သံဝေဂတရား ထပ်မံရရှိခြင်း

ဆူးOctober 8, 20102min12610

ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ အသက် (၆၈) နှစ်သည် ၂.၁၀.၂၀၁ဝ (စနေနေ့) နံနက် (၆း၄၅)နာရီ အချိန်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စ ရောက်ရှိခဲ့ပါသည်။ ကျန်ရစ်သော ရုပ်ခန္ဓာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ရေဝေးသုဿန် အအေးခန်းသို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)က သွားရောက်သယ်ဆောင် ကူညီပေးခဲ့ပါသည်။

ယနေ့ ၄.၁၀.၂၀၁ဝ (တနင်္လာနေ့) နံနက် (၁၁းဝ၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေး ကူညီမှုအသင်း(ရန်ကုန်)က အလှူမီနီယမ် မှန်ခေါင်းဖြင့် ဈာပနအခမ်းအနား ပြင်ဆင် ပေးကာ အသင်းသူ/သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဝတ်အဖွဲ့မှ သံဝေဂလင်္ကာများ ရွတ်ဖတ်ပူဇော် အမျှပေးဝေခြင်းတို့ကို ကုသိုလ်ဖြစ်ပေးဆပ် ကူညီပံ့ပိုး ပေးခဲ့ပါသည်။

ရုပ်ရှင်အစည်းအရုံးမှ “နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် သရုပ်ဆောင်များ အနေဖြင့် သွားရောက်ကူညီ သင်ကြားပို့ချပေးခြင်း မပြုလုပ်ရန်” ဟူသော စာထုတ်ခဲ့သော်လည်း အနုပညာရှင်များဖြစ်သော ဘဘ ဦးသုခမှ အစပြု၍ ဒွေး၊ သုမောင်၊ ဂျော်လီဆွေ၊ ညီဘွား၊ ထွန်းထွန်းနိုင်၊ ဇော်ဝမ်း၊ စန္ဒာအောင်သိန်း၊ အေဝမ်း ဦးလှမျိုး၊ အလှဖန်တီးရှင် မိတ်ကပ် အောင်အောင် (တောင်ကြီး)နှင့် ဇာတ်ပို့ဇာတ်ရံများ၊ လူကြမ်းသရုပ်ဆောင်များ၊ ဟာသသရုပ် ဆောင်များ၊ အနုပညာရှင်များတို့၏ မိဘ ဆွေမျိုးသားချင်းတို့၏ နာရေးကိစ္စများကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)က လုပ်ဆောင် ပေးဆပ်လျှက် ရှိပါသည်။

ကျွန်တော်သည် အမေ ဒေါ်တင်တင်လှ၏ အသုဘအခမ်းအနားတွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းများက ကျွန်တော်အတွက် သံဝေဂတရားများကို ထပ်မံ၍ ရရှိစေခဲ့သည်။

