ပုဂံ စိန်ပြာကြီးနှင့် ကျိန်စာ သင့်သူများ အပိုင်း ၁

ဆူးOctober 8, 20101min1023

စိန်သည် ကမာ္ဘပေါ်တွင် အမာကျော်ဆုံး ကျောက်မျက်ရတနာ တစ်မျိုး ဖြစ်ပါသည်။ ဥရောပါတိုက်၌ အလယ်ခေတ်က စိန်ကို ယေရှူခရစ်တော်၏ နိမိတ်ပုံအဖြစ် သတ်မှတ်ခဲ့ကြပေသည်။

မြန်မာနိုင်ငံတွင်လည်း ရှေးခေတ်ဟောင်းကာလကပင် စိန်ကို နှစ်သက်မြတ်နိုး တန်ဖိုးထားခဲ့ ကြကြောင်း စေတီဘုရားများတွင် ထီးတော်တင်သော အခါ ထိပ်ဆုံး၌ စိန်ဖူးတော်ကို ကိန်းဝပ်စေပါသည်။

မြန်မာနိုင်ငံ၏ အထွဋ်အအမြတ် တန်ခိုးကြီး ဘုရားဖြစ်သော ရွှေတိဂုံ စေတီတော်ကြီး၏ စိန်ဖူးတော်မှာ အမြင့် ၁ပေ ၁ဝလက်မ အဝန်း ၃၁.၄လက်မ ရှိပြီး မြှုပ်နှံထားသော စိန်လုံးရေ ၄၃၅၁ရှိ၏။ ရတီပေါင်း ၂၀၀ဝ ရှိပါသည်။ အခြား ကျောက်မျက် ၉၃လုံး လည်း မြှုပ်နှံပူဇော် ထားသော်လည်း စိန်ဖူးတော်ဟူ၍သာ အမည် ပညတ်ခဲ့လေသည်။ စိန်ဖူးတော်၏ ထိပ်တွင် စိန်ကြီး တစ်လုံး စွပ်တင်ထား၏ ၈၃ ရတီ ရှိသည်ဟု ဆို၏။

စိန်အစစ်သည် ကြည်လင်ဝင်းပနေပြီး ရောင်ပြန်ဟပ်မှု အကောင်းဆုံး ကျောက်မြတ်လည်း ဖြစ်ပါသည်။ စိန်ကို သွေးသော သူ၏ ကျွှမ်းကျင်မှုအပေါ် လိုက်ပြီး စိန်၏ တန်ဖိုးမှာ ပြောင်းပါသေးသည်။ ရောင်ပြန်ဟပ်မှု အပေါ် မူတည်ပြီး အလင်းရောင်အောက်တွင် တဖျပ်ဖျပ် ရွန်းလက်တောက်ပ နေတတ်ပါသည်။

စိန်မှာလည်း အရောင် အမျိုးမျိုး ရှိပါသည်။ ခဲသားအရောင်၊ ဝါသွေးအရောင်၊ ဝင့်နေသော အရောင်၊ ညိုရောင်သန်းသော အရောင်၊ အစိမ်းရောင် အသီးသီးရှိတတ်သလို အရှားဆုံး စိန်အမျိုးအစားတွေကတော့ အနီရောင်စိန် ပန်းရောင်စိန် နှင့် အပြာရင့်ရောင် စိန် တို့ဖြစ်ပါသည်။ အပြာရောင်စိန် ကို တချို့က နီလာ နှင့် မှားတတ်ကြသည်။


မြန်မာနိုင်ငံတွင် အပြာရောင်စိန် (စိန်ပြာကြီး) နှင့် ပတ်သတ်၍ ကမာ္ဘကျော်ခဲ့သော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့သည်။ ထိုအဖြစ်အပျက်ကား ပုဂံ အာနန္ဒာဘုရား မုခ်ဝရှိ ဗုဒ္ဓရုပ်ပွားတော်၏ သင်းကျစ်တော်တွင် တပ်ဆင်ပူဇော်ထားသော စိန်ပြာကြီးကို ခိုးယူသွားရာ လက်ဝယ်ရရှိသူများ ကိုယ်စီ ကိုယ်င ကျိန်စာသင့်သည့် အလား ဘေး အန္ဘရာယ် အသွယ်သွယ်ဖြင့် စိန်ပြာကြီး၏ နောက်ကြောင်း သမိုင်းမှာ ထူးခြားစိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

ဆက်လက် ဖော်ပြသွားပါမည်။
ဤစာမူကို စာရေးဆရာ ဝင့်ထယ် အလင်းသစ်စာပေမှာ ထုတ်ဝေသော စာအုပ်မှာ ကူးယူ တင်ပြပါသည်။ ပုံတွေကိုတော့ စာအုပ်ကနေ scan ကူးယူဖို့ ခက်တဲ့ အတွက် ဂူဂဲမှာ တဆင့် ရှာပြီး ဖော်ပြသည်။

3 comments

  • bigcat

    October 8, 2010 at 5:16 am

    စိန်ကျွမ်းကျင်သူတဦး ပြောဖူးတာက အရှေ့တိုင်းသားတွေ အထူးသဖြင့် ဂျပန် တရုတ်တွေက စိန်ကိုကြည့်ရင် (မြန်မာပြည်ရဲ့ဖြုန်းအားက ကမာ္ဘ့ဈေးကွက်မှာ တန်းမဝင်ပါဘူး၊ အခုတော့ စစ်ဗိုလ်လူတန်းစားပေါ်လာလို့ သူ့လိုင်းနဲ့သူတော့ ဖြစ်နေလောက်ပါပြီ) အပြစ်အနာအဆာ ကင်းတာကို အလေးထားတယ်။ စိန်တလုံးဟာ အတွင်းမှာ အစက်အပျောက်တွေရှိရင် တန်ဖိုးကျသွားပါတယ်။ အနောက်တိုင်း ဈေးကွက်ကြတော့ ပြောင်းပြန်တဲ့။ သူတို့က စိန်ရဲ့ ကြည်လင်မှု အရည်အသွေးသာ ကောင်းပါစေ၊ အစက်အပြောက်ရှိလည်း ကွပ်တဲ့ရွှေတို့ ပလက်တီနံ ကွင်းတွေနဲ့ ဖျောက်ပစ်လိုက်ကြတယ်။

  • char too lan

    October 8, 2010 at 7:30 am

    စိန်အကြောင်းတော့သိပ်နားမလည်ဘူး
    “ဘေးအန္ဘရာယ် အသွယ်သွယ်ဖြင့် စိန်ပြာကြီး၏ နောက်ကြောင်း သမိုင်းမှာ ထူးခြားစိတ်ဝင်စားဖွယ်ကောင်းလှပါသည်။”
    အဲဒါတော့သိချင်တယ် 🙂

    • ဆူး

      October 8, 2010 at 7:34 am

      ဆက်ရေးရမှာ စိတ်တောင် ကုန်နေပြီ.. ဒီမှာ ဘာတွေ ဖြစ်မှန်းကို မသိဘူး..

Leave a Reply