“အရုဏ်ဦးကြောင့် ရူးတော့မည်”

Mr. MarGaOctober 12, 20101min1386

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” အမည်ရသည့် သမိုင်းလိမ် ဝါဒဖြန့်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များ ပြည်ပသို့ လာရောက်ဖျော်ဖြေသောအခါ ပြည်ပရောက် တက်ကြွလှုပ်ရှားသူများက ဆန့်ကျင် ဆန္ဒပြကြသည့် သတင်းများ၊ အီးမေးလ်များ၊ ဓါတ်ပုံများကို ခုတလော နေ့စဉ်လိုလို ဖတ်နေရသည်။ မြင်နေရသည်။ ကြားနေရသည်။

ဤကိစ္စအပေါ်တွင် မတူညီကွဲပြားသည့် အမြင်များ အမျိုးမျိုး ထွက်ပေါ်နေသည်ကိုလည်း စိတ်ဝင်စားစွာ သတိပြုမိသည်။

ကျွန်ုပ်၏ သဘောထားကို ပြောရလျှင် ထိုကဲ့သို့သော ဝါဒဖြန့်ဇာတ်ကားတွင် အနုပညာရှင်များ ပါဝင်ခြင်းကို မနှစ်သက်ပါ။ ထိုသူတို့သည် နအဖ၏ ဖိအားပေးမှုကို လက်မခံနိုင်၍ နအဖအလိုကျ ပါဝင်သရုပ်ဆောင်ရသည်ဟု ဆင်ခြေပေးစေဦး၊ သူတို့သည် အဂတိတရားလေးပါးတွင် ဘယာဂတိ ဟူသော ကြောက်ရွံ့ခြင်းကြောင့် မမှန်ကန်သည့်ဖက်မှ ဘက်လိုက်ခြင်းအမှုကို ပြုမူခဲ့ကြသူများဖြစ်သည်။ အကယ်၍ အခွင့်အရေးလာဘ်လာဘအတွက် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပါက ဆန္ဒာဂတိတည်းဟူသော အဂတိတရားကိုပါ ချိုးဖောက်ခြင်း မည်ပေသည်။ သမိုင်းကြောင်းကို သေချာမသိ၍ သဘောရိုးဖြင့် ဝင်ရောက်သရုပ်ဆောင်သည်ဆိုလျှင်လည်း မောဟဂတိကြောင့် ဘက်လိုက်ခြင်းအမှုကို ပြုခဲ့ရာရောက်လေသည်။

သို့သော် ထိုသူများအား ပြည်ပရောက် တက်ကြွလှုပ်ရှားသူများက ဆန္ဒပြကြခြင်းနှင့် ပတ်သက်၍ကား ကျွန်ုပ်တွင် အတွေးပွားစရာ များစွာရှိပါသည်။ မရှင်းလင်းသည်များ၊ မေးခွန်းထုတ်စရာများ ရှိလာပါသည်။

ပထမဦးဆုံးအနေဖြင့် စဉ်းစားရန်ရှိသည်မှာ ဘယ်လို အနုပညာရှင်မျိုးတွေကို ဆန္ဒပြကြမှာလဲဆိုသည့် မေးခွန်း (သို့မဟုတ်) သတ်မှတ်ချက် (criteria) ဖြစ်သည်။ စစ်အစိုးရ ဝါဒဖြန့်ချီရေးယန္တရားတွင် ပါဝင်သူတိုင်းကိုသာ ဆန္ဒပြရလျှင် တင်သန်းဦးရိုက်ကူးသော “လှလေးစိန်” ဇာတ်ကားတွင် “လှလေးစိန်” အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော ပြည်သူ့ဂုဏ်ရည်ဆုရှင် ရုပ်ရှင်သရုပ်ဆောင် ကျော်သူပင် ပြေးလို့ လွတ်မည်မဟုတ်။

