ဂေး ဇာတ်ကောင်အဖြစ် သရုပ်ဆောင်မိလို့ မိသားစုမှ အမွေပြတ် စွန့်လွှတ်

PhyoOctober 8, 20101min610

သက်တံ့အယ်ဒီတာအဖွဲ့။

Dunno Y… Na Jaane Kyunဇာတ်ကား ပိုစတာ

အိန္ဒိယနိုင်ငံမှာ အုတ်အော်သောင်းနင်း ဟိုးလေးတကျော်ကျော် ဖြစ်နေခဲ့တဲ့ ဂေး အချစ်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်မင်းသားလေး Yuvraaj Parasher ကို သူ့ရဲ့မွေးဖခင်က ဂေး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတဲ့ အတွက်ကြောင့်မို့လို့ အမွေပြတ်စွန့်လွှတ်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။

Dunno Y… Na Jaane Kyun လို့ခေါ်တဲ့ အဲဒီရုပ်ရှင်ဇာတ်ကားဟာ ယောက်ျားချင်း ဖက်နမ်းတဲ့ ဇာတ်ဝင်ခန်းတွေ လိင်ဆက်ဆံတဲ့ အခန်းတွေကို ပြသတဲ့အတွက်ကြောင့် အာဏာပိုင်တွေရဲ့ ဆင်ဆာဖြတ်တောက် မှုတွေကို အများအပြား ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ဒါရိုက်တာ Kapil Sharma ကတော့ အဲဒီလို ဆင်ဆာဖြတ်တောက်တာနဲ့ ပတ်သက်လို့ သူက ဘယ်လိုမှ နားမလည်နိုင်ဘူးလို့ ဆိုပါတယ်။ ဆက်လက်ပြီး သူက ယောက်ျားနှစ်ယောက် ချစ်ကြတာ နမ်းရှုံ့ကြတာ ဘာပြဿနာ ရှိလို့လဲလို့ မှတ်ချက်ချ ပြောဆိုရှာပါတယ်။

Bombay Times သတင်းစာရဲ့ ပြောဆိုချက်အရဆိုရင် လောလောဆယ်မှာ မင်းသားလေး Parasher ဟာ မိသားစုကနေ နှင်ထုတ်ခံနေရပြီး အမွေပြတ်စွန့်လွှတ်တာပါ ခံနေရတယ်လို့ ဖော်ပြထားပါတယ်။

Parasher ရဲ့ဖခင် Satish Parasher ကတော့ သတင်းစာဌာနကို “ဒီကောင်အခုလို သရုပ်ဆောင်လိုက်တာ ကျနော်တို့ယဉ်ကျေးမှုကို ဆန့်ကျင်တာ၊ ကျနော်တို့ တိုင်းပြည်ရဲ့ ရိုးရာဓလေ့တွေကို ဖျက်ဆီးပစ်တာ၊ ပြီးတော့ မြင့်မြတ်သန့်ရှင်းလှတဲ့ အမျိုးသမီးနဲ့ အမျိုးသားတွေကြားက ဆက်ဆံမှုကို ရိုက်ချိုးစော်ကားလိုက်တာ၊ သူ ရုပ်ရှင်ရိုက်ဖို့ စာချုပ်လက်မှတ် ရေးထိုးတုန်းက အဲဒီဇာတ်ကားကို ကောင်မလေးတယောက်နဲ့ တွဲရိုက်မှာလို့ပဲ သူပြောခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ယောက်ျားနှစ်ယောက် နမ်းနေတဲ့ ပိုစတာကြီးကို မြို့လည်မှာ တွေ့လိုက်တော့ ကျနော်တို့ အရမ်းအံ့ဩသွားတယ်၊ လုပ်ရက်လေခြင်း၊ ကျနော်တို့ကို အရှက်ခွဲရက်လေခြင်း၊ ကျနော် နာလည်းနာတယ်၊ ရှက်လည်းရှက်တယ်၊ လူတွေ ကျနော်တို့ တဆွေလုံး တမျိုးလုံးကို ဝိုင်းဟားကြတော့မယ်၊ အရင်တုန်းကလို ကျနော်တို့ရဲ့ အေးချမ်းနေတဲ့ ဘဝကလည်း ပျောက်ကွယ်သွားတော့မယ်”လို့ ပြောရှာပါတယ်။

