” မလွမ်းစကောင်း လွမ်းစကောင်း “(ရှေးရှေးက မန်းတလေး အပိုင်း10)

မန်းလေးမြို့တွင်းမှာတော့ အရှေ့ပြင် အနောက်ပြင် တောင်ပြင်မြောက်ပြင် လေးပြင်လေးရပ်စလုံးမှာ ရှိတဲ့ ရပ်ကွက်တိုင်းရပ်ကွက်တိုင်းမှာနာမယ်ကြီး တန်ခိုးကြီးဘုရားတွေ ရှိပါတယ်။
ဟိုးမြောက်ဘက်အစွန်ဆုံး ကစပြောရင် ” အရိပ်မထွက်ဘုရား”ကနေစပြောရမယ်ထင်ပါတယ်။
သူကတော့ လမ်း80နဲ့တည့်တည့်မြောက်ပြင် (5)လမ်းလောက်မှာရှိပါတယ်။
ငယ်ငယ်ကတော့ အရိပ်မထွက်ဆိုတာကို စေတီတော်က အရိပ်မထွက်ဘူးလို့ထင်မှတ်မှားမိခဲ့ပါတယ်။
အမှန်တကယ်ဆိုလိုရင်းကတော့ ဘယ်အချိန် ဘယ်ကာလ ဘယ်ရာသီမှာမဆို စေတီတော်ရဲ့အရိပ်က ဘုရားတံတိုင်းရဲ့အပြင်ဘက်ကိုမကျရောက်ဘူးလို့ဆိုလိုတာပါ။
တနည်းအားဖြင့်ပြောရရင် ရှေးမြန်မာတွေ ခေတ်သစ်ဂဏန်းသချင်္ာဖြစ်တဲ့ တြီဂိုနိုမေထရီ အတတ်ပညာကိုကျွမ်းကျင်တယ်ဆိုတာပြလိုက်တာပါဘဲ။

နောက်ဘုရားနှစ်ဆူကတော့ ပုလဲငွေရောင်ရပ်ကွက် 81လမ်း (22စီလမ်းနဲ့ 20လမ်းကြား)မှာရှိတဲ့ “ဘုရားနီဘုရား”နဲ့ “ဗောင်းတော်ကျဘုရား” ဖြစ်ပါတယ်။
ရှေးစကားအကြားကိုပြန်လည်ဖောက်သည်ချရရင်ဖြင့် ဘုရားနီဘုရားကိုမော့ဖူးလိုက်တဲ့ဘုရင်ရဲ့ ခေါင်းပေါင်းတော် ပြုတ်ကျသွားတဲ့နေရာမှာ “ဗောင်းတော်ကျဘုရား”ကိုတည်ထားခဲ့ပါသတဲ့။ဒါကြောင့်လဲဗေဒင်ဆရာများက ယတြာချေခိုင်းရင် ဒီဘုရားမှာ ယတြာမချေဘို့မှာတတ်ပါတယ်။
ယကြတာမအောင်မှာစိုးလို့ပါတဲ့။
ဒီဘုရားနှစ်ဆူကနေတောင်ဘက် ဆက်သွားမယ်ဆိုရင် 24လမ်းနဲ့23လမ်းကြား 82လမ်းမှာရှိတဲ့ အရပ်အခေါ်”ရွှေကျီးမြင့်” တကယ်ဘွဲ့တော်က “ရွှေကျီးမြင်”
လို့နာမတော်ရှိတဲ့ဘုရားကိုဖူးတွေ့ရမှာဖြစ်ပါတယ်။
ထူးခြားချက်လို့ဆိုနိုင်တာက “ရွှေကျီးမြင့်”ဘုရားတည်နေရာက 82လမ်းဆိုတဲ့လမ်းဖောက်တဲ့အခါ လမ်းကြောနဲ့တည့်တည့်ဖြစ်နေပါတယ်။
ဒါပေမယ့် ဘုရားပရဝုဏ်ကို ကွင်းရှောင်လို့လမ်းဖောက်လိုက်ပါတယ်။ ဒါကြောင့်မို့လဲ 82လမ်းမကြီးဟာ “ရွှေကျီးမြင့်”ဘုရားကိုရောက်တဲ့အခါ ဘုရားရဲ့အရှေ့ဘက်ကနေ ကွေ့ပါတ်ပြီးတော့ မှ မြောက်ဘက်နဲ့တောင်ဘက် ပြန်ဆက်သွားပါတယ်။
နောက်တစ်ချက်ကတော့ “ရွှေကျီးမြင့်”တည်နေရာအရပ်က ပြည်ကြီးကျက်သရေ အရှေ့ နဲ့ပြည်ကြီးကျက်သရေအနောက် ရပ်ကွက်နှစ်ခုကြားမှာတည်ရှိတဲ့အတွက် ဘုရားပွဲကျင်းပတဲ့အခါမှာ ရပ်ကွက်ကြီးနှစ်ခုစလုံးကအရှေ့ခြမ်းအနောက်ခြမ်းခွဲလို့ တစ်ရက်တည်းကျင်းပကြပါတယ်။