အလားတူပင် ရွှေအမြုတေမဂ္ဂဇင်းမှ အယ်ဒီတာ ဦးဝင်းငြိမ်းကြီး အမေရိကားသို့ လာရောက်သောအခါ ဝိုင်းဝန်းဆန္ဒပြရမလိုဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော ရွှေအမြုတေမဂ္ဂဇင်းအပါအဝင် လစဉ်ထုတ်မဂ္ဂဇင်းတိုင်းလိုလိုတွင် ရှေ့ဆုံးစာမျက်နှာ၌ နအဖ၏ ဝါဒဖြန့် ဆောင်ပုဒ်များ၊ ကြွေးကြော်သံများကို ထည့်သွင်းဖော်ပြကြရသောကြောင့်ပင်တည်း။ ရွှေအမြုတေပရိသတ်လည်း ဝိုင်းစု ပရိသတ်ထက် သေးမည်မထင်ပါ။

ထိုမှတဖန် ထပ်၍ စဉ်းစားပြန်သော် နအဖ ကမကထလုပ်သော ပွဲလမ်းသဘင်များတွင် သီဆိုဖျော်ဖြေခြင်း မပြုဖူးသည့် အဆိုတော်များလည်း မရှိသလောက် ရှားလှပေသည်။ ထိုအဆိုတော်များ ပြည်ပထွက်လာလျှင်လည်း ဆန္ဒပြကြမည်လော။ ထို့အတူ ဗိုလ်ချုပ်ကြီးများအလည်အပတ်မလာခင် လမ်းများကောင်းမွန်နေစေရေးအတွက် နအဖ၏ အဓမ္မလုပ်အားပေးခိုင်းစေခံရသူများ၊ တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ဆင်ရာတွင် အသုံးချရန် ပေါ်တာအဆွဲခံရသူများအား ဆန့်ကျင်ဆန္ဒပြကြမည်လော။

ဤသည်ကား မည်သည့်အနုပညာရှင်များအား ဆန္ဒပြသင့်သနည်းဟု စဉ်းစားလိုက်သောအခါ အတွေးထဲတွင် ရှေးဦးစွာ ထွက်ပေါ်လာသည့် အချက်များဖြစ်သည်။ ဝိုင်းစုခိုင်သိန်းကတော့ နအဖ ခိုင်းစေသမျှ ခံကြရသူတွေထဲတွင်မှ သူမ တယောက်တည်း ကံကွက်ကျား၍ ဆန္ဒအပြခံရခြင်းမှာ အတော်ပင် ကံဇာတာ နိမ့်ပါးနေ၍ ဖြစ်ရချေမည်ဟု တွေးတောနေမည်လား မပြောတတ်။ (သူမတယောက်တည်းတော့ မဟုတ်။ ထိုဇာတ်ကားတွင် ပါဝင်သူအားလုံးဟု ပြောရချေမည်။)

မည်သူများအား ဆန္ဒပြသင့်သနည်းဆိုသည့် မေးခွန်း၏ နောက်တွင် ဒုတိယ ကပ်လိုက်လာသည့်မေးခွန်းမှာ မည်သူတွေက ဆန္ဒပြသင့်သနည်းဆိုသည့် မေးခွန်းဖြစ်သည်။

လူအများနှင့် သက်ဆိုင်သော ကိစ္စများတွင် ကိုယ့်သဘောထားကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိသည်။ ဆန္ဒပြခွင့်ရှိသည်။ ဤအချက်ကို အားပေးသည်။ လက်ခံသည်။ ယုံကြည်သည်။ သို့သော် မေးခွန်းမှာ “ဆန္ဒပြသင့်သလော၊ မပြသင့်သလော” ဟူ၍ မဟုတ်ဘဲ “မည်သူတွေက ဆန္ဒပြသင့်သနည်း” ဆိုသည့် မေးခွန်းသာဖြစ်သည်။

