မန္တလေးမြို့ပေါ်တွင် ရေကြီး

winkyawaungOctober 8, 20101min17610
ခေတ်ပြိုင် သတင်းဆိုဒ်မှ တဆင့်ကူးယူဖော်ပြထားပါသည်။


မန္တလေးမြို့ပေါ်တွင် ရေကြီး၍ ရုံးများ၊ ကျောင်းများ ပိတ်ထားရ

ဝ၈ အောက်တိုဘာ ၂၀၁၀

ဆည်တော်လေးရေလှောင်တမံမှ ရေမနိုင်၍ဖွင့်ချလိုက်သဖြင့် ယနေ့နံနက် (၄) နာရီမှစ၍ မန္တလေးမြို့ တောင်ဘက်အခြမ်း မြို့နယ်တို့တွင် ရေကြီးနေသည်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (ဂ) ရပ်ကွက်၊ အင်းခရု ရပ်ကွက်၊ ဘ (၃) ရပ်ကွက်၊ အောင်သာယာ၊ ထွန်တုံးရပ်ကွက်များ အပါအဝင် ချမ်းမြသာစည်မြို့နယ်လည်း အနည်းငယ်ရေမြုပ်သည့်အပြင် အစိုးရရုံးများ၊ ကျောင်းများကိုလည်း ပိတ်ထားရပြီး အဆိုပါ ရပ်ကွက်တို့မှ လူများမှာ လမ်းမပေါ် ထွက်နေရသည်ဟု ဘ (၃) ရပ်ကွက်သားတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ရေတားဘောင်မရှိသော ရပ်ကွက်များအတွင်း ရေဝင်လာသည့်အတွက် မန္တလေးမြို့၏ တောင်မြောက် လမ်းမကြီးဖြစ်သည့် (၆၂) လမ်းကို ရေကျော်သွားပြီး သွားရေးလာရေး ခက်ခဲနေကြောင်း၊ အချို့နေရာများတွင် ရေအမြင့် (၅) ပေခန့်ထိ ရှိနေကြောင်း သိရသည်။

“မန္တလေးမြို့ရဲ့ မြောက်ဘက် မိုင် (၃၀) ကျော် အကွာက တောင်ကျချောင်းရေတွေကို လှောင်တဲ့ ဆည်တော်လေး ရေလွှတ်လိုက်တာပါ။ ဆည်တော်လေးက လွှတ်လိုက်တော့ ပြည်ကြီးတံခွန် မြို့နယ်အတွင်းမှာ ပန်းရံတော်ချောင်းက ရေလျှံတာပါပဲ” ဟု ဘ (၃) ရပ်ကွက်သားက ဆိုသည်။

ပန်းရံတော်ချောင်းသည် မန္တလေးမြို့၏ အရှေ့တောင်ဘက်မှ စီးဆင်းလာကာ တောင်သမန်အင်းထဲသို့ စီးဝင်သောချောင်းဖြစ်ပြီး လွန်ခဲ့သော (၄) နှစ်က ဤသို့ရေကြီးမှု ဖြစ်ပေါ်ခဲ့ဖူးသော်လည်း ယခုအကြိမ်ကဲ့သို့ မပြင်းထန်ကြောင်း သိရှိရသည်။

အဆိုပါရေကြီးမှုကြောင့် အိမ်ခြေ (၅,၀၀၀) ကျော်ခန့် ရေအလွှမ်းခံနေရပြီး မန္တလေးမြို့ နေရာအတော်များများဖြစ်သည့် (၃၀၊ ၆၃၊ ၇၃) လမ်းအပြင် (၂၆) လမ်းမှ (၃၅) လမ်းအထိ ရေမြုပ်နေကာ အစိုးရက လောလောဆယ် ဘာမှ မပြုလုပ်ပေးသေးကြောင်း ဒေသခံများက ပြောသည်။

ခေတ်ပြိုင် သတင်းဆိုဒ်မှ တဆင့်ကူးယူဖော်ပြထားပါသည်။

10 comments

  • winkyawaung

    October 8, 2010 at 3:30 pm

    အရေးပေါ်သတင်းဖြစ်၍ ကူးယူပြီးတင်လိုက်ပါ၏။ ပြည်တွင်း၊ ပြည်ပမှ ကယ်ဆယ်ရေးအလှူရှင်များ လိုအပ်နေပါသည်။