အကြောင်းမှာ – အမေ ဒေါ်တင်တင်လှသည် ကျွန်တော်တို့၏ ရုပ်ရှင်ဘက်တွင် မင်းသားကြီး ဦးရွှေဘ၊ တွံတေး သိန်းတန်တို့ လက်ထက်ကတည်းက မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထို့နောက် ရုပ်ရှင်လောကတွင် ရုပ်ရှင်ဖလင်များ ပျက်တောက်သွားသည့် အချိန်တွင် ရုပ်ရှင်လောက သားများ ခေတ္တရုပ်ရှင် အနုပညာလောကနှင့် အလှမ်းဝေးခဲ့ကြရသည်။ တဖန် ဗီဒီယိုများပေါ်ကာစ အချိန်ကာလတွင် ကျွန်တော်၏ ပထမဦးဆုံး သော ဗီဒီယိုဇာတ်ကား ဖြစ်သည့် စာရေးဆရာမ မအေးလေး ဝတ္ထုဖြစ်သော “ဥက္ကာ” အမည်ရှိ ဗီဒီယိုဇာတ်လမ်းတွင် ကျွန်တော်၏ မိခင်အဖြစ် ပြန်လည်၍ ရုပ်ရှင်အနုပညာလောကသို့ ဝင်ရောက် လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကျွန်တော်တို့၏ နောက်မှ ရုပ်ရှင်လောကအတွင်းသို့ ဝင်ရောက် လာသော မင်းသား၊ မင်းသမီးသစ်များ၏ အဒေါ် ဇာတ်ဝင်ခန်း၊ အမေ ဇာတ်ဝင်ခန်း များတွင် ပါဝင်၍ သရုပ်ဆောင်ပေးခဲ့ရသော ဝါရင့်သရုပ်ဆောင် တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်အစည်းအရုံးတို့၏ ခိုင်းစေချက်များ (နိုင်ငံတော်ကိစ္စ) ရပ်များကို အချိန် မရွေး မိမိ၏ အလုပ်မအားလပ်သည့်ကြားမှ မိမိ၏ အနုပညာကို အသုံးချကာ ပေးဆပ်နေသူ တစ်ဦးလည်း ဖြစ်သည်။ အမေ ဒေါ်တင်တင်လှ ကဲ့သို့ ရုပ်ရှင်အစည်းအရုံး၏ ခိုင်းစေချက်များကို မိမိတို့၏ ကျန်းမာရေး၊ လူမှုရေး၊ အိမ်တွင်းရေးကိစ္စ အဝဝတို့ကို စွန့်လွှတ်ကာ ပေးဆပ်ခဲ့ကြသော အနုပညာရှင်ပေါင်းများစွာ ရှိခဲ့သည်။ သို့သော် ယခုကဲ့သို့ နိုင်ငံတော်အတွက်၎င်း၊ ရုပ်ရှင်အစည်းအရုံး အတွက်၎င်း၊ ရုပ်ရှင်လုပ်ငန်းအတွက်၎င်း မညီးမညူပေးဆပ်ခဲ့ကြသော သရုပ်ဆောင်များ၏ နောက်ဆုံး အချိန်ဖြစ်သော ဈာပန အခမ်းအနားများတွင် ထိုကဲ့သို့ ခိုင်းစေခဲ့သော လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့၊ အမှုဆောင်များသော်၎င်း၊ အဖွဲ့ဝင်များသော်၎င်း၊ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိခဲ့ရခြင်းသည် သံဝေဂရဖွယ် ဖြစ်သည်။ ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်တစ်ဦး ဖြစ်သည်နှင့်အညီ ရုပ်ရှင်လုပ်ငန်းအတွက်သော်၎င်း၊ ရုပ်ရှင်အစည်းအရုံး ရန်ပုံငွေပွဲများသော်လည်း မည်မျှပင်ပေးဆပ်ခဲ့ပါမူ ဤကမာ္ဘမြေပြင်မှ ထွက်ခွာသွားရသည့် အချိန်တွင် “သင် သွားလိုရာသွားနိုင်ပြီ ကျွန်ုပ်တို့နှင့် ယခု အချိန်မှစ၍ ပတ်သက်ခြင်းမရှိတော့” ဟူသော ပြန်တမ်းစာလေး တစ်စောင်ကိုသာ လူကြုံနှင့် ထည့်ခိုင်းလိုက်ခြင်းသည် မလုပ်သင့် မလုပ်ထိုက်သော လူလူချင်း စာနာစိတ်မရှိသော လုပ်ရပ်ပင် ဖြစ်သည်ဟု ကျွန်တော်ယုံကြည်သည်။

ဝမ်းနည်းကြေကွဲရပါကြောင်း ပန်းခြင်းလေးတစ်ခု၊ ပန်းခွေလေးတစ်ခုကိုမျှ မမြင်တွေ့ခဲ့ရ။ ထိုနေ့ ထိုရက်တွင် ယင်း အနုပညာ အဖွဲ့အစည်းကြီး၏ အမှုဆောင်များ၊ ဥက္ကဌများ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များအားလုံးတို့သည် မည်မျှအရေးကြီးသည့် လုပ်ငန်းတစ်ခုကို တစ်ယောက်မကျန် လုပ်ဆောင် နေရပါသနည်း။

တလက်စတည်း ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် မေဆွိ၏ ဖခင်၊ ထပ်ဆင့်အကယ်ဒမီ ဒေါ်မြင့်မြင့်ခင် (အန်တီဘေဘီ)၏ ခင်ပွန်း ဘဝတစ်ပါးသို့ ပြောင်းလဲစဉ်ကလည်း ထိုနည်း အတိုင်းပင် မြင်တွေ့ခဲ့ရသည်။

ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် မေဆွိ မြန်မာပြည်တွင်ရှိစဉ်က၎င်း၊ မိခင်ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ဒေါ်မြင့်မြင့်ခင် (အန်တီဘေဘီ) မကျန်းမာစဉ် အချိန်က၎င်း နိုင်ငံတော်အခမ်းအနားများ၊ ရန်ပုံငွေပွဲများ တွင် စင်မြင့်ပေါ်သို့ အတင်းအဓမ္မ တက်ခိုင်း၍ “ဟေလားရေ မောင်တို့ …. ဟေလားရေ မောင်တို့” စသည့် သီချင်းကို မောပန်းနွမ်းနယ်မှုများကြားမှ မညှာစတမ်း သီဆိုဖျော်ဖြေ ပေးခဲ့ရသော်လည်း ခင်ပွန်းဖြစ်သူ၏ ဈာပနအခမ်းအနားတွင်တော့ ထိုခိုင်းစေခဲ့သော လူပုဂ္ဂိုလ်များ မတွေ့ရှိခဲ့။

အနုပညာရှင်များသည် လူရယ်လို့ လူ့လောကကြီးထဲ ရောက်လာသည့်အချိန်မှစ၍ ပေးဆပ်မှုများစွာ လောကကြီးအတွက်၊ လူသားများအတွက်၊ နိုင်ငံတော်အတွက် ပေးဆပ်မှုများ ရှိခဲ့သော်လည်း ထိုသူတို့၏ နောက်ဆုံးခရီး ကမာ္ဘမြေကြီးကို နှုတ်ဆက်သည့် အခမ်းအနားတွင် စည်ကားသိုက်မြိုက်စွာဖြင့် နှုတ်ဆက်ခရီးလမ်းကြောင်းကို တက်ညီလက်ညီလာရောက် အားပေးပြုပါက ကျန်ရစ်သူ မိသာစုများအနေဖြင့်၎င်း၊ လာရောက်ကြသော ဧည့်ပရိတ်သတ်များ အတွက်၎င်း အမြင်တင့်တယ်၍ မင်္ဂလာရှိပေမည်။

အချုပ်ဆိုရသော် “ရုပ်ရှင်သည် ပြည်သူ့အတွက်၊ ရုပ်ရှင်အစည်းအရုံးသည် ရုပ်ရှင်လောက သားများအတွက်” ဟူသော ဆောင်ပုဒ်များကို ထုတ်ဖော်ကြွေးကြော်ခဲ့သည့် ရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်လုပ်ငန်းမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အနုပညာရှင်များ ပတ်သက်ခြင်းမပြုရ ဟူသော စာများထုတ်ပြန်ခဲ့သည့် လူပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များအနေနှင့် လူလူချင်း စာနာစိတ်မွေးကာ မြတ်ဗုဒ္ဓဟောကြားထားသော ဗြဟ္မစိုရ်တရားလေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ) အနက်မှ တစ်ပါးတည်းသော ကရုဏာတရားလေးကို လက်ကိုင်ပြု၍ မိမိတို့ အသင်းအဖွဲ့အား စည်းလုံးညီညွတ်စွာဖြင့် အုပ်ချုပ်စေချင်တော့သည်။ သို့တည်း မဟုတ်ပါက မိမိတို့၏ အသင်းအဖွဲ့ အမည်နာမဖြစ်သော ရုပ်ရှင်အစည်းအရုံး ဟူသော အမည်ကို ပြောင်းလဲသင့်ပြီဖြစ်ပါကြောင်း မေတ္တာ ကရုဏာ မုဒိတာ ဥပက္ခာထား၍ ကရုဏာဒေါသောဖြင့် ပြောကြား လိုက်ရပါတော့သည်။

အမေ ဒေါ်တင်တင်လှ၏ ရုပ်အလောင်းအား အအေးခန်းမှ ထုတ်လာစဉ် ခန်းမထဲ အရောက် ကြည့်ရှုလိုက်သောအခါ အမေ၏ အောက်နှုတ်ခမ်းသည် လောကကြီးကို မကျေနပ် ၍၎င်း၊ အနုပညာလောကကြီးကို နာကျဉ်း၍၎င်း၊ ဝေဒနာကို ခံစားရ၍၎င်း … စသည့် နာကျဉ်း မှုများ၊ ကြေကွဲမှုများ၊ မကျေနပ်မှုများကြောင့်လားတော့မသိ။ သွားဖြင့် ပြတ်လုနီးပါး ကိုက်ထားသော ဒဏ်ရာတွင် သွေးစို့နေသည်ကို မြင်တွေ့လိုက်ရသည်။ ဤ ဒဏ်ရာ၏ တရားခံ အဖြေကိုတော့ ကာယကံရှင်များသာ သိပါလိမ့်မည်။