နောက်ဒီဘုရားထဲမှာရှေးကတည်းက စံပ္ပါယ်တော်မူတဲ့ ” စိန်ဘုရား မြဘုရား”ရှိပါတယ်။
အဲဒီဘုရားနှစ်ဆူကိုတော့ ရွှေကျီးမြင့် ဘုရားပွဲတော်ရက် ရယ် ဝါဆိုလပြည့်နေ့ သီတင်းကျွတ်လပြည့်နေ့နဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့များမှသာ အပြင်ကိုအပူဇော်ခံဘို့ ပင့်ဆောင်လို့ အများပြည်သူများကိုဖူးမျှော်ခွင့်ပေးပါတယ်။
ကျန်အချိန်များမှာတော့ ဘုရားအတွင်းတော်ထဲမှာသာ စံပ္ပါယ် တော်မူကြပါတယ်။
နောက်ကျနော်တို့ငယ်ငယ်က ကြားခဲ့ဘူးတာတော့ 82လမ်းတည့်တည့် ဒီဘုရားရဲ့တောင်ဘက်မုဒ်စောင်းတန်းဒါယိကာကတော့ အခြားဘာသာကနေ ကူးပြောင်းကိုးကွယ်လာပြီး ဒီတန်ဆောင်းကို လှူဒါန်းခဲ့တယ်ဆိုတာပါဘဲ။
အခြားသောဘာသာကပြောင်းခြင်းမပြောင်းခြင်းက ကျနောတို့်အတွက်ဘယ်လိုမှသက်ရောက်မူ့မရှိပေမယ့် လေဒဏ် မိုးဒဏ်ကနေကာကွယ်လို့ရအောင်အမိုးပါတဲ့
တန်ဆောင်းကိုဆောက်လုပ်ပေးထားတာကတော့ အင်မတန်မှကို ကျေးဇူးကြီးလှပါတယ်လို့ဆိုချင်ပါတယ်။
ဒါပေမယ့် ……………ဆိုပြီးဆက်ပြောလိုက်ချင်ပါသေးတယ်။
အရင်ကတော့ အမိုးအကာပါတဲ့အတွက် ဘုရားဖူးလာသူများ မိုးလုံနေလုံရှိပေမယ့် အခုအခါမှာ စောင်းတန်းအမိုးကို ဖျက်လိုက်ကြပါတယ်။
ပြီးတော့အရင်က အုဌ်သမံတလင်းနေရာမှာကျောက်ရောင်စုံပြားလေးတွေကိုခင်းလို်က်တော့ မိုးရွာတဲ့အခါမှာဆိုရင် ချော်မလဲအောင်တော်တော်လေးကိုသတိထားလို့လျှောက်ရပါတယ်။
နေပူတဲ့အခါကြပြန်တော့ အောက်ကကျောက်ပြားတွေက ပူကျက်လို့နေပြန်ပါရော။
ကောင်းနေတာကိုဘာအကြောင်းကြောင့်ပြောင်းလိုက်တယ်ဆိုတာကို စဉ်းစားလို့မရနိုင်အောင်ပါဘဲဗျာ။

အဲဒီစောင်းတန်းနဲ့တဆက်တည်းမှာရှိနေတဲ့ “ဒေါ်ဖွားမယ်ဇရပ်”လို့အမည်တွင်တဲ့ဇရပ်ကလေးဖြစ်ပေါ်လာပုံကတော့ပုံပြင်လေးတပုဒ်ပါဘဲ။
ဒေါ်ဖွားမယ်ဆိုသူက 25လမ်း သူဌေးတန်းမှာနေပါသတဲ့။သူနေတဲ့အိမ်က ရှေးတိုက်အကြီးကြီးဖြစ်ပြီး အိမ်အပေါ်ထပ်ကို သူ့အိမ်သူအိမ်သားကလွဲရင် ဘယ်သူမှ ညအိပ်ညနေတည်းလို့မရပါဘူးတဲ့။တည်းတယ်ဆိုရင်လဲညအိပ်ပြီဆိုတာနဲ့အိပ်လို့မရအောင်ခြေထောက်ကိုလာဆွဲလိုဆွဲ အိပ်ပျော်သွားပြန်ရင်လဲနေရာရွှေ့လိုရွှေ့
ဆိုပြန်တော့ ဘယ်လာတည်းရဲပါမလဲနော်။
တစ်ရက်မှာ ဒေါ်ဖွားမယ် ကို ထူးထူးဆန်းဆန်းအိပ်မက်ပေးတာကတော့ အိမ်အောက်ထပ်မှာ သိုက်ရှိတယ်။
ဥစ္စာစောင့်တွေကလည်းကျွတ်ချင်လွတ်ချင်လှပြီ ဒါပေမယ့် ဒီသိုက်ကိုဖော်ချင်တယ်ဆိုရင် ဖော်လို့ရသမျှထဲကတစ်ဝက်တိတိကို လှူဒါန်းရမယ်လို့အိပ်မက်ပေးပါသတဲ့။
