ပေးဆပ်ခြင်းနဲ့ ရယူခြင်းမှာလိုအပ်တဲ့အချစ်

smytu1996October 3, 20101min502

အေးစက်တဲ့နှလုံးသားကို
ပိုင်ဆိုုင်တဲ့ ……ငါ…အော် အချစ် ကို ဘယ်သူက မရယူချင်လဲ။
အချစ်ကို
လက်ခံဖို့ ငါ့မှာ…….
ရဲဝံ့စွာလက်ခံလိုက်တာဒဏ်ရာတွေ
နာကျင်မှုတွေကျန်ခဲ့ရပါလား….
ဒီလိုနဲ့ ချစ်ခြင်းကို
စိတ်ရှုပ်စရာအဖြစ်တွေးလာမိတယ်။
အချစ်ကို သတ်မှတ်ချက်တွေ ထားရင်
ဝန်ထုတ်ဝန်ပိုးလိုခံစားရမယ်။ ခံစားချက်တွေကို လစ်လျူရှုမိမယ်။ ဒါပေမဲ့
နာကျင်မှုတော့ မရှိဘူး။
သတ်မှတ်ချက်မရှိတဲ့အချစ်ဆိုပြန်တော့လဲ
နာကျင်ခံစားရမယ်။ ပေါ့ပါးတယ်ဆိုပေမဲ့ သတ်မှတ်ချက်မရှိတာလဲ
သတ်မှတ်ချက်ရှိနေတယ်လို့ သင်မထင်ဘူးလား။
ဒီနားရောက်တော့ မျိုးကြီးရဲ့
သီချင်း ဆန့်ကျင်ဘက်လိုပေါ့။ `ငါ့အချစ်ကလွတ်လပ်ခြင်း
မင်းအချစ်ကသိမ်းပိုက်ခြင်း တို့နှစ်ယောက်ရဲ့အချစ်တကယ်ကိုဆန့်ကျင်ဘက်´
ဆိုသလိုပေါ့။
အပေးအယူမျှဖို့အဓိကပါ။ ကိုယ်ကပဲ ယူမယ်ဆိုတော့လဲမရ၊
ပေးမယ်ဆိုတော့လဲမဟုတ်၊ အထိုက်သင့်လေးပေါ့။ ချစ်ခြင်းဆိုတာ
တစ်ယောက်ကိုချစ်မိရင် သောက တစ်ခုကိုပိုင်ဆိုင်တယ်လို့ ပြောလို့ရမယ်။
ဒီအချစ်မီးတောက်ကြီးကို မပူလောင်စေပဲ သင်ရင်ထဲကမေတ္တာနဲ့ အေးမျှစေရင်
ဒီအချစ်မီးဟာလည်း နွေးထွေးတဲ့အချစ်ဖြစ်လာမှာပေါ့ကွယ်။

တစ်ယောက်ယောက်ကိုချစ်တယ်ဆိုတာ
သင့်ရဲ့လွတ်လပ်ခွင့်ပါ။ ချစ်ပြီဆိုတာနဲ့ သင့်ဘက်ကနေအရင်ပေးဆပ်ရမယ်။
ဒီပေးဆပ်နေတာလည်း သင့်အတွက် တခါတလေ ချိုမြန်မယ် တခါတလေ ခါးသီးမယ်။ သင်ကသာ
ဒီအချစ်ကို ပိုင်ဆိုင်ရမယ်ဆိုပြီး ခံယူထားရင် သင်ကော သင်ချစ်တဲ့သူပါ
ပင်ပန်းမယ်။ သင်ရဲ့ အချစ်ကို သူလက်ခံနိုင်အောင် သင်ကြိုးစားရမယ်။
လက်မခံနိုင်ရင်တော့ တစ်ဘက်သက်အချစ်ပေါ့ ပေးဆပ်ခြင်းပါ။
ပြောထွက်လိုက်တဲ့
အချစ်ကစိတ်ထဲမှာပေါ့ပါးသွားတယ်။ ဒါပေမဲ့ မပြောပဲ
ရင်ထဲမှာသိမ်းထားတဲ့အချစ်က ပိုလေးနက်တယ်။ ရင်ထဲမှာလေးနေမယ်လို့ခံစားရပေမဲ့။
ပါးစပ်ကနေ
ချစ်တယ် ချစ်တယ်  ဆိုပြီး တဖွဖွ ပြောနေရင်တော့ ပေါသွားမယ်။
ဒါဟာအချစ်ရဲ့အနှစ်ပါ။
ချစ်တတ်ရင် ဒီအချစ်က လှပနေမယ်။ ချစ်တတ်မှ ပျော်ရွှင်တဲ့ ဘဝကို
သင်ပိုင်ဆိုင်မယ်။

