စကားပြောအတတ်ပညာ….

manawphyulayOctober 2, 20101min632

စကားပြောဆိုရာ၌ လိမ်မာပါးနပ်စွာ ပြောဆိုတတ်ရန် လိုအပ်သကဲ့သို့ တဘက်လူရဲ့စကားကို သေချာနားလည်အောင် နားထောင်ရန်လည်း လိုအပ်ပါပေသည်။ တစ်ချို့က မိမိကသာ ပြောချင်၍ တဘက်လူရဲ့စကားကို နားမထောင်ချင်တာတို့
ဆိုလိုချက်ကို ပြီးဆုံးအောင် နားမထောင်တာတို့ ရှိတတ်ကြပါတယ်။

တကယ်တော့ စကားပြောဆိုခြင်းသည် အလွန်အရေးပါ အရာရောက်သော ကဏ္ဍတစ်ခုဖြစ်သည်ကို လူတိုင်းသိနေကြသော်လည်း စကားမည်သို့မည်ပုံ ပြောဆိုရမည်ဆိုသည့် အချက်အလက်များကိုတော့ လေ့လာမှတ်သား
မကျင့်ကြံကြသည်က များနေသည်ကို တွေ့ရှိရပေသည်။

စကားပြောကောင်းခြင်း၊ စကားကို ရေလည်ပတ်လည် ပြောဆိုတတ်ခြင်း၊ လိုရင်းတိုရင်းဖြစ်အောင် ပြောဆိုတတ်ခြင်းစသည့် အချက်အလက်များကို စကားပြောဆိုရာ၌ အထူးသတိထားရန် လိုအပ်လှပေသည်။ စကားပြောဆိုကောင်းလျှင် အရာရာကို
အောင်မြင်သကဲ့သို့ လူချစ်လူခင်လည်း ပေါများပေသည်။ စကားပြောဆိုခြင်းနဲ့ပတ်သတ်၍
မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သော စကားပြောကောင်းခြင်း အင်္ဂါ(၆)ပါးကို တင်ပြချင်ပါသည်။ ၎င်းတို့မှာ………..

၁။ ချစ်ခင်မြတ်နိုးဖွယ် ကိုယ်အမူအရာရှိခြင်း။

၂။ ချစ်ခင်မြတ်နိုးဖွယ် နူတ်အမူအရာရှိခြင်း။

၃။ ချစ်ခင်မြတ်နိုးဖွယ် လိုက်လျှောတတ်ခြင်း။

၄။ ချစ်ခင်မြတ်နိုးဖွယ် မျှတဝေဖန်မူရှိခြင်း။

၅။ ချစ်ခင်မြတ်နိုးဖွယ် ကိုယ်ကျင့်သိက္ခာရှိခြင်း။

၆။ ချစ်ခင်မြတ်နိုးဖွယ် အသိပညာရှိခြင်းတို့ပင် ဖြစ်ပေသည်။

စကားပြောဆိုရာ၌ အဓိကထားရမည့် အချက်မှာ မိမိပြောသောစကားသည် သူတစ်ပါးအတွက် မထိခိုက် မနစ်နာ မကြမ်းတမ်းသော စကားများကိုရှောင်ပြီး ကောင်းကျိုးဖြစ်စေလိုသော မေတ္တာဓာတ်ဖြင့်
ပြောဆိုဆက်ဆံမှသာလျှင် မိမိရဲ့စကားသည် အဓိပ္ပါယ်ရှိ၍ အောင်မြင်မှုရပေလိမ့်မည်။

လူ့လောကစကားပြောကြရာတွင် တစ်ဦးနှင့်တစ်ဦး ဆွေမျိုးမောင်နှမများကဲ့သို့ သဘောထားပြီး လိမ်မာယဉ်ကျေးသော စကားလုံးများဖြင့် ပြောဆိုမှသာလျှင် လူရာဝင်သော စကားဖြစ်ပေလိမ့်မည်။ ထို့ပြင် မိမိစကားပြောဆိုမည်ဆိုလျှင်
မိမိရဲ့စကားသည် မိမိပြောချင်သော အဓိပ္ပါယ်ကိုရောက်မရောက်ဆိုသည့်အချက်လည်း သတိထားရန်
လိုအပ်လှပေသည်။ တစ်ချို့က ပြောချင်ဇောဖြင့် ပြောချလိုက်ရာ ဆိုလိုချင်သည်ကားတခြား
ပြောလိုက်သည်ကတခြား ဖြစ်နေတတ်၍ ဒုက္ခတွေ့တတ်ပေသည်။

လူသားများသည် များသောအားဖြင့် မြတ်ဗုဒ္ဓနဲ့ပတ်သတ်သောစကား ရဟန်းသံဃာများနဲ့ ပြောဆိုသောစကားများကို မပြောမဆိုတတ် မသုံးနှုန်းတတ်သည်က များလာသည်ကို တွေ့ရသောကြောင့် ထိုအသုံးအနှုန်းများကိုလည်း
တင်ပြပေးချင်ပါသည်။