  • kopauk mandalay

    October 9, 2010 at 2:15 am

    ကျနော်အိမ်လဲရေမြုတ်ခါနီးပါပြီ။
    တိုက်ခန်းရှေ့မှာ ကန်တော်ကြီးကရေတွေရောက်နေကြောင်းပါခင်ဗျာ။

    • ဆူး

      October 9, 2010 at 3:08 am

      ရေတွေ ဝင်ရင်တော့ အိမ်ထဲက ပစ္စည်းတွေ ရေတွေ စိုပြီး ပျက်ကုန်မှာဘဲနော်..

    • bigcat

      October 9, 2010 at 3:17 am

      ဦးပေါက် အခြေအနေ ဘယ်လိုရှိတုန်းဗျို့။

  • MandalayThar

    October 9, 2010 at 2:38 am

    ကိုယ်ပေါက် မန်းတလေးရေသတင်းကြားချင်တယ်ဗျာ။ တင်ပေး…

  • naychanyan

    October 9, 2010 at 3:33 am

    လေးပေါက် သတင်းလေးတင်ပါအုံး
    အိမ်ကိုလဲ ဂရုစိုက်အုံးနော်!!

  • winkyawaung

    October 9, 2010 at 4:54 am

    ကိုပေါက်ရေ အဖြစ်မှန် သတင်းဓာတ်ပုံတွေကို တင်ပေးပါအုံး။ အင်းလေ..ဒုက္ခရောက်နေတော့လဲ ဘယ်တင်နိုင်မလဲ။ ကိုယ်ချင်းစာပါတယ်။ သတင်းမှတ်တမ်းပုံတွေကိုတော့ ယူထားစေချင်ပါတယ်.။ ကျွန်တော်တို့ ဘာအကူအညီတွေ ပေးရပါမည်လဲ ကိုပေါက်ခင်ဗျား..။

  • kltatdo

    October 10, 2010 at 12:10 pm

    ယနေ့ (၂)နာရီခန့်တွင် မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (ဂ) ရပ်ကွက်၊ အင်းခရု ရပ်ကွက်၊ ဘ (၃) ရပ်ကွက်၊ အောင်သာယာ၊ ထွန်တုံးရပ်ကွက်များ ရေ အနည်းငယ်ကျနေပြီး၊ မနော်ဟရီ လမ်းပေါ်ရှိ လေးမျက်နှာ စေတီ တွင်
    ကယ်ဆယ်ရေး စခန်းဖွင့်ထားကြောင်း၊ အခြားရပ်ကွက် ဓမ္မာရုံများ…..စေတီပုထိုးများတွင်လည်းကယ်ဆယ်ရေး စခန်းများဖွင့်ထားပြီး…ရေဘေးဒုက္ခသည်များဖြင့်…ပြည့်နေကြောင်း၊ အချို့ကယ်ဆယ်ရေး စခန်းများတွင် ်နေရာမရသော ရေဘေးဒုက္ခသည်များသည် မီးရထားသံလမ်း ဘေးဝဲယာတွင် မိုးကာယာယီတဲလေးများဖြင့်
    ဖြစ်သလို နေရကြောင်း၊ မန္တလေးမြို့၏ တောင်မြောက် လမ်းမကြီးဖြစ်သည့် (၆၂) လမ်းမှာလည်း ရေကျော်လျှက် ရှိပြီး သွားရေးလာရေး ခက်ခဲနေကြောင်း၊မော်တော်ကားကျွတ်များကို လေဖြည့်၊ဝါးလုံး၊ဝါးကပ် များဖြင့် ဖောင်ဖွဲ့
    ပြီး မိမိတို့ ပစ္စည်းများကို ခက်ခဲပင်ပန်းစွာ ရွေ့ပြောင်း သယ်ယူနေရကြောင်း၊ မန္တလေးမြို့ရှိ လူမှုရေးအသင်းများ၊
    ဆရာတော်သံဃာတော်များ၊လူမှုရေးစိတ်ဓာတ် ရှိကြကုန်သော မန္တလေးမြို့ခံများက ရေသန့်ဘူးများ၊မုန့်များ၊
    ထမင်းထုပ်များ၊ပေးဝေပြီး လိုအပ်သောအကူအညီများကို ကူညီဆောင်ရွက်နေကြောင်း မျက်မြင်တွေ့ရှိခဲ့ပါသည်။
    သို့သော်…..ညနေ(၃)နာရီခန့်မှစပြီး မန္တလေးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိသောကြောင့် ရေဘေးဒုက္ခသည်များအနေဖြင့် လွန်စွာစိုးရိမ်ထိတ်လန့်လျက်ရှိပါသည်။

