Financial Stability ရှိဖို့အတွက် ဆောင်ရွက်သင့်သော အချက် (၁၀)ချက

meengelayOctober 7, 20101min681

Financial stability ဆိုသည်မှာ လောကတွင် မထင်မှတ်သော အခက်အခဲ ပြဿနာများနှင့် ကြုံလျှင် မိမိနှင့် မိမိကို မှီခို အားထားနေရသော သူ အားလုံး အတွက် ငွေရေးကြေးရေးအရ စိတ်ပူစရာ မလိုသော အခြေအနေတွင် ရှိခြင်းကို ဆိုလိုသည်။ ထို အခြေအနေသို့ ရောက်ရန် အတွက် ယခုလက်ရှိ တတ်နိုင်သော အချိန်တွင် ကြိုတင် စဉ်းစား ပြင်ဆင် ထားရန် အထူး အရေးကြီးသည်။ ယခု ဆောင်းပါးတွင်တော့ စင်္ကာပူနိုင်ငံ Credit Bureau Pte Ltd မှ ထုတ်ဝေသော 10 Steps to Financial Stability ဆိုသည့် ဆောင်းပါးကို မှီးငြမ်း ဖော်ပြထားပါသည်။

(၁) Budget plan တစ်ခု ရေးဆွဲပါ။ Budget plan တွင် ဝင်ငွေ၊ စုငွေ၊ အကြွေး ပြန်ဆပ်ငွေ၊ စားသောက်စရိတ်၊ သွားလာရေးစရိတ်၊ အထွေထွေ အသုံး စသဖြင့် သတ်မှတ်ပြီး ထို plan အတိုင်း အတတ်နိုင်ဆုံး လိုက်နာ သုံးစွဲသင့်သည်။

(၂) ကိုယ်ပိုင်ကြွယ်ဝမှု ဘယ်လောက် ရှိနေပြီလဲ ဆိုတာကို တွက်ချက် မှတ်သားပါ။ ကိုယ်ပိုင် အသားတင် ကြွယ်ဝမှု (net worth) ဆိုသည်မှာ ကိုယ့် ပိုင်ဆိုင်မှု စုစုပေါင်း၊ အိမ်၊ ကား၊ ကွန်ပြူတာနှင့် တစ်ခြား ပိုင်ဆိုင်သည့် ပစ္စည်းများ စသည့်တို့၏ တန်ဖိုး စုစုပေါင်းနှင့် ကိုယ်ပေးစရာ ရှိသည့် credit card မှ အကြွေး၊ အိမ်ကို ချေးငွေနှင့် ဝယ်ထားသည်ဆိုလျှင် ဆပ်ရန် ကျန်သည့် ပမာဏ စသည် အကြွေး စုစုပေါင်း ခြားနားချက်ပင် ဖြစ်သည်။ Net worth ကိုတိုးပွားစေရန် ရည်မှန်းချက် တိတိကျကျ ထားသင့်သည်။

(၃) အမှန်တစ်ကယ် လိုအပ်မှာသာ ချေးငွေ ရယူသုံးစွဲပါ။ လစဉ် ပြန်ပေးရသည့် amount မှာ နည်းသော်လည်း အကြွေး ပြန်ဆပ်သည့် အချိန် ပြည့်သောအခါ ကိုယ်ဝယ်ယူသည့် ပစ္စည်းအတွက် အမှန်တစ်ကယ် ပေးလိုက်ရသည့် တန်ဖိုးမှာ အလွန်ပင် များပြား နေမည်ကို သတိရှိပါ။

(၄) တတ်နိုင်သမျှ အကြွေးကို မြန်မြန် ပြန်ဆပ်ပါ။ Credit card outstanding bill, အိမ်ဝယ်ရန် ချေးယူထားသည့် mortgage စသည်တို့ကို မြန်နိုင်သမျှ မြန်မြန် ပြန်ဆပ်ရန် ကြိုးစားပါ။ အကြွေး စောစောကျေလျှင် အတိုးပေးရသည့် ငွေထောင်ပေါင်း များစွာ သက်သာ နိုင်မည်ကို သတိရှိပါ။

(၅) အရေးပေါ်အတွက် ငွေကို ကြိုတင် စုထားပါ။ ကိုယ့်လစာ ၂-၃ လစာလောက်ထိ အနည်းဆုံး emergency အတွက် ရှိနေရန် စုပါ။ ခြွင်းချက် အနေဖြင့် အတိုးများသည့် အကြွေးများ ရှိနေလျှင်တော့ ငွေစုရန်ထက် ထိုအကြွေးများကို အရင်ဆပ်ရန် စဉ်းစားသင့်သည်။ အနာဂါတ်ကာလ မည်သည့် အချိန်တွင် ဘာဖြစ်မည်ကို မည်သူမျှ ကြိုတင် မသိနိုင်ပေ။ လက်ရှိ လုပ်နေသည့် အလုပ် မရှိတော့လျှင် မည်သို့နေမည် အရေးပေါ် ဆေးကုသရန် လိုလျှင် မည်သို့ သုံးမည်ကို ကြိုတင် စဉ်းစား စုဆောင်း ထားပါ။