ပထမတော့သူတို့ကလဲ အမူ့မဲ့အမှတ်မဲ့နဲ့နေပါသတဲ့။နောက်ထပ်ခါထပ်ခါမက်လာတော့ လူကြီးသူမတွေနဲ့တိုင်ပင်ကြည့်လိုက်တဲ့အခါ ဖော်သင့်တယ်လို့ ဆုံးဖြတ်ပါသတဲ့။
အိပ်မက်ထဲက ညွှန်ပြတဲ့နေရာကတော့ အိမ်အောက်ဆုံးထပ်အလည်ခေါင်တည့်တည့်ဖြစ်ပါသတဲ့။
စစချင်းအိမ်အောက်ဆုံးထပ်မှာ ကန့်တော့ပွဲတွေပေး သိုက်ဆရာတွေခေါ်ပြီး သိုက်တူးဘို့စီစဉ်ပါသတဲ့။
ပထမဆုံးအကြိမ်စတူးတော့ အပြင်မှာ စိတ်ဝင်တစားနဲ့လာကြည့်ကြတဲ့ ပရိသတ်တွေက အိမ်အပြင်မှာမနည်းဘူးဆိုဘဲ။
စစချင်းအခေါက်က တူးလို့တော်တော်လေးနက်နက်ကိုရောက်တဲ့အခါမှာ အောက်မှာပစ္စည်းတွေကိုမြင်ရတဲ့ အချိန်သိုက်ဆရာရဲ့ပါလာတဲ့တပည့်ကစိတ်မထိန်းနိုင်ဘဲ
အောင်ပြီအောင်ပြီလို့အော်လိုက်တဲ့အတွက် တွင်းကအလိုလိုပိတ်ပြီးပျက်သွားပါသတဲ့။
နောက်ထပ်သိုက်ဆရာတစ်ယောက်နဲ့တူးပြန်တော့လည်း တူးလို့တော်တော်လေးလဲ ရရော အပေါ်မှာစောင့်နေတဲ့သူတွေက မြေပြင်ကို ရေထင်လို့ကူးနေပါသတဲ့၊
နောက်သုံးလေးကြိမ်တူးတဲ့အခါမှာလဲ ဒီလိုဘဲ အကြောင်းအမျိုးမျိုးကြောင့်ပျက်သွားပါသတဲ့။
နောက်ဆုံး ဆရာတော်တွေနဲ့တိုင်ပင်လိုက်တဲ့အခါ တကယ်လို့သိုက်များအောင်ခဲ့ရင် ဘယ်လိုလုပ်ပေးမယ်ဆိုတဲ့ ကတိကိုတိတိကျကျပေးဘို့ အကြံပြုပါသတဲ့။
အဲဒါနဲ့ဘဲ တကယ်လို့များတူးလို့ရခဲ့ရင် ရွှေကျီးမြင့်ဘုရားထဲမှာ ဇရပ်တစ်ဆောင်ဆောက်လုပ်လို့ လှူဒါန်းပြီးအမျှအတန်းဝေပေးပါမယ်နောင်ဆွေစဉ်မျုးိဆက်လဲ ဒီဇရပ်ကိုစောင့်ရှောက်ပါမယ်ဆိုပြီး အဓိဌာန်ပြု သိုက်တူးမယ့်ဆရာအပါအဝင်ကူညီလုပ်ကို်င်မယ့်သူရောအိမ်ပိုင်ရှင်ရော သတ်သတ်လွတ်စား ဥပုသ်သီတင်းဆောက်ည်ပြီး တူးတဲ့အခါမှာ သို်က်အောင်သွားပါသတဲ့။
လက်စွတ်တွေ လက်ကောက်တွေ ဆွဲကြိုးတွေဒေါင်းဘယက်တွေ ခြေချင်းတွေက ကွမ်းအစ်တွေနဲ့အများကြီးကိုတူးဖော်လို့ရခဲ့ပါသတဲ့။
ဘယ်လောက်များသလဲဆိုတာကတော့ ကာယကံရှင်တွေဘဲသိမှာပါ။
ငယ်ကတည်းကြားဘူးခဲ့တဲ့ ဒီပုံပြင်လေးက ဟုတ်လား မှန်လားဆိုတာကိုကျနော် မျက်မြင်မဟုတ်လို့ ကံသေကံမတော့ အာမခံရဲပါဘူး။
ဒါပေမယ့် ဒေါ်ဖွားမယ်ဇရပ်ဆိုတာကတော့ တောင်ဘက်စောင်းတန်းအဆုံးအရှေ့ဘက်ခြမ်းမှာအခုချိန်ထိတွေ့နိုင်ပါသေးတယ်။
နောက်ငယ်ငယ်ကလူကြီးတွေပြောခဲ့ဘူးတာက ဒုတိယကမ္ဘာစစ်ကြီးတုံးက ရွှေကျီးမြင်ဘုရားခေါင်မိုးပေါ်ကို အင်္ဂလိပ်တွေလေယာဉ်ပျံပေါ်ကချလိုက်တဲ့ဗုံးတစ်လုံးလာကျပါသတဲ့။
ဒါပေမယ့် ဒီဗုံးကလုံးဝမပေါက်ပါဘူးတဲ့။နောက်မှ စစ်သားတွေလာဖယ်ယှားလိုက်ပါသတဲ့။
