမယ်။ ရေးသူ၊ ဖတ်သူ ဤနှစ်လူ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ လန်းဖြာယိုဖိတ် ရွှဲပါစေ။

4 comments

  • kai

    October 2, 2010 at 10:38 am

    စာကို လိုင်းသုံးလိုင်းလောက် ပူးရေးထားတာ… ခေါင်းကိုမူးရောပဲ..။
    ကြည့်ရတာ ဘီယာသောက်ပြီးမှ ရေးတယ်နဲ့တူတယ်။

    ရုပ်ရှင်ဇတ်ညွှန်းရေးရင်တော့ အဲဒီလို မတူတဲ့ဇတ်လမ်း၂ခု ခွဲချပြီး .. အပြိုင်ရေးထား..အဲဒါကို ရုပ်ရှင်ရိုက်ရင် အင်မတန်ကြည့်ကောင်းပါတယ်..။
    အခုစာကတော့ ..နည်းနည်းလုံးနေတယ်ထင်မိတာပါပဲ..။

    ဆိုတော့..။
    ကျုပ်လည်း လိုင်းခွဲပြီး တပိုင်းဝင်ကိုင်ပေးပါမယ်..။ အဆင်ပြေတဲ့နေရာထည့်ပေါ့။
    ကိုယ်တိုင်ရေးဖြစ်ကြောင်း တာဝန်ယူပါတယ်။ 🙂
    ====

    တံခါးကို အသာအယာပိတ်ရင်း ကျနော်ခြေဖွဖွနင်းကာ ထွက်ခဲ့သည်။ သူဈာန်ဝင်သွားတာ မပျက်စေချင်။
    လှေကားမှ ပလက်ဖောင်းပေါ်ခြေချမိသည်နှင့် နယူးယောက်နွေ၏အပူက မျက်နှာကို လာဟပ်သည်။
    ဒီနှစ် ပိုပူလေသလား..။?

    ကျနော် ခပ်သွက်သွက်ပဲ ဘူတာဖက်သို့လျှောက်သွားလိုက်သည်။
    ဆယ်လှမ်းပင်မပြည့်သေး၊ နောက်မှတယောက်ယောက်လိုက်လာသလိုခံစားရသဖြင့် ဖြတ်ခနဲ့ စောင်းလှည့်ကြည့်မိပါသည်။
    သူမ..။
    ညစဉ်သည်လိုအချိန်မှာ “သူမ” လှမ်းလျှောက်တတ်သည်။

    တွန့်ဆုတ်သွားသော ခြေလှမ်းများနှင့် သူမကို ကျော်သွားစေပြီးမှ နောက်ကလိုက်မလား။ ရှေ ့ကပဲ ခပ်သွက်သွက်လျှောက်မလား။ ဘေးချင်းယှဉ်ကာ ရောကြည့်မလား တွေးနေမိပြန်ပါသည်။
    “ဟာ..။ မဖြစ်သေးပါဘူး. တော်ကြာ ဟိုကောင် အိပ်ယာထဲက ဟိုဟာတွေနှိုက်နေဦးမယ် .မြန်မြန်ပြန်မှ ”စဉ်းစားမိသဖြင့် ရောက်နေသောနေရာမှ ညာဖက်လမ်းမကြီးဖက်သို ့အလိုက်သင့် ကွေ့ပြီးဆက်သွားလိုက်သည်။
    ရှေ့မှာ အရက်ဆိုင်။

    ဆိုင်တံခါးဆွဲဖွင့်သော် “ကလင်” ဟူသောခေါင်းလောင်းသံနှင့်အတူ ကောင်တာနောက်က ဆိုင်ရှင်တရုတ်ကြီးက ဖြတ်ကနဲ့လှမ်းကြည့်နှုတ်ဆက်သည်။
    ရှေ့တိုးသွားယင်းက လက်မထောင်ပြလိုက်ပြီး ဘီယာ တကပ်နှင့် အသားကင်တထုတ်မှာသည်။
    ပါလာသော ဒေါ်လာ၂ဝ ကုန်ပါလေရော..

    “ကလင်”
    ဒီတခါတော့ ကျနော်လည်း လှည့်ကြည့်မိ၏။
    “သူမ” ပါလား။ ဪ.. နောက်ကလိုက်လာတာကိုး ဟုတွေးရင်း မသိမသာ အကဲခတ်နေလိုက်သည်။
    နယူးယောက်၏နွေသည် အညာနွေထက် လှောင်အိုက်သည်။ ထိုအခါ နယူးယောက်သူတို့သည်လည်း နွေနှင့်အပြိုင် ပွင့်လန်းဖေါ်ချွတ်ပါသည်။
    စွတ်ကျယ်လက်ပြတ်အဖြူလေးကို ချက်ပေါ်အောင်လိပ်တင်ထားပြီး ဂျင်းဘောင်းဘီတိုနံ ့လေးနှင့် သူမသည် အသားမဲသည်ကလွဲ၍ အကုန်လှသည်ဆိုရလေမလား..?

    “ဟေ့.. ဘီယာတိုက်မလား”
    တကယ်ကို “သူမ”မေးလာသောအခါ အခန်းတွင်ကျန်ရစ်ခဲ့သော သူငယ်ချင်းကို စိတ်ထဲမှ ဖနောက်နှင့် ၁ဝခါပေါက်မိကာ ကိုယ့်နရင်းကိုယ် ၄ခါအုပ်မိလေသတည်း။
    ==

    • bigcat

      October 2, 2010 at 6:46 pm

      ရက်စက်လိုက်တာ ကိုkai ရယ်။ ပြီးခဲ့တဲ့အပတ်ကမှ ခင်ဗျားသောက်ချင်တယ်ဆိုလို့ ဘလူးလေဘယ် တသေတ္တာ ပို့ပေးခဲ့တာမှမထောက်။ အဲဒီတုန်းကတော့ ဖုံးထဲမှာ ကျေးဇူးတင်တဲ့အပြင် ကျွန်နော်ဘာရေးရေး ကောင်းလွန်းလို့ ဘောနပ်စ်ပွိုင့်သာမက မန်းလေးပုံနှိပ်သတင်းစာမှာပါ ပါအောင်လုပ်ပေး မယ်ဆိုတာ မေ့သွားပြီပေါ့။ ဒါကြောင့် ပြောတာနေမှာ ရှင်တို့ယောက်ျားများ မကောင်းကြပါဘူးလို့။

  • kopauk mandalay

    October 3, 2010 at 3:53 pm

    bigcatရေ
    ကိုပေါက်ကတော့ လူမြင်ရင်မျက်နှာပျက်ရမယ့်လူစားထဲမှာပါတယ်ထင်လို့
    ဘယ်ဆိုဒ်မှာမှ ဓါတ်ပုံမတင်ဘူး ။
    စာကတော့ရေးရင်အတည် အပြင်မှာတော့လူက ငဆနူဖြစ်နေလို့ပါ။

  • Gong Zhu

    October 13, 2010 at 3:19 pm

    ှုဆနူတိုတာဘာလဲ …

Leave a Reply