မည်သို့ဖြစ်စေ အများပြည်သူတို့အား ထဲထဲဝင်ဝင် နာရေးကူညီမှု၊ ဆေးဝါးကူညီမှု၊ ပညာဒါန ပေးဆပ်မှု စသည့် လူမှုရေးကောင်းမှုတို့ိကို နေ့စဉ်မပျက် အချိန်ပြည့် ပေးဆပ်မှုများ ပြုလုပ်ခွင့်ရခဲ့သည်မှာ (၃) နှစ် တိတိ ရှိခဲ့ပြီ ဖြစ်ပါ၍ ကျွန်တော်အား အနုပညာလုပ်ဆောင်ချက်များ ပိတ်ပင်ခဲ့သော နိုင်ငံတော်မှ လူပုဂ္ဂိုလ်ကြီးများအား ကျေးဇူးအထူးတင်ရှိကာ သာဓု ခေါ်ဆို လိုက်ပါသည်။

ကျော်သူ

မှတ်ချက်.. ကိုကျော်သူရေးတာ ဘယ်သူမှ တင်ထားတာ မတွေ့တဲ့ အတွက် မျှဝေ ပေးလိုက်ပါသည်။ ဆူးထက် အရင် တင်ထားတဲ့ သူရှိရင် ဒါလေး ပြန်ဖျက်ပေးပါ။

10 comments

  • char too lan

    October 8, 2010 at 4:32 am

    ကျေးဇူးတင်ပါတယ်
    ဒီလို ကိုစောင့်နေတာ ၃ရက်လောက်ရှိပီ
    Mandalay ထဲဝင်ပီးရင် တော်ရုံနဲ့တခြား Site ကိုမသွားဖြစ်တော့ ဒီထဲမှာပဲမျှော်နေရတာပေါ့ဗျာ

  • ဆူး

    October 8, 2010 at 4:51 am

    အခုလို အားပေးတဲ့ အတွက် တော်တော် အားရှိသွားပြီ။ ပိုစ်တခု တင်ခါနီးတိုင်း အားငယ်မိတယ်.. သူများတွေ ကိုယ်ထက်ဦးတာမျိုး ရှိရင် အရှက်ရစရာ ဖြစ်မှာ စိုးမိတယ်။

  • april

    October 8, 2010 at 6:44 am

    အားမငယ်နဲ့ ဆူးရေ..အားပေးပြီး ဖတ်တဲ့ သူတွေရှိလို့ ဒီထက်ကောင်းတဲ့ Post လေးတွေ တင်နိုင်ပါစေ…

  • koyegyi

    October 8, 2010 at 7:51 am

    ိ်တော်တော်တန်ဘိုးရှိတဲ့စာလေးပါ။ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။

  • kopauk mandalay

    October 8, 2010 at 8:28 am

    ဆူးရေ
    ကောင်းတာလေးကိုမျှဝေပေးလိုစိတ်က အဓိကပါ။
    မုန့်ကောင်းကောင်းစားရတယ်ဆိုရင် မိတ်ဆွေတွေကို သတိရသလိုပေါ့။
    အခုလိုမျှဝေပေးတာကို ကျေးဇူးပါ။
    ဒီလိုစာမျုုးိထပ်သွားတာ ဘယ်သူမှ အပြစ်မမြင်လောက်ပါဘူး၊
    နောက် ကျနော်အမြင်ပြောရရင် အများအတွက်ကိုယ်လုပ်သင့်တယ်ထင်ရင် ကောင်းမယ်ထင်ရင်လုပ်ချလိုက်ပါ။
    ပြန်လည်တုံ့ပြန်မူ့ကို မျှော်လင့်မထားဘူး ဆိုရင် စိတ်ပင်ပန်းတာသက်သာပါတယ်လို့ထင်ပါတယ်။

