ပေါ်ဆဲရုပ်နာမ် ပစ္စုပ္ပန် Present

ပစ္စုပ္ပန်

ပစ္စုပ္ပန်

လူတွေက ပစ္စုပ္ပန်ကိုကြည့်လို့ ပြောလေ့ရှိကြတယ်။ ဘာလဲ ပစ္စုပ္ပန်ဆိုတာလို့မေးလိုက်ရင် အခုဖြစ်နေတာပေါ့လို့ ပြန်ဖြေကောင်း ဖြေကြပါလိမ့်မယ်။ ပစ္စုပ္ပန်ဆိုတာ တကယ်တော့ ရွေ့လျားခြင်း သဘောကို ပြောတာပါ။ အနာဂတ်ရဲ့ ပစ္စုပ္ပန်သည် ယခုပစ္စုပ္ပန်ဖြစ်နေပြီး ချက်ခြင်းဆိုသလိုပင် အတိတ် အဖြစ်ကိုရောက်သွားပါတယ် (ဝါ) အတိတ်ဆိုတာ အရင်က ပစ္စုပ္ပန်ပါ။ အဲဒီ မရှိတဲ့ ကာလသုံးပါးကနေ လွတ်မြောက်နေတာကို ဝိမုတ္တိစိတ်လို့ ခေါ်ပါတယ်။ ငါဆိုတဲ့ အတ္တနဲ့ကြိတ်မှိတ် စောင့်ထိမ်းနေရတဲ့ ကလျာဏ ပုထုဇဉ်မျိုး မဟုတ်တော့ဘဲ အဓိသီလ၊ အဓိသမာဓိ၊ အဓိပညာ သုံးပါးစလုံး ပြည့်စုံနေတဲ့ သဘောပါ။ အမြဲတည်တယ် ဆိုရင် မဟာသောတာပန် ဖြစ်လို့သွားပါတယ်။ ဖြစ်ပျက်ရှုတယ်ဆိုတိုင်း ဝိပဿနာ မမည်ပါဘူး။ ကာလသုံးပါးမှ လွတ်မြောက်အောင် ရှုနေမှသာ (သို့) ရှုနိုင်မှသာ ဝိပဿနာ မည်ပါတယ်။ ဖြစ်ပျက်ရုပ်နာမ်၊ လက္ခဏာသုံးပါး၊ သစ္စာလေးပါး၊ ဓါတ်ကြီးလေးပါး၊ ပဋ္ဋိစသမုပ္ပ စသဖြင့် ဘယ်လိုပဲ ပညတ်တင် ပြောပြောနောက်ဆုံးတော့ ပေါ်ဆဲရုပ်နာမ် ပစ္စုပ္ပန်ကို တည့်တည့်ရှုရမှာပါ။ အဲဒီ့ ပစ္စုပ္ပန်ကလည်း ရှိတယ်မဆိုသာအောင် ချက်ခြင်းပျောက်သွားလို့ ခံစားမှုသာမည သဘောမျှသာလို့ ပြောနိုင်ပါတော့တယ်။ ဒါမှအထက် ညဏ်စဉ်တွေကိုရဖို့လှေခါးကို ရပါတော့တယ်။ လောကီမှာလည်း အပူအပင်မဲ့ ပျော်နိုင်ပါးနိုင် ခံစားနိုင်ကြပါတော့တယ်။ ကာလသုံးပါး ကိုခွဲခြမ်းစိတ်ဖြာပြီး ငါမရှိဆိုတဲ့ အမှန်တရားကို သိသွားခဲ့လို့ အဓိပ္ပါယ်မဲ့ သီလမစင်ကြယ်တဲ့ အလုပ်တွေကနေ ကင်းရှင်းစွာ နေနိုင် သွားကြတာပါ။
