သုံးပတ်အတွင်း အမေရိကန် ဆယ်ကျော်သက် ဂေး ၅ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်

PhyoOctober 7, 20101min903

သက်တံ့အယ်ဒီတာအဖွဲ့။ October/4/2010

လိင်တူချင်းချစ်သူ ဖြစ်တဲ့အတွက်ကြောင့် အမေရိကန်နိုင်ငံမှာ သုံးပတ်အတွင်း ဆယ်ကျော်သက် လူငယ် ၅ယောက် မိမိကိုယ်ကို အဆုံးစီရင် သွားခဲ့ကြတယ်လို့ pink news အင်တာနက် စာမျက်နှာက ပြောပါတယ်။

နောက်ဆုံးကြားရတဲ့ သတင်းကတော့ အမေရိကန်နိုင်ငံ Rhode ကျွန်းက Johnson and Wales တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ အသက် ၁၉နှစ်အရွယ် Raymond Chase ပဲဖြစ်ပါတယ်။

နောက်ဆုံး သတင်းအရ Chase ဟာ ကိုယ့်ကိုယ်ကို ကြိုးဆွဲပြီး အဆုံးစီရင်ခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ အဆောင်မှူးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကျောင်းရဲ့ ဒုတိယ ဥက္ကဌလည်းဖြစ် တက္ကသိုလ် ဌာနမှူး တယောက်လည်းဖြစ်တဲ့ Ronald Martel က Chase ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး “ဒီနေ့ ကျနော် အရမ်းဝမ်းနည်းစရာကောင်းတဲ့ Raymond Chase သေဆုံးသွားတဲ့ သတင်းကို ကြားရပါတယ်။ Chase ဟာ အစားအသောက် ပြင်ဆင်မှုဆိုင်ရာ အနုပညာ ဘာသာရပ်ကို သင်ယူနေတဲ့ ကျောင်းသားတယောက်ပါ။ ဒီလို ထက်မြက်တဲ့ လူငယ်တယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ကျနော်တို့ တက္ကသိုလ် ကျောင်းဝင်းတစ်ခုလုံးက ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေ အထူး ဝမ်းနည်းကြေကွဲ ရပါကြောင်း၊ သူ့ရဲ့ မိသားစုဝင်တွေနဲ့အတူ ကျနော်တို့ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်း ရပါကြောင်းကို”ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

Chase ရဲ့ သေဆုံးမှု သတင်းဟာ ပြီးခဲ့တဲ့ အပတ်က New Jersey က ကျောင်းသားလေး Tyler Clementi သေဆုံးမှု အပြီးမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတဲ့ လိင်တူချင်း ချစ်သူဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ နောက်ထပ် အမှုတစ်ခု ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ သူကတော့ Texas ပြည်နယ် Houston မြို့က အသက် ၁၃နှစ်အရွယ် ကျောင်းသားလေး Asher Brown ပဲ ဖြစ်ပါတယ်။

Asher Brown ရဲ့ မိဘတွေ ပြောဆိုချက်အရ ကျောင်းမှာ ဂေးဖြစ်တဲ့ အတွက်ကြောင့် အခြားသူငယ်ချင်းတွေရဲ့ နှောက်ယှက် အနိုင်ကျင့်မှုတွေကို မခံရပ်နိုင်တဲ့အဆုံး ကိုယ့်ကိုယ်ကို သေနတ်နဲ့ အဆုံးစီရင် သေကြောင်းကြံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်တယောက်က Indiana ပြည်နယ်က အသက် ၁၅နှစ်အရွယ် Billy Lucas လို့ခေါ်တဲ့ ကျောင်းသားလေး ဖြစ်ပါတယ်။

Billy Lucas

သူ့ရဲ့ သူငယ်ချင်းတွေ ထုတ်ဖော် ပြောဆိုချက်အရ Lucas တယောက် ကျောင်းမှာ ဂေး ဖြစ်တဲ့အတွက် မကြာခဏ အနိုင်ကျင့် စော်ကားခံရတာကြောင့် စက်တင်ဘာ ၉ရက်နေ့မှာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ထပ် တယောက်ကတော့ Minnesota ပြည်နယ်က အသက် ၁၃နှစ်အရွယ် Seth Walsh လို့ခေါ်တဲ့ လူငယ်လေးပဲ ဖြစ်ပါတယ်။ သူလည်း ကျောင်းမှာ ဂေးဖြစ်တဲ့ အတွက်ကြောင့် မကြာခဏ စော်ကားနှောက်ယှက် ခံရတဲ့အတွက် အကြိမ်ကြိမ် ကြိုးဆွဲချသေဖို့ ကြိုးစားခဲ့ရာမှ နောက်ဆုံး ဆေးရုံရောက်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် တယောက်ကတော့ New Jersey က ကျောင်းသားလေး Tyler Clementi ပဲ ဖြစ်ပါတယ်။ Clementi ကတော့ တံတားပေါ်ကနေ ခုန်ချပြီး အဆုံးစီရင် သွားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ လိင်တူချင်းချစ်တဲ့ လူငယ် ကျောင်းသားလေးတွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ အမှုတွေ တက်လာလား မတက်လာဘူးလားဆိုတာ တိတိကျကျ မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစား မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် လိင်တူချင်းချစ်တဲ့ လူငယ် ကျောင်းသားလေးတွေက တခြား လိင်ကွဲချင်းချစ်တဲ့ လူငယ်လေးတွေနဲ့ နှိုင်းစာလို့ရှိရင် ပိုမိုစော်ကား နှောက်ယှက်ခံရတာ ဖြစ်နိုင်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ပိုမိုအန္တရာယ်ရှိတဲ့ အုပ်စုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့လည်း အခုလို သေဆုံးသွားတဲ့ လူငယ်လေးတွေကို စော်ကားနှောက်ယှက်ခဲ့တဲ့ သူတွေအပေါ် အရေးယူ တရားစွဲဆိုတာမျိုးလည်း သိပ်မလုပ်ဖြစ်ကြဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် Seth, Billy နဲ့ Asher တို့ သုံးယောက်ရဲ့ အမှုတွေဆိုရင် အခုချိန်ထိ ဘယ်သူမှ အရေးမယူ ပေးသေးပါဘူး။ အခုလိုမျိုး ဖြစ်ပျက်နေတဲ့ သေဆုံးမှုတွေဟာ အမေရိကန် တစ်နိုင်ငံလုံးကို အထိတ်တလန့် ဖြစ်သွားစေခဲ့သလို Ellen ရဲ့ chatshow မှာလဲ အစိုးရအနေနဲ့ တစ်ခုခု အရေးယူဖို့ အမြန်ပြုလုပ်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