  • ဆူး

    October 8, 2010 at 10:56 am

    အခု မှ သိတဲ့ အကြောင်းလေးပါ။ မိတ်ဆွေ တယောက်က ပြောပြတာပါ။ ဒေါ်တင်တင်လှ သေတာ အရိုးကင်ဆာနဲ့ သေတာပါတဲ့။ မသေခင် ၁လ အလိုမှာ အရိုးကင်ဆာ ဆိုတာ သိရပြီး ခြေထောက်နှစ်ဘက် ပြုတ်ကျနေပြီး နောက် လက်တွေပါ ပြုတ်ကျပြီး မသေခင် နောက်ဆုံး ၁ရက်မှ သူဝေဒနာ တော်တော် ခံစားရပြီး အသက်ရှုစက်တွေနဲ့ အောက်စီဂျင်လေး ရှူပြီး နောက်ဆုံး အသက်ထွက်သွားပါတယ်တဲ့..
    ဒါနဲ့ ဦးကျော်သူ သွေးတွေ တအားပြစ်နှုန်းများပြီး အောက်စီဂျင် ခဏခဏ ရှုနေရတယ်လို့လဲ အဲဒီ မိတ်ဆွေ ပြောတဲ့ အထဲမှာ ပါတယ်။

  • meengelay

    October 8, 2010 at 11:38 am

    ဆူးက တော်ပါတယ် နောက်လဲ ပို့စ်ကောင်းလေးတွေ တင်ပေးဦးနော်

    • ဆူး

      October 8, 2010 at 11:51 am

      အခုလို ချီးကျူးလို့ ထိုင်နေတဲ့ ခုံ ကျိုးကျရင်တောင် ပြုတ်မကျနိုင်လောက်ဘူး.. ဘဝင်မြင့်သွားလို့.. အဟမ်း.. တိုင်းကျူး ချဲချဲ.. စပ်မိ စပ်ရာ တွေ့တာ တင်ပေးယုံပါ။

  • maungmoenyo

    October 9, 2010 at 10:55 pm

    မြန်မာနိုင်ငံမှာရှိတဲ့အနုပညာသည်တွေအသက်ကြီးရင့်ပြီဆိုတာနဲ့ကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခကိုကြားရလို့စိတ်မကောင်းဖြစ်မိပါတယ်။ အသက်ငယ်ရွယ်စဉ်မှာဥစ္စာနဲ့ငွေကြေးစုဆောင်းကြရတာကလူ့ဘဝရဲ့ရိုက်ခတ်လာမဲ့လေကဓံတရားကိုခုခံနိုင်ဘို့မဟုတ်လား။ ဘဝရဲ့နောက်ဆုံးနေ့တွေမှာသူတို့တတွေအတွက်အလိုလားဆုံးလိုအပ်ချက်တွေကိုတတ်နိုင်သလောက်ဖြည့်တင်းကြတဲ့ဘဝတူအနုပညာသည်တွေထဲ့မှာ ဦးကျော်သူဟာစံနမူပါဘဲ။ ဒါကိုကြည့်ပြီးကျန်း contemporary အနုပညာရှင်(အတော်များများက)များကဝိုင်းဝန်းကူညီပံ့ပိုးရမဲ့အစား၊ ရွေးကောက်ပွဲအတွက်ဗိုလ်ချုပ်တွေနောက်လိုက်နေတာတွေတွေ့ရတဲ့အပြင်၊ တချို့များဆိုရင်နိုင်ငံရေးကဘယ်လိုလဲဆိုပြီးခြေလှမ်းကျဲဘို့အတွက် ကြိုးစားနေတာတွေတွေ့ရတာ၊ အော့နှလုံးနာစရာပါဘဲ။
    ဦးကျော်သူခင်ဗျား..ခင်ဗျားကတော့နိုင်ငံရေးနားမလယ်ဘူးဆိုပေမဲ့၊ နိုင်ငံရေးစကားပြောတဲ့တခြားသူတွေထက်တောင်အများကြီးသာတဲ့အပြင်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားအရ “လူအများစုအတွက်လုပ်တာနိုင်ငံရေးဘဲ။ ဒါဟာလဲနိုင်ငံရေးဘဲ”လို့ဆိုပါရေစေ။ လေးစားအားကျမိပါရဲ့။

  • Gong Zhu

    October 10, 2010 at 7:43 pm

    သနားပါတယ် … သူသရုပ်ဆောင်တာ ကောင်းလည်းကောင်းတယ် မျက်နှာဘေးလည်းကောင်းတယ် အေးအေးဆေးဆေး မျက်နှာလေးနဲ့ … သနားပါတယ်နော် … အမေများအဖွဲ့ထဲမှာ တစ်ယောက်လျော့သွားပြီပေါ့ . . .

Leave a Reply