ဤမေးခွန်းကို မေးရခြင်းမှာ အကြောင်းရှိသည်။ ပြည်ပ၌ လာရောက်နေထိုင်သူများတွင် နိုင်ငံရေးသမားဟောင်းများ၊ တက်ကြွလှုပ်ရှားသူများ၊ ဒုက္ခသည်များ၊ ကျောင်းသားများ၊ အလုပ်လုပ်ကိုင်သူများ စသဖြင့် လူမျိုးစုံပါဝင်သည်။ ယေဘုယျ ခြုံငုံပြောရလျှင် ထိုသူအားလုံးသည် ပြည်တွင်းမှ အခြေအနေအရပ်ရပ်ကို ဆက်လက် ခါးစည်းမခံနိုင်သဖြင့်၊ နအဖ၏ ဖိနှိပ်မှုကို ဆက်လက်မခံစားနိုင်တော့သဖြင့် လွတ်ရာလွတ်ကြောင်း ထွက်ပြေးလာကြသူချည်းဖြစ်သည်။ အထူးသဖြင့် နိုင်ငံရေးနှင့်ဆက်နွယ်ဖူးသူများ၊ တက်ကြွလှုပ်ရှားသူများ၊ ဒုက္ခသည်များမှာ နအဖ၏ နှိပ်ကွပ်မှုဒဏ်ကို မခံနိုင်တော့၍ ထွက်ပြေးလာကြသူများဖြစ်သည်။ ထိုအထဲတွင် တတိယနိုင်ငံသို့ ထွက်ပြေးခိုလှုံသွားကြသော လက်နက်ကိုင်တော်လှန်ရေးသမားများလည်း အပါအဝင်ဖြစ်သည်။

ထိုသူများအနေဖြင့် မြန်မာ့အရေးကိစ္စများတွင် ဆက်လက်၍ စိတ်ဝင်စား ရှင်သန်နေခြင်း၊ မြန်မာပြည်နိုင်ငံရေးအခြေအနေအားပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ဆက်လက်အားထုတ်နေခြင်းများအား အားပေးထောက်ခံပါ၏။ တချိန်တည်းမှာပင် စစ်အစိုးရ၏ လုပ်ရပ်များကို ဆန့်ကျင်ခြင်း၊ ပြည်ပအကူအညီများကို ရယူ၍ ပြည်တွင်းသို့ ပံ့ပိုးရန်ကြိုးပမ်းနေခြင်းများအတွက်လည်း ချီးကျူးပါ၏။ အားပေးထောက်ခံပါ၏။

သို့သော် အနုပညာရှင်များကို ဆန္ဒပြသည့် ကိစ္စတွင်မူ စဉ်းစားစရာတချက်ရှိနေသည်။ မိမိတို့ကိုယ်တိုင် ဖိနှိပ်မှုကို မခံနိုင်၍ ပြည်ပသို့ ထွက်ခွာလာပြီးမှ ပြည်တွင်းတွင် ကျန်ရစ်နေသေးသည့် အနုပညာရှင်များကို နအဖအား အာမခံရဲရကောင်းလားဟု အပြစ်တင်နေသည်မှာ နည်းလမ်းမကျဟု မြင်မိပါသည်။ ဥပမာပေးရသော် “အငှားဗိုက်နှင့် ဓားထိုးခံကြည့်ချင်သူများ” သဖွယ် ဖြစ်နေချေသည်။ တဖန် “ကုလားမနိုင်၍ ရခိုင်မဲ” ရာလည်း ရောက်နေသည်။ ပစ်မှတ်လွဲနေသည်ဟု တွေးမိပါသည်။ အကယ်၍ ဝိုင်းစုခိုင်သိန်းတို့အား ဆန္ဒပြသူများသည် ပြည်ပရောက် တက်ကြွလှုပ်ရှားသူများမဟုတ်ဘဲ ပြည်တွင်းမှ ပရိသတ်၊ ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူများဖြစ်ခဲ့သော် ယခုကဲ့သို့ မေးခွန်းထုတ်စရာ အကြောင်းမရှိပါ။

ပြည်ပတွင် နေထိုင်သူများအနေဖြင့် ပြည်တွင်းကလူများ လုပ်နေသည်ကို အားမလိုအားမရသူများရှိသော် ပြည်တွင်းသို့ ပြန်၍ ကိုယ်တိုင်ကိုယ်ကျ လုပ်ကြရန်သာရှိသည်။ ကိုယ်တိုင်မလုပ်နိုင်သည့်အရာကို သူတပါးအား လုပ်စေချင်နေခြင်းမှာ သိပ်တော့ နည်းလမ်းမကျ။

