ပိုလာဝက်ဝံရဲ့ ပုံပြင်

whiteOctober 9, 20101min953

ပိုလာဝက်ဝံရဲ့ ပုံပြင်

မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား….? အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှအင်အားထုတ်စရာမလိုဘဲ အဲဒီဝက်ဝံတွေကိုဖမ်းနိုင်တယ်။
ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲ
ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ
အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။ အဒဲ ီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။
ဝက်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့
သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့
အငမ်းမရ လျှာနဲ့ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့
ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုတာကို
သတိမထားမိတော့တဲ့အထိပါပဲ။ လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။
အကြောင်းက သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့်
ထုံနေတဲ့လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက
မြန်လေလေ နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက်လွန်ပြီး
မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။
ဘဝရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း
ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောင်မြင်လေလေ ဝင်ငွေများများ
ရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့က အဲဒီငွေကြေးကို
ဘယ်လိုသုံးရမယ်မှန်း မသိကြဘူး။
ဝင်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့အရာတွေကို သူတို့ဆုံးရှုံး ကြရတယ်။ လူ့ဘဝရဲ့ တန်ဖိုးအရှိဆုံး
အရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊
လူတစ်ဖက်သားကို ကူညီဖို့အရေးဆိုတာကိုတောင် သူတို့မေ့နေခဲ့ကြတယ်။
အမေရိကားရဲ့ အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင် ဆယ်ဦးကို မေးခွန်းမေးပြီး
စာရင်းလုပ်ခဲ့ဖူးတယ်။ မေးခွန်းက “ တကယ်လို့ ဘဝကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက
ဘာလဲ” တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေက “ တကယ်လို့ ဘဝကို အသစ်ပြန်စရရင်
သားသမီးတွေနဲ့ အတူနေတဲ့အချိန်ကို လက်မလွတ်ချင်ဆုံးပါ”လိ ု့ပြန်ဖြေခဲ့ကြတယ်။
တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင်
နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ
ရှာလို့မကုန်နိုင်တ့ ဲ အရာပါတဲ့… ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ
ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။ ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို ကိုယ့်သွေးကို သောက်ပြီး
ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား…?
တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။

fwd mail ထဲက ရတဲ့အတွေးတစ်ခုကို ဝေမျှပေးတာပါ။

3 comments

  • kopauk mandalay

    October 9, 2010 at 11:47 am

    အဲဒါကတော့ အလယ်အလတ်ဆိုတဲ့မျှတစွာနေနိုင်အောင် မနေလို့ဘဲဖြစ်မယ်ထင်ပါတယ်။
    ကျနော်အမြင်ကတော့ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် ဘယ်အချိန်မှာရပ်ရမယ်ဆိုတာ သိဘို့ လိုရင်းပါဘဲ။

  • winkhant

    October 9, 2010 at 2:36 pm

    ပိုလာဝက်ဝံရဲ့ ပုံပြင်လေးပါ…လူတစ်ယောက်အကြောင်းမဟုတ်ပါဘူး

  • unclegyi1974

    October 9, 2010 at 2:37 pm

    ဘဝအတွက်တွေးစရာလေးပါ သေသွားတဲ့လူတွေမေးကြည့်ပါ လုပ်စရာကုန်ပလားလို့
    မကုန်သေးဘူးလို့ဖြေမယ့်လူတွေချည်းလို့ထင်ပါတယ် သူတို့လဲ ပိုလာဝက်ဝံပါဘဲ
    ကျွန်တော်တို့ကော?

Leave a Reply