ရွှေကျီးမြင်ဘုရားထဲမှာ သက်တမ်းရင့်ခရေပင်ကြီးတွေရှိပါတယ်။
ဘုရားရဲ့အနောက်ဘက် ခြမ်းကဇရပ်ထဲမှာ သူအိုသူနာသူသေသရုပ်ဖော် ရုပ်လုံးကြွရုပ်ထုတွေက သရုပ်ပါလွန်းတော့ ငယ်ငယ်က အဲဒီအရုပ်တွေကိုကြည့်ရမှာကြောက်ပါတယ်။
အဲဒီအထဲမှာလဲ ရှေးက အသူံးပြုတဲ့ ဝေါကြီးတစ်ခုက အခုထက်ထိတွေ့နိုင်ပါသေးတယ်။
နောက်ဘုရားရဲ့မြောက်ဘက်ခြမ်းမှာ ဘုရားလေးတစ်ဆူရှိပါတယ်။
လူကြီးတွေပြောတဲ့ပါးစပ်ပုံပြင်ကတော့ အဲဒီဘုရားကို အသက်အောင့်ပြီး ခုနှစ်ပါတ်ပါတ်ရင် လူနီထွက်လာပါသတဲ့။
(လူနီဆိုတာ မှင်စာအငယ်စားလေးပါ)။လူနီထွက်လာရင်နပန်းလုံးသတ်ပြီး သူဆောင်းတဲ့ဦးထုပ်ကိုရအောင်လုနိုင်ရင် ကိုယ်ကြိုက်တာကိုဆုတောင်းလို့ရပါသတဲ့။
ကျနော်တို့အရပ်ထဲမှာ လူနီနဲ့နပန်းလုံးဘူူးသူရှိခဲ့ပါသတဲ့။
သူ16နှစ်သားလောက်ကတုံးကပါတဲ့။
သူက ဦးထုပ်ကိုရအောင်လုပြီး ရွှေချောင်းပေးဘို့တောင်းတဲ့အခါပေးပါသတဲ့။
ဒါပေမယ့် သူအိမ်ကသူပျောက်လို့လိုက်ရှာတဲ့အခါ မှာ အဲဒီဘုရားဘေးမှာ လက်ထဲမှာ မန်းကျီးသီးတောင့်တွေကိုဆုပ်ထားပြီးသတိမေ့နေတာကို တွေ့ရလို့ အတော်လေးကိုဆေးကုယူလိုက်ရပါသတဲ့။
ဟုတ်မဟုတ်တော့ မသိဘူး ငယ်ငယ်ကတော့ ရွှေကျီးမြင့်ဘုရားထဲသွားမယ်ဆိုရင်လူကြီးတွေက အဲဒီဘုရားကိုမပါတ်ဘို့ မှာပါတယ်။
ဒါပေမယ့်လည်း အဲဒီဘုရားရဲ့အရှေ့ဘက်မှာရှိတဲ့အောင်မြေဆိုတဲ့ မြေကွက်ကွက်လေးကိုတော့ အမြဲနင်းခိုင်းပါတယ်။
အခုချိန်မှာတော့ ရွှေကျီးမြင်ဘုရားက ဇရပ်အိုဇရပ်ဟောင်းတွေကိုဖယ်ယှားလို့ အသစ် အသစ်တွေနဲ့ခန့်ညားသစ်လွင်လို့နေပါတယ်။
အရင်ကဆို ဝါတွင်းကာလ ဥပုဒ်ရက်များမှာဆိုရင် မနက်စောစော မှာ”ဆွမ်းကြီးခံ “လိုက်ရပါတယ်။
ရွှေရောင်ဆွမ်းအုပ် ရွှေရောင်ဆိုင်းထမ်းမှာပါတဲ့ ဆွမ်းဟင်းဆွမ်းထမင်းက ရွှေကျီးမြင့်ဘုရားအတွက် ဆွမ်းအုပ်အနီဆိုင်းထမ်းအနီကတော့တရားလာပေးမယ့်ဘုန်းတော်ကြီးအတွက်ဆိုပြီးခွဲခြားလို့လှူဒါန်းပါတယ်။
ဘုရားအတွက်လို့သတ်မှတ်ထားတဲ့ဆိုင်းထမ်းကတော့ ဘုရားဆွမ်းတော်ကပ်ပြီးတော့စွန့်ရင် ဘုရားလူကြီးတွေအတွက်ပေါ့။
အရင်က တရားပွဲကိုဒေါ်ဖွားမယ်ဇရပ်ထဲမှာကျင်းပပါတယ်။
အခုတော့ အသစ်ဆောက်လုပ်ထားတဲ့ အနောက်ဘက် က ဇရပ်မှာတရားပွဲတွေကျင်းပပါတယ်။
ဒီလောက်ပြောနိုင်တာကတော့ကျနော်က သူဌေးတန်းအရပ်မှာကြီးပြင်းခဲ့တဲ့လူဖြစ်လို့ပါဘဲ။
ရွှေကျီးမြင့်ဘုရားဆိုတာ ကိုယ်အရပ်ဘုရားဖြစ်နေလို့ပါ။