မြတ်ဗုဒ္ဓရုပ်ပွားတော်အား တွေ့မြင်ရပါက သပ္ပါယ်လိုက်တာ၊ ကြည်ညိုစရာကောင်းလိုက်တာဟုသာ ပြောဆိုရပါမည်။ မြတ်ဗုဒ္ဓရုပ်ပွားတော်သည် လျောင်းတော်မူပုံ၊ ရပ်တော်မူပုံ၊ သီတင်းသုံးနေတော်မူပုံတို့
ရှိကြပါသည်။ ထိုကဲ့သို့သော ရုပ်ပွားတော်များကို တွေ့မြင်ရလျှင် သူ့နေရာနဲ့သူ
သုံးနှုန်းပြောဆိုတတ်ရန် လိုအပ်ပါသည်။

ရဟန်းသံဃာတော်များနဲ့ပြောဆိုရာတွင်လည်း အရှင်ဘုရား၊ တပည့်တော်၊ တင်းပါး၊ မှန်ပါ့ဘုရား။ လျှောက်တင်ပါသည်ဘုရား။ ကြွတော်မူပါဘုရား။ ကြည်ညိုပါသည်ဘုရား။ ဆွမ်းဘုဉ်းပေးတော်မူပါဘုရား။
အလှူခံတော်မူပါဘုရား။ ဆက်ကပ်လှူဒါန်းပါသည်ဘုရား။ ဖူးမျှော်ပါသည်ဘုရားစသည့်
အပြောအဆိုများကို သူ့နေရာသူ ပြောဆိုတတ်ရန် လိုအပ်ပါပေသည်။

စကားပြောမတတ်၍ ပြောတတ်သလို ပြောလျှင်ရော အပြစ်ရှိသလားလို့ မေးလာလျှင် စိတ်ထဲက ကြမ်းတမ်းမိုက်ရိုင်းလိုသော စိတ်ဆန္ဒမရှိပါက အပြစ်မရှိသော်လည်း ဗုဒ္ဓသာသနာနွယ်ဝင်များဖြစ်ပါက လူသူလေးပါးထဲတွင်
ထိုသို့ပြောဆိုမှသာလျှင် မိမိတို့၏စကားသည် ယဉ်ကျေးသိမ်မွေ့သော စကားဖြစ်ပေလိမ့်မည်။

ယခုခေတ် လူငယ်လေးများသည် ရဟန်းသံဃာများနှင့် စကားပြောရမည်ကို ကြောက်သလိုလို လန့်သလိုလို ဖြစ်နေတတ်ပြီး စကားမပြောချင်ကြပေ။ ထိုသို့ ရဟန်းသံဃာများနှင့် မပြောမဆို မရင်းနှီးသောကြောင့်
သူတို့လေးများ၏ သန္တာန်၌ ဗုဒ္ဓနဲ့သက်ဆိုင်သော ယဉ်ကျေးမှုအသိပညာများ ခေါင်ပါးနေကြခြင်း
ဖြစ်ပေသည်။

ထို့ကြောင့် စာရေးသူက မိမိထံသို့ ဘာသာရေး၊ ပညာရေး၊ ဗဟုသုတစသော အသိပညာများ မေးမြန်းချင်၍ ရောက်လာကြသော ခေတ်လူငယ်များအား စကားမပြောတတ်လို့ဆိုပြီး စကားမပြော မမေးမြန်းဘဲနဲ့တော့ မနေပါနဲ့။
သိချင်တာကိုမေးပါ။ ဘယ်လိုပြောရမည်ဆိုတာကိုလည်း သိချင်ရင် မေးပါ။ စကားမပြောတတ်လို့
မပြောမမေးဘဲနေသွားမည်ဆိုလျှင် သင်တို့သန္တာန်မှာ ဘာသာရေးဗဟုသုတ အသိဉာဏ်များ
ရရှိလာလိမ့်မည် မဟုတ်၊ ငါသည် သင်တို့အား ငါ၏မောင်နှမသားချင်းကဲ့သို့
သဘောထားသောကြောင့် အစဦး၌ ပြောတတ်သလို ပြောနိုင်ပါသည်ဟု မိန့်တော်မူပေးခဲ့သည်။

စာရေးသူကိုယ်တိုင်ကလည်း ပြည်ပ၌ ပညာသင်နေတဲ့အချိန်လေးမှာ ကိုယ်တိုင်ကိုယ်ကျ တရားမဟောနိုင်သေး၍ အွန်းလိုင်းကနေ မိမိရင်ထဲ၌ ရှိနေသည့် အသိပညာများကို အများအကျိုးရှိအောင် လုပ်ဆောင်ပေးမည်ဟု
ဆုံးဖြတ်ထားသောကြောင့် တတ်နိုင်သလောက် ပို့စ်ရေးတင်၍ တတ်နိုင်သလောက် မေးမြန်းလာမှုများကို
ဖြေဆိုပေးနေခြင်း ဖြစ်ပေသည်။

ဤပို့စ်ကို ရေးသားခြင်းသည် မိမိတို့၏ မြန်မာလူမျိုးများ စကားပြောဆိုခြင်းနဲ့ပတ်သတ်၍ လိမ်မာယဉ်ကျေးစေလိုသော ဆန္ဒဖြင့် ရေးသားတင်ပြလိုက်ခြင်း ဖြစ်ပေသည်။

2 comments

  • SP

    October 3, 2010 at 6:08 am

    ဘယ် ဆရာတော် ဟောထားတာလဲ ခင်ဗျာ။

  • မန်း ရိပ်

    October 3, 2010 at 6:26 am

    “မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သော စကားပြောကောင်းခြင်း အင်္ဂါ(၆)ပါးကို တင်ပြချင်ပါသည်”တဲ့ မြင်ဘူးလား

Leave a Reply