အဲဒီလို စိတ်မျိုးရဖို့ဆိုရင် ဝိပဿနာရှု မှပဲရပါတယ်။ အများက သတိပဌာန်တရားမှတ်တိုင်း ဝိပဿနာလို့ ထင်နေကြတယ်။ ရုပ်နာမ်လက္ခဏာ မပေါ်သ၍၊ ကာလသုံးပါးမှ မလွတ်မြောက်သ၍ (သို့) အဲဒီလိုမျိုး ညဏ်မဝင်သေးသ၍ သမထပဲ ရှိပါသေးတယ်။ သာမန်သမထ ကျင့်စဉ်ထက်ပိုတဲ့ ဝိပဿနာညဏ်ကို ရှေးရှုတဲ့ သမ္မာသမာဓိ လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ပါရမီအခံ မရှိဘဲနဲ့ သူ့ အတိုင်းကြီး ဝိပဿနာညဏ် ဖြစ်ဖို့မလွယ်ကူလှပါ။ ဖြစ်တတ်တာ အားထုတ်သူများက သတိပဌာန်နဲ့ တင်ရပ်နေပြီး တက်နေတဲ့ သမာဓိ၊ သိထားတဲ့ စာအခံ၊ နာထားတဲ့ တရားတွေ ပေါင်းပြီး တရားတွေ့ပြီ မှတ်ကြတယ်။ နာတရား၊ ဖတ်တရားတွေမှာလည်း ထည်ဝါတဲ့ အသုံးအနှုန်းတွေနဲ့ ဆိုတော့ လက်တွေ့ ခံစားမှုနဲ့ စပ်ဟပ်ကြည့်ဖို့ထက် အပေါ်ယံကြော ဖတ်ပြီးငါတော့ ဟုတ်နေပြီလို့ ယူဆမိကြပါတယ်။ ပြောရတာ တော်တော်ခက်ပါတယ်။ တရားကျင့်သူ အများဟာ သက်ကြီးပိုင်းတွေဖြစ်လို့ ကိလေသာ ဆန္ဒတွေဟာ လူငယ်လူလတ်ပိုင်းတွေ ထက်စာရင် ပိုပြီးထိန်းနိုင်ကြတာ သဘာဝပါ၊ တရားထိုင်မှရယ် မဟုတ်ဘူး၊ တခြား ဘာသာဝင်တွေလဲ အသက်ကြီးသွားရင်၊ ပညာရှိလာကြရင် ကိလေသာတဏှာတွေ နည်းကုန်ပါတယ်။ ဒါ ပျောက်ကုန်တာ မဟုတ်ဘဲ အသက်အရွယ်အရ စိတ်ခံစားမှုတွေ လျော့နည်းကုန် ငြီးငွေ့ကုန်ကြတာပါ။ ဒါကို ညဏ်စဉ်တွေနဲ့ရောပြီး ့တရားရပြီလို့ ကိုယ့်ကိုယ်ကို လိမ်မိကြတယ်။
လုံးဝ မဟုတ်ဘူးလို့တော့ မဆိုလို၊ ဒါပေမဲ့ ဘုရားဟော ဖြစ်ပျက်သဘဝကို သိတာမဟုတ်ဘဲ တသံသရာလုံး ရလိုက်မရလိုက် ဖြစ်လာခဲ့တဲ့ လောကီ ဆင်ခြင်တုံတရား တွေသာဖြစ်ကြပါတယ်။ ဒီလို အသိမျိုးတွေနဲ့ သေသွားခဲ့ရင် ကောင်းရာဘုံမှာ စံလိုက်၊ ကုသိုလ်ကံတွေ ကုန်တော့ ပြန်ကျလိုက်နဲ့ သုခ၊ ဒုက္ခ သင်္ခါရလောကကြီးမှာ တဖန်တလဲလဲ ကျင်လည်ကြရပါတယ်။ သာဓကအားဖြင့် လောကရဲ့ ဆိုးညစ်မှုတွေကို သံဝေဂရလို့ ထီးစွန့်နန်းစွန့် လူဘောင်စွန့်ပြီး တောထွက်ကြတာ ဘုရားမပွင့်ခင် ဟိုးကာလတွေ ကထဲက ရသေ့ သူတော်စင်တွေ လုပ်ခဲ့ကြတာ အထင်အရှား ရှိပါတယ်။ သူတို့လည်း ခံစားနေရတဲ့ စည်းစိမ်ပိုင်ဆိုင်မှုတွေကို ငြီးငွေ့လို့ ဒါမှမဟုတ် လူ့လောကရဲ့ အရှုပ်အထွေးတွေကို ကြောက်လို့ မဟုတ်ဘူးလား။ သူတို့သေရင် ရသွားတဲ့ ဈာန်သမာဓိအလိုက် ဘုံစဉ်စံကြ၊ ပြီးရင်တော့ ကျန်တဲ့ ကုသိုလ်၊အကုသိုလ် ကံကြွင်းတွေအလိုက် စံကြခံကြပေါ့။ ဝိပဿနာတရားကျင့်သူ ဟာလည်း ဘဝါနာမယျညဏ် မဖြစ်သ၍့ အပေါ်တက်၊ အောက်ပြန်ကျလိုက်နဲ့ တလှည့်စီ စခန်းသွား နေရအုံး မှာပါပဲ။ ပြသနာက လူတွေ စာနောက်ပဲလိုက်ပြီး လက်တွေ့မရှိခြင်းပါ။ ညဏ်စဉ်ွ၊ ရုပ် နာမ် စိတ် စေတသိတ် တွေတော့ ရွတ်နိုင်ပြီး လက်တွေ့မေးလိုက်ရင် စာအုပ်ထဲပဲ ပြန်ရောက်သွား ကြပါတယ်။ တချို့က စိတ်ကို ၅၂မျိုးခွဲပြီး ဘာက ဒေါသမူစိတ်၊ လောသဘူစိတ်လို့ အသေးစိတ် ခွဲနိုင်ကြပါတယ်။ အဲဒီစိတ်တွေက ခန္ဓာထဲမှာ နေ့စဉ် ဖြစ်နေတဲ့ စိတ်တွေပါ။ တကယ်သိရမှာက ဝေဒနာတွေကြောင့် ဖြစ်ရတဲ့ ဒေါသစိတ်၊ လောဘစိတ်တို့ပါ။ အခုတော့ ဘာနဲ့သွားတူ သလဲဆိုတော့ နာမည်ကြီး ခရီးသွား ဝထ္ထုကိုဖတ်ပြီး မိမိကိုယ်တိုင်ပဲ ရောက်ခဲ့ဖူးသလိုလို ဖြစ်နေတယ်။ လက်တွေ့သမား များကတော့ သူတွေ့မြင် ခံစားခဲ့ရ သလောက်သာ ရိုးရိုးရှင်းရှင်း ပြန်ပြောနိုင်ကြပါတယ်။ တဦးနဲ့တဦး ပါရမီဓာတ်ခံ မတူကြလို့ ပြန်ပြောတဲ့အခါ အခြေခံ ကျောရိုးကလွဲလို့ အတိမ်အနက် မတူနိုင်။ လက်တွေ့နဲ့စာတွေ့ ဘယ်လိုလုပ် တထပ်ထဲကျနိုင်ပါ့မလဲ။ ဒါကိုစာတွေ့သမားများက ခန်းနားထည်ဝါတဲ့ ရှင်းလင်းချက် တွေကိုပဲ ရင်ဝယ်ပိုက်ပြီး စာအတိုင်းပဲ မှတ်ကြတယ်။ သိုင်းဝထ္ထုထဲကလို ရှိရမယ့် အတွင်းအား မရှိပဲနဲ့ လျွှို့ဝှက်သိုင်းကျင့်စဉ်ကို ကျင့်တာနဲ့ သွားတူနေတယ်။ ရလဒ်ကတော့ သိုင်းကွက်အစစ် ဖြစ်မလာဘဲ ဖျော်ဖြေရေး အကသာ ဖြစ်သွားရပါတော့တယ်။ လက်တွေ့မှာ ဘယ်လိုသိနိုင် မိမိကိုယ်မိမိ ဆန်းစစ် နိုင်ကြမလဲဆိုတာကို သဲအင်းဂူဆရာတောါ ဘုရားကြီးရဲ့ တရားတွေကို အခြေခံပြီး ‘သောတာပန်စိတ်’ ဆိုတဲ့ကပ်လျက်တင်တဲ့ ပို့စ်အောက်မှာ ဆွေးနွေးချင်ပါတယ်။