ရွှေကျီးမြင့်ဘုရားကနေ အနောက်ဘက်ဆက်သွားလု့ိ 24လမ်းအဆုံးဖြစ်တဲ့ 86လမ်းကိုရောက်ရင် တောင်ဘက်ကို သွားလိုက်ပါ။
တည့်တည့်သွားလို့ ဈေးချိုကိုရောက်ရင် ဆင်ရုပ်ကြီးနှစ်ကောင် ကိုတွေ့တာနဲ့အနောက်ဘက်ကိုကြည့်လို်က်ပါ။့ ရွှေရောင်ဝင်းနေတဲ့ဘုရားတစ်ဆူကိုတွေ့ရပါမယ်။အဲဒါကတော့ “မဟာလောကရံသီ ဘွဲ့ခံအိမ်တော်ရာ “ဘုရားပါဘဲ။
ရှေးကဘုရင်တစ်ပါးခေတ္တခဏစံတော်မူခဲ့တဲ့ အိမ်တော်ရာနေရာမှာ ဘုရားတည်ခဲ့တာဖြစ်ပါတယ်။
ဆင်ရုပ်ရှိတဲ့တံတားကိုတော့ အလွယ်တကူဘဲ “ အိမ်တော်ရာဆင်တံတား“လို့ခေါ်ပါတယ်။
ဒီဘုရားကတော့ မြန်မာ့လွတ်လပ်ရေးသမိုင်းနဲ့လဲဆက်စပ်နေခဲ့ဘူးပါတယ်။
ပြည်တွင်းဖြစ်ပစ္စည်းတွေကိုသာ သုံးစွဲမယ်ဆိုပြီးတော့ရယ် ကို်ယ့်ဘာသာကိုယ် ဘုရားအရိပ်မှာ ဈေးဖွင့်ကြမယ်ဆိုပြီး
မန္တလေးဈေးချိုသူ ဈေုးချိုသားတွေက အင်္ဂလိပ်အစိုးရ ကိုဆန့်ကျင်လို့ ရဲရဲဝံ့ဝံ့ ဖွင့်ခဲ့တဲ့ဈေးကြီးပါ။
“လေပြေဆော်လာရင် ညောင်ရွက်သံတရှဲရှဲ ဆည်းလည်းသံညံစီစီ အော်တွေးမိပြီ တွေးမိပြီ လောကရံသီ အိမ်တော်ရာစေတီ ဘုရားဈေးပြေးလို့မြင်နိုင်သည်
ဒို့မြန်မာ ဂုဏ်ရောင် စည်းလုံးရေးကြောင့်ဆောင်ပေသည် “လို့ မြို့မငြိမ်းက ဂုဏ်ပြုလို့ “ဘုရားဈေး “ဆိုတဲ့သီချင်းတစ်ပုဒ်ကိုစပ်ဆိုခဲ့ပါတယ်။
မြို့မငြိမ်းရဲ့သီချင်းထဲမှာတော့ ညွှန်းထားတဲ့စားစရာကတော့ “ယုတ်စွအဆုံးပင် မလိုင်ပေါက်စီသုံးဆောင်နိုင်ပါသည် “တဲ့။

အဲဒီအိမ်တော်ရာဘုရား ပုရဝုဏ်အတွင်းက မြောက်ဘက်ဝင်ပေါက်မှာရှိတဲ့ (14)ခန်းဇရပ်မှာ မြန့်မာ့သမိုင်းဝင်အစည်းအဝေးကို စည်းဝေးလို့ နယ်ချဲ့ကိုဆန့်ကျင်ဘို့ ဆုံးဖြတ်ချက်တွေကို ချခဲ့ဘူးတယ်လို့လဲ ရှေးလူပြောစကားနဲ့မှတ်သားခဲ့ရပါတယ်။
အိမ်တော်ရာဘုရားရဲ့အနောက်ဘက်စောင်းတန်းမှာတော့ ငရဲပြည်ကိုရောက်ရင်ဘယ်လိုဒုက္ခတွေခံစားရမယ်ဆိုတာကို ပန်းချီကားနဲ့သရုပ်ဖော်ထားတဲ့ နာမယ်ကျော်“အိမ်တော်ရာငရဲ ခန်း”ပန်းချီများကို တွေ့နိုင်ပါတယ်။
ဘုရားရဲ့တောင်ဘက်ခြမ်းမှာ တရားကျင့်လိုသူများအတွက် ဂူဘုရားလေးတွေရှိပါတယ်။
အဲဒီဘက်ခြမ်းမှာရှိတဲ့ ကျိုက်ထီးရိုးဘုရားပုံစံတည်ထားတဲ့ ဘုရားလေးနဲ့ မနီးမဝေးကညောင်ပင်အောက် မှာ
“တရူးရူး တရှဲရှဲ”အသံတွေပေးလို့ ဝင်သက်ထွက်သက်ကိုမှတ်လို့ တရားကျင့်တဲ့ အုပ်စုကလေးလည်းရှိခဲ့ဘူးပါတယ်။
1980ပါတ်ဝန်းကျင်လောက်ဖြစ်မယ်ထင်ပါတယ်။
တွေးကြည့်ရင် ရှက်စရာလို့ ထင်ရတာကလေးကတော့………………….