နောက်ဆုံးမေးခွန်းမှာ…. ဤသို့သော ပေါ်လစီဇာတ်ကားမျိုး၌ ပါဝင်သရုပ်ဆောင်ခြင်းသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခြင်းကဲ့သို့ ကြီးလေးသည့် ပြစ်မှုမြောက်ပါရဲ့လော ဟူသည့် မေးခွန်းဖြစ်သည်။ နအဖ စစ်ဗိုလ်ချုပ်များ ပြည်ပသို့လာသည့်အခါ ကန့်ကွက်ဆန္ဒပြခြင်းကို နားလည်လက်ခံ၍ ရသည်။ ထောက်ခံအားပေးပါသည်။ နအဖနှင့် အလိုတူအလိုပါ ကိုယ်ကျိုးရှာ စီးပွားရေးသမားများ ပြည်ပသို့ လာရောက်ခွင့်ဗီဇာကို ပိတ်ပင်ခြင်းအားလည်း နားလည်ထောက်ခံနိုင်ပါသေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုစီးပွားရေးသမားများမှာ နအဖနှင့်ပေါင်းကာ ပြည်သူလူထုကို ခေါင်းပုံဖြတ် အမြတ်ထုတ်နေသူများ ဖြစ်သောကြောင့်တည်း။ သို့သော် စစ်အစိုးရ၏ ဖိအားပေးမှုကြောင့် ပါဝင်သရုပ်ဆောင်ရသော အနုပညာရှင်များကို ပြည်ပတွင်နေထိုင်သူများက ကန့်ကွက်ဆန္ဒပြခြင်းသည် တရားမျှတပါရဲ့လော စဉ်းစားစရာဖြစ်သည်။ ဝါဒဖြန့် ပေါ်လစီကားများတွင် သရုပ်ဆောင်ခြင်းကို စစ်အစိုးရလက်ပါးစေဟု သတ်မှတ်သင့်၊ မသတ်မှတ်သင့်ဆိုသည်ကို ကျင့်ဝတ်ပိုင်းဆိုင်ရာ အထူးပြကျွမ်းကျင်သူများ ဝင်ရောက်ဆွေးနွေးသင့်သည်ဟု ထင်မြင်မိပါသည်။

မလွတ်လပ်သော နိုင်ငံများတွင် စစ်ကြောရေး၊ သို့မဟုတ် ရဲလက်တွင် နှိပ်စက်မှုကို မခံနိုင်တော့၍ မိမိမကျူးလွန်ခဲ့သော အမှုကို ကျူးလွန်ပါသည်ဟု ဝန်ခံကတိ လက်မှတ်ထိုးသူများစွာရှိသည်။ ထိုရဲစစ်ချက်တခုတည်းအပေါ် မူတည်ပြီး ထိုသူအား ပြစ်မှုထင်ရှားစီရင်လိုက်လျှင် အပြစ်စီရင်ခံရသူအနေဖြင့် နစ်နာပေသည်။ အလားတူပင် မလွတ်လပ်သော အခြေအနေတခု၌ မိမိဆန္ဒနှင့်ဆန့်ကျင်ကာ ဖိအားပေးသဖြင့် လုပ်ဆောင်လိုက်ရသော အလုပ်တခုအတွက် မည်သို့ အရေးယူမည်နည်း။ အထူးသဖြင့် ထိုအမှုသည် ရာဇဝတ်မှုမမြောက်သည့်ကိစ္စဆိုလျှင် မည်သို့တုန့်ပြန်ကြမည်နည်း။