  • aungshin

    October 10, 2010 at 5:38 pm

    ချမ်းမြသာစည်မြို့နယ် မနောဟရီလမ်းတစ်လျှောက်နဲ့ ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်းတစ်လျှောက် နှစ်ရက်ဆက်တိုက်ရောက်ခဲ့တယ်။ ရေနစ်နေတဲ့အတွင်းပိုင်းအိမ်တွေထိလည်း ဓာတ်ပုံဆင်းရိုက်ခဲ့သေးတယ်။ တာဝန်ရှိသူတွေဆီကရတဲ့သတင်းအရ နှစ်မြို့ပေါင်း ရပ်ကွက် ၁ဝ ခုရေလွှမ်းခဲ့ပြီး၊ လူဦးရေ တစ်သောင်းကျော်ခန့်သာ ရေဘေးကယ်ဆယ်ရေးစခန်းသို့ရောက်နေပြီး ကျန်သော သိန်းဂဏန်းရှိလူဦးရေကတော့ အိမ်တွေမှာပဲ ကုပ်နေကြသေးတယ်လို့သိရပါတယ်။ မြို့တွင်းပိုင်းအလှူရှင်တွေ အများဆုံးလာရောက်ကြပြီး၊ နယ်ဝေးကလာလှူတာတော့ မကြားမိခဲ့ပါဘူး။ လက်တလောက်လိုအပ်နေတာကတော့ သောက်သုံးရေနဲ့ စားစရာပါ။ ရေနစ်နေတဲ့ အတွင်းပိုင်းအိမ်တွေကလူတွေအထိ ရေနဲ့အစားအစာတွေအရောက်သွားပို့နိုင်ဖို့အရေးကြီးနေပြီး၊ ကယ်ဆယ်ရေးစခန်းတွေက လူတွေအားလုံး ကျန်းမာရေးနဲ့အညီနေနိုင်ဖို့အရေးကြီးပါတယ်။ လူတွေက သူတို့ပစ္စည်းတွေနဲ့ အိမ်ကိုစိတ်မချလို့ အိမ်တွေမှာပဲကုပ်နေကြတယ်လို့ထင်ပါတယ်။ လူဘယ်နှစ်ယောက် ရေဘေးဒုက္ခခံရတယ်။ ဘယ်နှစ်ယောက် အစားအသောက်နဲ့သောက်သုံးရေရတယ် ဆိုတာ ဘယ်တာဝန်ရှိသူမှ အတိအကျမပြောနိုင်ကြပါဘူး။ မစားရဘူးဆိုတဲ့လူတော့ မကြားမိခဲ့ဘူး။ ဒါပေမယ့် မငတ်တာပဲရှိတယ်။ မဝဘူးဆိုတာမျိုးတော့ ပြောကြတယ်။ ရေအနက်ထဲမှာသွားလာဖို့ ပစ္စည်းသယ်ဖို့ကတော့ အဓိက အခက်အခဲတွေပါ။ အလှူရှင်တွေလှူဒါန်းတာကို တိတိကျကျမှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်မှုလည်း လိုအပ်နေတယ်လို့ ထင်ပါတယ်။ ရေဘေးသတင်းကို ကိုယ်တိုင်ကိုကျလိုက်ခဲ့ပါတယ်။

  • Gong Zhu

    October 10, 2010 at 7:29 pm

    ကိုပေါက် ပျောက်နေပါလား … အင်တာနက် မရတော့ဘူးလား …

Leave a Reply