လေဘေးထိတဲ့ နိုင်ငံများကို ဝိုင်းပြီး လှူဒါန်းလိုက်တဲ့ နိုင်ငံခြားဖြစ်အဟောင်းထည်တွေ( ကျနော်တို့က “လေဘေးထည် “ ဘေထုပ်” ဖျာပုံထည်” ပုံပုံ”လို့အမည်ပေါင်းများစွာပေးထားခဲ့တဲ့အဟောင်းထည်တွေဒီဇိုင်းဆန်းတဲ့အနွေးထည်တွေ အရောင်စုံအဆင်စုံတဲ့သိုးမွှေးတွေပါသပေါ့)
ကို နိုင်ငံခြားဖြစ်ကို ဆန့်ကျင့်လု့ိပြည်တွင်းဖြစ်ကိုသုံးစွဲဘို့ တိုက်ပွဲဝင်ပြီးဖွင့်ခဲ့တဲ့” အိမ်တော်ရာဘုရားဈေး”နေရာမှာဆိုင်ခန်းတွေဆောက်လို့ ဆိုင်တွေဖွင့်ပြီးစတင်ပြီးရောင်းချခဲ့ရာကနေပြီး “အဟောင်းဈေးတန်းကြီး”ပေါ်ထွက်လာတာကိုပါ။
တစ်မြို့လုံးအုံးအုံးကြွက်ကြွက်နဲ့ရောင်းလိုက်ကြဝယ်လိုက်ကြနဲ့ အတော်လေးကို စည်းကားသိုက်မြိုက်လို့ အလုပ်ဖြစ်ခဲ့ကြဘူးပါတယ်။
အရင်ကဘေထုပ်ဆိုတာ ဆင်းရဲစသား တွေသာ သုံးစရာလို့ ယူဆရာကနေ ချမ်းသာတဲ့သူရော ဆင်းရဲသားပါ အများသုံးတဲ့ အထည်တွေဖြစ်လာပါတယ်။
အဲဒီအချိန်ကစလို့မန်းလေးမြို့မှာအဟောင်းထည်ကို ဝတ်ရကောင်းမှန်းသိလာ တယ်ထင်ပါတယ်။
မန်းလေးမြို့မှာ ဘေထုပ်အစ အိမ်တော်ရာကလို့တောင် ဆိုနိုင်ပါသေးတယ်။
အခုတော့လည်း မသင့်တော်ဘူးဆိုတဲ့အတွေးနဲ့ ဒီအဟောင်းဆိုင်တန်းကို 19လမ်း -86လမ်းရွှေတချောင်းဘေးမှာရှိတဲ့ညောင်ပင်ဈေးကို တရားဝင်ပြောင်းရွှေ့ပေးခဲ့သူကိုတောင် ကျေးဇူးတင်သင့်ပါတယ်။
ဒီအိမ်တော်ရာဘုရားအနောက်ဘက်ပေါက်ကထွက်လိုက်ရင် နာမယ်ကျော် မိချောင်းတံတားအစကိုမြင်ရမှာဖြစ်ပါတယ်။
မိချောင်းတံတားလို့ခေါ်ရခြင်းကတော့ တံတားအစမှာမြောက်အရပ်ကိုလှည့်လို့ ပါးစပ်ဟနေတဲ့မိချောင်းနှစ်ကောင်ပုံကိုထုလုပ်ထားလို့ပါဘဲ။
မိချောင်းတံတားကိုတော့ အုဌ်စီတံတားအဖြစ်ရှေးက မင်းသားကြီးဦးကျောက်လုံးကဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ရည်ရွယ်ချက်ကတော့ မိုးတွင်း အခါသမယမှာ သံဃာတော်များ ဆွမ်းခံကြွရာမှာ အများသူငါသွားလာကြရာမှာ ရွှံ့ဗွက် ကင်းဝေးစွာသွားလာနိုင်အောင် လို့ ခင်းခဲ့တယ်လို့သိရပါတယ်။
အဲဒီလမ်းကတော့ 89လမ်းဖြစ်ပါတယ်။
ဒီအုဌ်စီလမ်းကတော့ ရှေးက အတော်လေးကိုရှည်လျားတဲ့လမ်းဖြစ်ပါတယ်။
အိ်မ်တော်ရာဘုရားတံတိုင်းအဆုံး28လမ်း လမ်းတဝက်လောက်ကစလိုက်တာ 34လမ်းမှာမှ ဆုံးတယ်ဆိုတော့ မန်းလေးအခေါ်(6)ပြလောက်ဝေးပါတယ်။
အဲဒီလမ်းအဆုံးမှာတော့ ခြင်္သေ့ကြီးနှစ်ကောင်ကို ထုလုပ်ထားပေမယ့် အခုတော့အိမ်တွေကြားထဲမှာ ပျောက်ကွယ်သလိုဖြစ်နေပါတယ်။
နောက် ကျနော်တို့ငယ်ငယ်တုံးကတော့ အုဌ်စီလမ်းကိုမြင်ခဲ့ရသေးပေမယ့် အခုအချိန်အခါမှာတော့ ကျောက်လမ်းဖြစ်သွားတဲ့အတွက် မိချောင်းတံတားအဆုံးဟာ
34လမ်းက ခြင်္သေ့ကြီးမှာဆုံးတယ်တယ်ဆိုတာကို ခုခေတ် ကလေးတွေမသိနိုင်တော့ဘူးလို့ထင်ပါတယ်။
အိမ်တော်ရာဘုရားအနောက်ပေါက်ကိုထွက်လိုက်တာနဲ့ ထီးလင်းတိုက် ၊မိုးကောင်းတိုက်၊ ဂွေးချိုတိုက်၊ခင်ပုဂံတိုက်အစရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို
တွေ့ရမှာဖြစ်ပါတယ်။ငယ်ငယ်ကဆိုရင်အိမ်ကလူကြီးတွေက ကိုးကွယ်တဲ့ဘုန်းကြီးကျောင်းတွေကို သွားရောက်လို့ လှူဒါန်းတဲ့အခါမှာကျနော်တို့ကလေးတစ်သိုက်ကလဲ အတူလို်က်ရလေ့ရှိပါတယ်။
လူကြီးတွေကဆရာတော်တွေနဲ့ စကားကောင်းနေချိန် ကျနော်တို့က ဘုန်းဘုန်းချကြွေးတဲ့ မုန့်ပဲသွားရေစာတွေကို လက်နဲ့ရသလောက်ကုပ်လို့ ကျောင်းအောက် ကိုဆင်းဆော့ပါတယ်။
ကျောင်းဝင်းကြီးတွေက ကျယ်ကျယ် သစ်ပင်တွေက ကြီးကြီး အေးမြကျယ်ပျံ့တဲ့လွတ်လပ်မူ့ကို အပြည့်အဝခံစားလို့တပျော်တပါးကြီးကစားကြပါတယ်။
မာကလာပင်တွေ့ရင်မာကလာပင် ဩဇာပင်တွေ့ရင် ဩဇာသီး ဇီးပင်တွေ့တော့ဇီးသီးသရက်ပင်တွေ့တော့သရက်သီးကျနော်တို့လက်နဲ့လွတ်တာကိုမရှိဘူးထင်ပါတယ်။
မှတ်မှတ်ရရပြောရင် ဘယ်ကျောင်းလဲလို့ မမှတ်မိပေမယ့် သီးသီးပင်တွေ သစ်ချိုသီးပင်တွေရှိတာကိုတော့မှတ်မိပါတယ်။
သစ်ချိုသီးကတော့ အလွန်စားကောင်းတဲ့အသီးပါဘဲ။အထဲက အစေ့ကကြီးတာလေးတစ်ခုပါဘဲ။
(အခုစစ်ကိုင်းမန်းလေးလမ်းကို သွားလို့ ဘုရားကြီးကျောက်ဆစ်တန်းကလွန်လို့အောက်ကျင်းရောက်ရင်လမ်းအနောက်ဘက်ဘေးမှာ ရှားရှားပါးပါးသစ်ချိုပင်ကြီးတပင်ရှိပါတယ်။အသီး သီးချိန်မှာ အသီးတွေမြေပေါ်ကိုကြွေကျနေတာတွေ့ တော့ ခုခေတ်ကလေးတွေက သစ်ချိုသီးကို စားလို့ရမှန်းတောင် မသိဘူး ထင်မိတာပါဘဲံ။တစ်ခါတစ်လေမှာ သွားရင်းလာရင် းဆိုင်ကယ်ရပ်လို့ကောက်စားချင်စိတ်တောင်ပေါ်လာမိတတ်ပါတယ်။)
ဆက်ပြောရမယ်ဆိုရင် ကျနော်တို့ငယ်ငယ်က မိဘတွေက ဘုန်းကြီးကျောင်းကို သွားတိုင်းခေါ်ပါတယ်။
ဘုန်းကြီးကို ဝတ်ချခိုင်းပါတယ်။ပြီးရင် ဆရာတော်တွေကိုရိုသေစွာလျှောက်ထားလို့ စကားပြောခိုင်းပါတယ်။
ဆရာတော်ဘုရားများကလဲ ကလေးနဲ့တန်တဲ့ ဆုံးမစကားများကို တစ်ခါသွားရင် နည်းနည်းနဲ့ ဆုံးမပဲ့ပြင်ခဲ့တာတွေက အခုကြီးတဲ့အခါမှာ ရင်ထဲထိရောက်နေအောင်ကို ငယ်ကအသိတွေက စွဲမြဲခဲ့ပါတယ်။
အခုခေတ်ကလေးများကတော့ အကြောင်းတစ်ခုခုရှိလု့ိဘုန်းကြီးကျောင်းကိုများသွားခိုင်းရင် ဘုန်းကြီးနဲ့စကားမပြောတတ်ဘူးကအရင်စလာတော့တာပါဘဲ။
နောက်တစ်ချက်က ဘုန်းကြီးကျောင်းတိုင်းတိုင်းကျောင်းတိုင်းဟာ ကျယ်ဝန်းတယ် အေးမြတယ် လွပ်လပ်တယ်ဆိုတဲ့ဂုဏ်ပုဒ်တွေနဲ့ပြည့်စုံနေသလို
ဘုန်းကြီးကျောင်းရောက်တိုင်းမုန့်တွေစားရတော့ သွားရတိုင်းကစားရ စားရတော့ပျော်ပါတယ်။
ပိုပျော်စရာကောင်းတာကတော့ ဝါဆိုပန်းကပ်သွားရတဲ့ဝါဆိုလပြည့်ကျော်တစ်ရက်နေ့ပါ။
အဲဒီနေ့ရောက်တိုင်းမန်းလေးမှာရှိတဲ့ဘုန်းကြီးကျောင်းတိုင်း ကျောင်းတိုင်းက ဆရာတော်များက ကိုယ့်ဒကာ ဒကာမများကို ဝါမဆိုခင်မှာ ပြန်လည်လို့ ဧည့်ခံတာကြတာကတော့ ထုံးစံပါ။
ကလေးဘဝကစားခဲ့ရတဲ့ ကြက်သွန်နီဥကြီးကြီးကို အကွင်းလိုက်လှီး ပဲကြီးခြမ်းကြော်ကို ကြာညို့ထဲ့လို့သုတ်ထားတဲ့ ပဲလှော်ကြော်သုတ်နဲ့ ညဂျင်းသုတ်ပါဘဲ။