သင့်ရဲ့အချစ်ကို သူလက်ခံနိုင်ပြီဆိုရင်တော့
သင်မြတ်နိုးစွာချစ်ပါ။ ရူးရူးမူးမူးလေးကို ချစ်လိုက်ပါ။ လမ်းခွဲရတယ်
ဆိုရင်လဲ မေ့လိုက်ပါ။ အချစ်ခရီးလမ်းမှာ
ပျော်ရွှင်တဲ့အတိတ်လေးတွေကျန်ခဲ့တာပဲ။ ပျော်ရွှင်တဲ့အတိတ်ကို အောက်မေ့ပြီး
လမ်းခွဲလိုက်တဲ့အချစ်ကို သင်မှတ်ထားစရာမလိုပါဘူး။ မကျေနပ်ဘူး
လမ်းမခွဲနိုင်ဘူးဆိုရင် သင်ရှုံးသွားတာ ဒီအချစ်တင်မက
သင့်ဘဝရဲ့လှပတဲ့အချိန်လေးတွေပါ။
ဒဏ်ရာတွေရယူချင်လို့ ချစ်ကြတာမှမဟုတ်တာ။
ချစ်တာပဲဖြစ်ဖြစ်
ချစ်ခံရတာပဲဖြစ်ဖြစ်…. လွတ်လပ်တဲ့ ထောင့်တစ်နေရာကို
သင်ချစ်တဲ့သူကိုပေးလိုက်ရင် ပျော်ရွှင်တဲ့မနက်ဖန်များစွာကို
သင်ပိုင်ဆိုင်မှာပါ။

တစ်ယောက်ယောက်ကို
ဘယ်အတိုင်းအတာထိချစ်နိုင်မှာလဲ။ ဒါဟာ မသိကိန်းပါ။ ထိန်းချုပ်လို့မရပါဘူး။
အချစ် က ၃နှစ်တာပဲခံတယ်လို့ ပြောကြပါတယ်။ အချစ်စစ်မှာ တက်ကြွနေမယ်၊
ရူးမူးနေမယ်၊ နေ့စဉ်လုပ်ဆောင်ချက်တွေကို မေ့ရင်မေ့နေမယ်၊ ထာဝရဆိုတာ
အတိုင်းအတာတစ်ခုပါ။ ဒီ အချစ်ခရီးလမ်းမှာ စိတ်ပြောင်းတာကတော့
ဖြစ်လေ့ထုံးစံပါ။ စိတ်ပြောင်းတယ် ခံစားချက်ကုန်တယ်။ ဒါဆိုရင်
စချစ်တုန်းကအချစ်ကမလေးနက်လို့လား။ အချစ်မစစ်လို့လား။ တစ်ချို့အတွက်တော့
စိတ်ကစားရုံဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ ဒါဟာ တကယ်ဖြစ်ရပ်မှန်ပါ။
ရက်စက်ခြင်းကတော့ရှိနေမှာပဲ။
ကျွန်မရေးထားဖူးတဲ့ {{ရိုးသွားတဲ့အချစ်လား
ရင်းနှီးသွားတဲ့အချစ်လား}} ဆိုတာကို
စာဖတ်သူတို့မှတ်မိပါလိမ့်မယ်။
ချစ်တာက ၃ နှစ်ခံတာမှန်တယ်ဆိုရင်
ချစ်ရင်းကနေ သံယောဇဉ်အဖြစ်ကူးပြောင်းသွားတာပါ။ ဒီအချစ်သံယောဇဉ်ကိုတော့
လွယ်လွယ်နဲ့ ဖြတ်တောက်နိုင်မယ်မထင်ပါဘူး။ ကိုယ်ပေးလိုက်တဲ့ မေတ္တာမှန်ရင်
အသွားနဲ့အပြန်ကတော့ ရှိနေမှာပါလို့ ယုံကြည်လျက်…….

2 comments

  • Gong Zhu

    October 12, 2010 at 10:05 pm

    ဆုန်သင်းပါရ် သီချင်းတောင်ရှိသေးတယ်လေ အကြင်နာ တစ်ကယ်စစ်ရင် အသွားနဲ့အပြန်ရှိမှာ .. ဆိုတာလေ …

  • kai

    October 12, 2010 at 10:54 pm

    ရတနာ

    အနဂ္ဂပဏ္ဍာ ပေးဆပ်ရန်ကား
    မေတ္တာအစစ် ထိုအချစ်။

    အနဂ္ဂပဏ္ဍာ ရယူရန်လည်း
    သစ္စာနှင်းသစ် ထိုအချစ်။

    ပေးဆပ်ရယူ နှစ်သွယ်မူတွင်
    အနဂ္ဂပဏ္ဍာ ရတနာဟု
    တပ်အပ်သေချာ ရွယ်ရည်မှတ်ပါ

    ပေးဆပ်ခြင်းသာ ရတနာ..။ ။

Leave a Reply