လက်ရှိချန်ပီယံ ဝင်မကန်တဲ့ပွဲ

cruzOctober 7, 20101min730

လက်ရှိချန်ပီယံ ဝင်မကန်တဲ့ပွဲ
မားဆိုး

ခြံအမှတ် (၅၄) မှာ
ထူးတွေ
အထပ်ထပ်နဲ့
မှတ်တိုင်တွေ
(၆၅) တိုင် ရေးထိုးခဲ့ပြီ
သေတဲ့အထိ
မျက်နှာမငယ်စေရဘူး အမေ။

အမေရေ …
တောခွေးအတွေ ဝိုင်းဟောင်ကြတယ်
ဒါပေမယ့်
“ဝုတ် … ဝုတ်” လို့ မမြည်ဖူး
“ရွေးကောက်ပွဲ … ရွေးကောက်ပွဲ” လို့ မြည်တယ်။

၂၀၁ဝ ထန်းလျက်ခဲ ချကျွေးတော့
မြိန်ရည်ရှက်ရည်ရှိလိုက်ကြပုံများ
မော်ဒန်ဆရာလေးတချို့တောင်
သက်တော်ရှည်အမတ်ဖြစ်မယ့်ခေတ်
ကိုယ့်ကိုကိုယ်
အရန်ခုံမှာ ထိုင်နေရမှန်း မသိကြရှာဘူး။

ဖွတ်စိမ်းတွေက
တောင်ရှည်ဝတ်
ခေါင်းပေါင်းစကို
ညာ ချလို့ …
လမ်းတွေဖောက်ကြသတဲ့
အရေခြုံ ကလိန်တွေစုံတော့
ဖွတ် မိချောင်းဖြစ်၊ မြစ် မချမ်းသာသပေါ့ အမေရယ်။

တကယ်တော့
သူတို့က ခံစစ်တံတိုင်းကြီးတွေပေါ့
စည်းရိုးအထပ်ထပ်နဲ့
ဂိုးသွင်းမခံရအောင် ပိတ်ဆို့မယ်။

ဒီကြားထဲ
သန်းသန်း ချိုချို နေရည် ဆိုတဲ့
သုံးဦးစပ်
ငါးပိရည်ကြို ညွန့်ပေါင်းအသင်းက
နေမညိုသေးဘဲ
လေတွေ ပြိုပြနေကြပြန်ရဲ့
သူတို့က
ဘယ်တောင်ပံတိုက်စစ်ကို တာဝန်ယူမယ်တဲ့။

ဒီမိုကရေစီ
တွင်တွင်ပြောပြီး
ရွှေဝါဆပ်ပြာနဲ့ ဧည့်မထဆန်
မှန်မှန်ထုတ်တတ်တဲ့
ကြောင်သူတော် ဘောသူခိုးတွေက ရှိသေး
သူတို့က
ညာဝင်းမှာ ဆော့မယ်။

အမေရေ …
ကျနော် သ်ိပြီဗျ
ဒေါင်းယောင်ဆောင်ခဲ့တဲ့
အန်ဒီအက်ဖ်တောကျီးကန်းတွေ
တသက်လုံး
ဂိုးမသွင်းနိုင်ခဲ့တဲ့ ရလဒ်ဟောင်းတွေနဲ့
လူကျွံဘောအဖမ်းခံကြဦးမယ်။

ရှမ်းအိုးစည်တီးပြီး
မနောကွင်းမှာ
ဒုံးယိမ်းကကြမယ့်
ဒီမိုကရေစီဘက်တော်သား
အဖြည့်ခံ ဘောသမားလေးတွေပေါ့
သူတို့က
၂၀၁ဝ ဘောလုံးလေး ဘေးထွက်သွားရင်
ပါမစ်အမျိုးမျိုးနဲ့
ဝိုင်းကောက်ပေးကြမယ်။

၈၈ ကျောင်းတော်သား မျက်နှာဖုံးများက
လက်သီးလက်မောင်းတန်းလို့
ကွင်းလယ်ဗိုလ်ချုပ်လုပ်ဖို့
မှန်းကြပြန်ရော။

အဆုံးသတ် တိုက်စစ်မှုးကတော့
လီယွန်နယ်လ်သိန်းစိန် … တဲ့
ဘယ်သူတွေ
ဘယ်လိုတားတား
နောက်ဆုံးတော့
အကောင်းဆုံး
ကလိမ်ခြုံ ပလေယာဆု
အကောင်းဆုံး
ရှေ့တန်းလူသတ်သမားဆု
အကောင်းဆုံး
ဒီမိုကလိမ်စီ ဖန်တီးရှင်ဆု
ရှိသမျှ
သိမ်းကျုံးယူဦးမှာ မြင်ယောင်သေး။

အမေရေ …
အာဂျင်တီးနားနဲ့ ကမ္ဘောဒီးယားပွဲကို
အိပ်ရေးပျက်ခံ
ထကြည့်တဲ့အထိတော့
သားတို့ မရူးနှမ်းသေးပါဘူး။

သားတို့ ရင်ဘတ်ထဲမှာ
အမေသာ ချန်ပီယံ
သားတို့ ကစားကွင်းနဲ့ စစ်တလင်းထဲမှာ
အမေသာ ချန်ပီယံ
မတန်တဲ့ပွဲ
ဝင်မကန်တဲ့ အမေ့အတွက်
သားတို့
ဂုဏ်ယူတယ်။ ။

ကျွန်တော့် Mail ထဲကိုရောက်လာ ညီငယ်တစ်ယောက်က Fwd: လုပ်ပေးလိုက်တာလေးပါ…

ကျွန်တော်ကလည်း တစ်ဆင့်ပြန်လည်မျှဝေပေးတာပါ…မူရင်းပိုင်ရှင်ကတော့ ဘယ်သူဆိုတာ မသိပါဘူးခင်ဗျာ။