ကျွန်ုပ်သဘောအရမူ ဝါဒဖြန့်ဇာတ်ကားများနှင့်ပတ်သက်၍ နအဖက ဝါဒဖြန့်လျှင် မိမိတို့ကလည်း တုန့်ပြန်၍ အမှန်တရားကို ပြန်လည် ဖြန့်ဝေကြမည်။ နအဖမှာ လက်ရှိအာဏာကို ကိုင်စွဲထားသူများဖြစ်၍ ဝါဒဖြန့်ချီရေးယန္တရားတွင် တပန်းသာသည်ဟုဆိုနိုင်သည်။ သို့သော် မိမိတို့က တပန်းသာသည်မှာ လူထုက စစ်အစိုးရကို မယုံကြည်။ တက်ကြွလှုပ်ရှားသူများအနေနှင့် သစ္စာတရားကို လက်ကိုင်ထားပြီး မုသားများကို တုန့်ပြန်ချေပကြမည်ဆိုလျှင် မိမိတို့က အသာစီးရနိုင်သည်။ ဤသို့ချေပရာတွင် အနုပညာရှင်များအား ပြည်ပမှနေ၍ ဆန္ဒပြခြင်းထက် လူထုကို စည်းရုံး၍ လူထုအင်အားသုံးကာ အမှန်တရားကို ဖြန့်ဖြူးမည်ဆိုလျှင် ပိုမိုထိရောက်မည်ထင်သည်။ မိမိက ပြည်ပရောက်နေလျှင်လည်း ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ ထိရောက်စွာ လှုပ်ရှားနိုင်ရေးအတွက် အစွမ်းကုန်ကူညီသင့်သည်။ ဤသို့ဆိုလျှင် စစ်အစိုးရ၏ ဝါဒဖြန့်ဇာတ်ကားများကို ဂရုစိုက်စရာမလိုဟု မြင်မိပါသည်။
Source :http://kopaw07.blogspot.com/

6 comments

  • kohtoo

    October 12, 2010 at 12:03 pm

    မည် သို့ ပင် ဆို စေ ကာ မူ၊ လော လော ဆယ် တွင် တော့ “နီး ရာ ဓား ကို လည်း၊ ကြောက်” ရ မှာ ပါ။ စိတ် ပါ သည် ဖြစ် စေ၊ မ ပါ သည် ဖြစ် စေ၊ လက် ခုပ် ထဲ က ရေ တွေ ပဲ ၊ မ ဟုတ် ကြ ပါ လား။ No choice!။ နောင် အ ခါ ၊ အ ခွင့် အ လမ်း သင့် ရင် ၊ ပြန် ပြင် / လုပ် /ရိုက် လို့ လဲ၊ ရ ပါ တယ်။

  • kohtoo

    October 12, 2010 at 12:09 pm

    မည် သို့ ပင် ဆို စေ ကာ မူ၊ နီး ရာ ဓါး ကို လည်း ကြောက် ရ မှာ ပါ ဘဲ၊ စိတ် ပါ သည် ဖြစ် စေ၊ မ ပါ သည် ဖြစ် စေ၊ ဘယ် လို ငြင်း လို့ ရ မှာ လဲ။ စား ဖို့ ၊သောက် ဖို့ လည်း လို သေး တယ် လေ။ နောင် အ ခါ၊ အ ခွင့် ကြုံ ရင် လည်း ၊ ပြန် ပြင်၊ ရိုက် လို့ ရ ပါ တယ်၊ သိပ် မ ခံ စား ကြ ပါ
    နှင့် လို့။ လက် ခုပ် ထဲ က ၊ ရေ အ တူ တူ မို့ လို့ ပါ။

  • computer__crazy

    October 12, 2010 at 2:39 pm

    ဆန္ဒပါလို့ပဲ လုပ်လုပ် .. ကြောက်လို့ပဲလုပ်လုပ် သူလုပ်ချင်ရာလုပ်ခွင့်ရှိတယ်မဟုတ်လား.. ကြောက်လို့ပဲ ရပ်ရပ် ကြိုက်လို့ပဲ ရပ်ရပ် ရပ်ချင်တဲ့ဘက်က ရပ်ပစေပေါ့။ အောက်ဆုံး စာပိုဒ်လေးကို ကြိုက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မျှတစွာ နားလည်ပေးသင့်တာပေါ့။ တစ်ဦးချင်းမှသည် တစ်လောကလုံး နားလည်စာနာမှု ရှိလာတဲ့ တနေ့ ကိုပဲ မျှော်လင့်ပါတယ်..။ ဒါပေမယ့် ရှိလာစရာအကြောင်းလည်း မမြင်ပါဘူး..။ ရှိဘူးပဲ.. 🙁 🙁