ပြီးတော့ သူ့အမေဆိုရင် အရမ်းကို စိတ်ပျက်နေပြီ။ ကျနော်တို့ မိသားစုဆိုတာ လူတွေအရမ်း အထင်ကြီး လေးစားတဲ့ မိသားစု၊ အခုလို သူ ဂေးဇာတ်ကောင် တယောက်လို သရုပ်ဆောင်လိုက်တော့ သွားပြီ၊ ပြီးသွားပြီ၊ ကုန်ပြီ။ ကျနော်တို့ သူ့အပေါ်မှာ ထားခဲ့တဲ့ အိမ်မက်တွေ မျှော်လင့်ချက်တွေ အကုန်ဆုံးပြီ။ အဲဒီလို ရုပ်ရှင်တစ်ကားတည်းနဲ့တင် သူက ကျနော်တို့ မိသားစုဝင်တွေရဲ့ သွေးသားထဲကနေ ဖောက်ထုတ်လိုက်ပြီ။ ကျနော်တို့ သူ့မျက်နှာကိုလည်း တသက်လုံး မကြည့်ချင်ဘူး။ မတွေ့ချင်ဘူး။ နောင်ဘဝအထိကို မမြင်ချင်ဘူးလို့လည်း ထပ်လောင်းပြောဆို ခဲ့ပါတယ်။

Yuvraaj Parasher

သူတို့ မိသားစုဝင်တွေရဲ့ ထင်မြင်ယူဆချက်အရ အခုလို ဂေး ဇာတ်ကောင် တယောက်အနေနဲ့ သရုပ်ဆောင်လိုက်တဲ့ အတွက်ကြောင့် ဘယ်အိန္ဒိယ မိန်းကလေးမှ သူ့ကို လက်ထပ်ချင်တော့မှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

ဟောလီးဝုဒ် ပြီးလို့ရှိရင် ကမ္ဘာပေါ်မှာ ဒုတိယ နာမည်အကြီးဆုံးဖြစ်တဲ့ ဘောလီးဝုဒ် ရုပ်ရှင်လောကဟာ လိင်တူချင်း ချစ်သူတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရိုက်ကူးပြသဖို့ အလွန်မှ ခဲယဉ်းလှတဲ့ နယ်မြေဒေသတစ်ခု ဖြစ်ပါတယ်။ ယောက်ျားချင်း နမ်းတာမပြောနဲ့ ယောက်ျားနဲ့ မိန်းကလေး နမ်းတဲ့ ဇာတ်ဝင်ခန်းတွေတောင် အင်မတန်မှ ပြခဲလှပါတယ်။

ပြီးခဲ့တဲ့နှစ်က အိန္ဒိယနိုင်ငံမှာ လိင်တူဆက်ဆံတာကို တရားဝင်အဖြစ် သတ်မှတ်လိုက်ပြီး ကတည်းကနေစပြီး လိင်တူချင်း ချစ်သူတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တဖြည်းဖြည်း တစတစနဲ့ စတင်လက်ခံ လာကြတာတော့ ရှိပါတယ်။

မကြာသေးမှီက ထုတ်လုပ်ပြသခဲ့တဲ့ Dostana လို့ခေါ်တဲ့ အမျိုးသားနှစ်ယောက် ဂေးဟန်ဆောင်ပြီး ကောင်မလေး တယောက်ဆီက ချစ်အခြေကိုရဖို့ ကြိုးစားတဲ့ အကြောင်းကို တင်ပြထားတဲ့ ရုပ်ရှင်ဇာတ်လမ်းက ဘောလီးဝုဒ်မှာ လိင်တူချင်းနဲ့ ပတ်သက်လို့ ပထမဦးဆုံး စတင်စိန်ခေါ်မှု ပြုလုပ်လိုက်တဲ့ ဇာတ်ကားဖြစ်ပါတယ်။

http://www.coloursrainbow.com/articles/2010-09-20-04-31-42/408-2010-09-29-10-07-20.html