Clementi, Chase, Brown, Seth and Lucas

တီဗီ daytime တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှာတော့ အမေရိကန်တွေ နိုးထဖို့လိုပြန်ပြီ၊ ဆယ်ကျော်သက် လူငယ်တွေ ဒီလို အနိုင်ကျင့် ခံနေရတာတွေ၊ နှောက်ယှက် ခံနေရတာတွေဟာ ဒီတိုင်းပြည်ကြီးထဲမှာ ရှိနေတဲ့ ရောဂါလက္ခဏာတရပ် ဖြစ်နေတယ် ဆိုတာကို အားလုံး သတိထားမိဖို့ လိုပါပြီလို့ ထုတ်ဖော်ပြောဆိုခဲ့သလို ပြုပြင်ပြောင်းလဲမှုအတွက် တစ်ခုခု စတင်ပြုလုပ် သင့်ပါပြီလို့လည်း အကြံဉာဏ်များ ပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဂေးဖြစ်တဲ့အတွက် မုန်းတီးခြင်းကြောင့် အသတ်ခံခဲ့ရတဲ့ Matthew Shepard ရဲ့ အမေကတော့ အခုလို သေဆုံးမှုနှုန်းတွေ တိုးလာတာနဲ့ ပတ်သက်ပြီး ကျမတို့ရဲ့ သားသမီးတွေဟာ ကျောင်းသွားပြီ ဒီလိုလုပ်ခံရမယ် ဆိုတာမျိုး တစ်ခုတည်းနဲ့တော့ ကျောင်းကို မပို့သင့်ပါဘူး။ ကျောင်းဆိုတာ ကျမတို့ရဲ့ သားသမီးတွေ အားလုံးအတွက် စိတ်အချရဆုံး အလုံခြုံဆုံး နေရာတစ်ခု ဖြစ်သင့်ပါတယ်။ ခြိမ်းခြောက်တာ၊ အနိုင်ကျင့်တာ၊ လေးစားသမှု မရှိတာတွေကို ကျောင်းမှာ မရှိသင့်တဲ့ အရာတွေပါလို့ ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်က ဂေး ဖြစ်တဲ့အတွက် သတ်ခံခဲ့ရတဲ့ Matthew Shepard

အမေရိကန်နိုင်ငံမှာရှိတဲ့ ပြည်နယ် ၄၄ခုမှာ စာသင်ကျောင်းအတွင်း စော်ကား အနိုင်ကျင့်မှုတွေကို ဆန့်ကျင်တဲ့ ဥပဒေတွေ ရှိနေပေမယ့်လို့ အများစုက ကောင်းကောင်းမွန်မွန် အကောင်ထည်ဖော် လုပ်ဆောင်တာမျိုး မရှိတာကြောင့်လို့ လိင်တူချစ်သူများ အခွင့်အရေး လုပ်ဆောင်သူတွေက ပြောဆိုပါတယ်။

http://www.coloursrainbow.com/articles/2010-09-20-04-31-42/413-2010-10-04-10-08-26.html

3 comments

  • char too lan

    October 7, 2010 at 10:11 am

    ုko. a that ko tan phoe ma htar kya buu naw
    a htin gyi sa yar ma kg buu
    🙁

  • cobra

    October 7, 2010 at 2:05 pm

    သူတို့လည်းတော်တော်ခံစားနေရလို ့နေမှာပေါ့။
    သနားပါတယ်..။
    သူတို့ကိုအနိုင်ကျင့်စော်ကားတာများတော့သူတို့လည်းဘယ်ခံချင်တော့မလဲ…..စိတ်မခံချင်တာက်ပြောတာပါ..။

  • Gong Zhu

    October 10, 2010 at 7:48 pm

    ဂေးလည်းလူပါပဲ …

Leave a Reply