  • unclegyi1974

    October 12, 2010 at 3:46 pm

    အနုပညာရှင် ကအစိုးရခိုင်ရင် စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ
    လုပ်ရမှာပါ နောင်တချိန် အခုဆန္ဒပြနေကြတဲ့အုပ်စုတွေအာဏာ
    ရလာရင် သူတို့ကိုခေါ်ပြီးခိုင်းရင်လဲလုပ်ရမှာပါ
    အားလုံးနီးရာဓါးကြောက်ရတာသဘာဝပါ
    ပြည်ပကလူတွေလဲသူတို့မကျေနပ်တာကိုဖော်ပြတာပါ
    ဆန္ဒကိုဖော်ပြတဲ့နေရာမှာ စိတ်ကူးလေးတွေတော့လိုတာပ

  • bigcat

    October 13, 2010 at 12:21 am

    ပြသနာပိုကြီးသွားတာက ဒီအဆိုတော်တွေရဲ့ပွဲကို ဇွတ်အတင်း စီစဉ်သူများလို့ထင်ပါတယ်။ ကန့်ကွက်မှုများ တနေ့တခြား များလာရင် အခြေအနေကိုသိပြီး လက်လျော့လိုက်ရမဲ့အစား မထီမဲ့မြင် ရှေ့ဆက်တိုးတော့ ပိုရှုပ်ကုန်တာပါ။ အနုပညာရှင်များဖက်ကလည်း စစ်တပ်က အတင်းခိုင်းလို့လုပ်ရတာလို့ ဆင်ခြေပေးနေမဲ့အစား တဖက်ကနေလည်း လူထုနဲ့နီးစပ်အောင် နေပြလုပ်ပြရပါတယ်။ အာဏာပိုင်တွေနဲ့တော့ ပလူးပလဲနေ၊ ရတဲ့အခွင့်အရေးတွေယူပြီး ပြည်သူလူထု တကယ်ချစ်တဲ့ လူတွေလုပ်နေတဲ့ အလုပ်တွေနဲ့ကြတော့ ကြောက်လို့ဆိုပြီး ဝေးဝေးကရှောင်နေမယ်ဆိုရင်တော့ အခုလိုမျိုး ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ကြရတော့မှာပါ။ သူတို့က ပြည်တွင်းမှာ မီးစင်ကြည့်ပြီး အကကောင်းလေ သူတို့လိုမဟုတ်ဘဲ တကယ်အကကောင်သူတွေဟာ စစ်အာဏာပိုင်တွေရဲ့ မီးမောင်းအောက်မှာ ဘဝတွေပျက်ကြရမယ်ဆိုတာ မမေ့ဖို့တော့လိုအပ်ပါတယ်။

  • moethidasoe

    October 13, 2010 at 4:40 am

    လောလောဆယ်တော့ .. ဟိုတစ်ဖက်က မဲဆွယ်ပွဲကို .. စိတ်ပါလိုက်ပါ .. လိုက်ပါ ဆောင်ရွက်နေသူများကို ဘယ်လို သတ်မှတ်ရမှာလဲ .. အမျိုးတော်ရုံနဲ့ လိုက်ရမှာလား .. သူ့ကို ကျန်တဲ့ လူတွေကရော ဝိုင်း ထောက်ခံ သင့်သလား .. ဥပမာ .. လွင်မိုး .. နန္ဒာလှိုင် .. စသဖြင့် ..
    ကြောက်လို့ဖြစ်ဖြစ် .. စိတ်ပါလို့ ဖြစ်ဖြစ် .. ကိုယ့် အင်အားကို အသုံးချခံလိုက်ရတဲ့နေရာမှာ .. ပိတ်ကားပေါ်က .. တီဗီ ပေါ်က ဆိုရင် လက်ခံနိုင်ပေမယ့် လူကိုယ်တိုင် အရှင်လတ်လတ်ကြီးဆိုတာတော့ သိပ် မကောင်းဖူး ထင်တယ် ..

Leave a Reply