(၆) အတိုးများသည့် အကြွေးတွေကို ဆပ်ပြီးသည်နှင့် short term အတွက် လစဉ်ပုံမှန် စုငွေ သပ်သပ် ထားပါ။ Short term အတွက် စုငွေ ဆိုသည်မှာ holiday trip ထွက်ရန် အတွက် လည်းကောင်း၊ ပစ္စည်းတစ်ခုခု ဝယ်ရန်အတွက် လည်းကောင်း၊ deposit account တစ်ခု ဖွင့်ရန် အတွက် လည်းကောင်း၊ investment တစ်ခုခု လုပ်ရန်အတွက် လည်းကောင်း စသည်တို့ အတွက် ဖြစ်သည်။

(ရ) မိမိပိုင်ဆိုင်မှုကို လုံခြုံ စိတ်ချရရန်အတွက် လိုအပ်သော insurance ပမာဏတစ်ခုခု ဝယ်ထားပါ။ အရေးပေါ် ဆေးကုလိုက်ရ၍ စုဆောင်း ထားသမျှ အကုန် သုံးလိုက်ရသည် ဆိုလျှင် ပြန်လည် ကျန်းမာလာသည့်အခါ အစမှ ပြန်စရပေမည်။ ထို့ကြောင့် မိမိ၏ lifestyle နှင့် ကိုက်ညီသော insurance တစ်ခုခု ဝယ်ယူ ထားသင့်သည်။

(၈) အလုပ် မလုပ်နိုင်တော့မည့် အချိန် retirement အတွက် ကြိုတင် စဉ်းစားထားပါ။ အသက် ငယ်ငယ်ကတည်း စတင် စဉ်းစားမှသာ စိတ်ပူစရာ မလိုသော retirement ဘဝတစ်ခုရပြီး ကျန်ရှိသော ဘဝအချိန်ကို ငွေကြေးအတွက် စိတ်ပူစရာမလိုပဲ ဖြတ်သန်း နိုင်မည်ကို သတိပြုပါ။

(၉) ရင်းနှီး မြှုပ်နှံရန် စဉ်းစားပါ။ ငွေစုခြင်းသည် ကောင်းသော အလေ့အကျင့် ဖြစ်သည်။ သို့သော် ရေရှည်တွင် ငွေကြေး ဖောင်းပွမှု သဘောတို့အရ စုဆောင်း ထားသော ပမာဏမှ ရသော အတိုးသည် ဘယ်လောက်မှ မရှိတော့ပဲ ငွေစုသူ အတွက် များစွာ နစ်နာ ဆုံးရှုံး တတ်သည်။ ထို့ကြောင့် အရေးပေါ် အတွက် လုံလောက်သော ပမာဏတစ်ခု စုဆောင်းပြီးသား ရှိပြီဆိုလျှင် ရင်းနှီး မြှုပ်နှံမှုအတွက် စတင် စဉ်းစားပါ။ ရင်းနှီး မြှုပ်နှံခြင်း ဆိုသည်မှာ ငွေကြေး မြောက်မြားစွာ တတ်နိုင်သော သူဌေးများနှင့်သာ ဆိုင်သော အလုပ်မဟုတ်ပါ။ အနာဂတ်အတွက် ကြိုတင် စဉ်းစားသော လူတိုင်းနှင့် သက်ဆိုင်ပါသည်။

(၁၀) ကလေးရှိလျှင် ငယ်စဉ် ကတည်းက ပိုက်ဆံတန်ဖိုး နားလည်အောင် သင်ကြားပေးပါ။ ငယ်ငယ်ကတည်းက သင်ကြားညွှန်ပြ ပေးမှသာလျှင် ပိုက်ဆံ စကိုင်သော အရွယ်ရောက်လျှင် သုံးသင့် မသုံးသင့် စဉ်းစားတတ်ပြီး စုဆောင်း တတ်သည့် အလေ့အကျင့် ဖြစ်ပေါ်စေပါမည်။

ဒါတွေကတော့ ငွေရေးကြေးရေး စိတ်ပူစရာမလိုတဲ့ အနာဂတ်တစ်ခု ရဖို့အတွက် လက်ရှိ အချိန်ကနေ စတင် လုပ်ဆောင် နိုင်တာတွေပါ။

ကိုးကား – www.creditbureau.com.sg

One comment

  • winkyawaung

    October 8, 2010 at 2:00 am

    ကျေးဇူးတင်ပါတယ်.။ ဒါပေမဲ့ မြန်မာပြည်မှာက ဝင်ငွေထက် ထွက်ငွေကများနေကြပါတယ်။ ရရစားစား ဝါးဝါးမြိုမြို နဲ့ မလောက်ငကြပါဘူူူူူူးဗျာ..။ လူများစုကို ပြောတာနော်.. လူနည်းစု.. လူနတ်ချမ်းသာတွေမပါဘူးနော်..။

Leave a Reply