အခုခေတ်မှာတော့ စားဝတ်နေရေးကိုဦးစားပေးနေရတဲ့ ဘဝတွေနဲ့လူသားတွေဖြစ်နေကြတဲ့အတွက် ကျနော်အပါအဝင်မိဘများဟာ ကျနော်တို့ရဲ့ မိဘများ အဘိုးအဘွားများလို ကိုယ့်သားသမီးမြေးမြစ်များကိုဘုန်းတော်ကြီးကျောင်းများနဲ့ယဉ်ပါးအောင် မလုပ်နိုင်တော့တာကတော့ အမှန်ပါဘဲ။

ဒီအိ်မ်တော်ရာဘုရားကအရှေ့ပေါက်ကနေထွက်လို့ 87လမ်းအတိုင်းတောင်ဘက်ကိုဆက်လျှောက်မယ် 29လမ်းရောက်တော့ အရှေ့ဘက်တက် ပြီးရွှေတချောင်းမြောင်းဘောင်အတိုင်းဆူညံရှုပ်ထွေးနေတဲ့ နေရာတွေကို တိုးဝှေ့လို့သွားလို့ လမ်း30ကိုရောက်ပြီဆိုတာနဲ့ ရွှေတစ်ချောင်းကိုကျော်
ပြီးလမ်း30အတိုင်းရှေ့တက်လိုက်မယ်ဆိုရင် အရပ်အခေါ် “စင်္ကြာသီဟဘုရား” ဘွဲ့တော်အမှန်က “သကျသီဟဘုရား”ကိုရောက်မှာဖြစ်ပါတယ်။
စင်္ကြာသီဟဘုရားကလည်းအတော်ကျယ်ဝန်းပြီးလေးဘက်လေးတန်မှာဝင်ပေါက်ရှိပါတယ်။85လမ်း (31လမ်း32လမ်း တပြလုံးကြီးက ဘုရားပုရဝုဏ်ကြီးဖြစ်ပါတယ်။
ဘုရားမျက်နှာတော်က အရှေ့ဘက်လှည့်တော်မူတဲ့ထိုင်ကိုယ်တော်ကြီးဖြစ်ပါတယ်။
ဘုရားကိုတော်တော်လေးမြင့်တဲ့ နေရာမှာ တည်ထားတဲ့အတွက် အုဌ်လှေခါးကနေတက်မှရောက်ပါတယ်။
ချစ်သူနဲ့ဒီဘုရားကိုသွားစဉ်အချိန်ကတော့ စိတ်ထဲမှာ “မောင်မယ်တူ တောင်ဘက်မုဒ်က တက်ရင်းနဲ့လေ လှေခါးထစ်တွေ ရေ ကြည့်ကြတာပေါ့ ရိုးရိုးလေးသာဝတ်ခဲ့ပါနော် အေးမြလို့ ” ဆိုပြီး ညည်းခဲ့သေးတာပေါ့။
ဘုရားရဲ့အောက်ခြေကွက်လပ်မှာ ခိုတွေငှက်တွေသောက်ဘို့ စဉ့်အင်တုံလေးတွေကိုရေအပြည့်ဖြည့်လို့ချထားပေးတဲ့အပြင် ကုလားပဲပြောင်းဖူးစေ့ ဆန်စေ့တွေကိုလာကြွေးလို့ကုသို်လ်ယူတွေလဲရှိကြပါတယ်။
ဒီဘုရားမှာမန်းလေးမြို့သမိုင်း ခေတ်အပြောင်းအလဲမှာမေ့မရနိုင်တဲ့ပုံရိပ်တွေနဲ့ပြည့်နှက်လို့နေပါတယ်။
ကျနော်တို့ ကျောင်းသားဘဝ ဦးသန့်အရေးအခင်းမှာလဲ ဒီဘုရားက သပိတ်စခန်းဖြစ်ခဲ့ပါတယ်။
နေ့လည်ပိုင်းမှာဆိုရင် အရှေ့ဘက် အုဌ်တံတိုင်းပေါ်တက်လို့ တစ်ယောက်တစ်လဲ တရားဟောကြတာတွေကိုလည်းသွားလို့နားထောင်ဘူးပါတယ်။
အိမ်ကသိတော့ဆူတာပေါ့။
နောက်မြန်မာပြည်ရဲ့အကြီးမားဆုံးသောပြောင်းလဲမူ့ဖြစ်တဲ့အခါမှာလည်း သပိတ်စခန်းအဖြစ်စခန်းချခဲ့ပါတယ်။
အဲဒီတုန်းကတော့ လဲ ဝင်လိုက်ထွက်လိုက်ကြနဲ့စည်ကားလို့နေခဲ့ဘူးပါတယ်။
ဆရာမင်းသိင်္ခစကားငှားပြောရင်တော့ “ပြီးတော့လဲ ပြီးသွားတာပါဘဲ “။
စင်္ကြာသီဟဘုရားကနေ 85လမ်းအတိုင်းတောင်ဘက်ကိုဆက်လျှောက်သွားမယ်ဆိုရင်ဖြင့် 34လမ်းမကိုရောက်လို့ အနောက်ဘက်ကိုမျှော်ကြည့်မယ်ဆိုရင်
တော့ ရှင်ပင်ပက်လက်ရေစက်လက်ဆိုတဲ့ဘုရားလေးကိုလှမ်းမြင်ရမှာဖြစ်ပါတယ်။
အဲဒီကနေဆက်လျှောက်လို့ 35လမ်းပေါ်ကိုရောက်ပြီဆိုရင် မြန်မာနောက်ဆုံးဘုရင်လှူခဲ့ပေမယ့် ကျောင်းရေစက်ချခွင့်မကြုံခဲ့တဲ့
ပါတော်မူချိန်မှာ သခင်ကိုယ်တော်မိူင်းရယ်လို့ ဖြစ်လာမယ့် ဆယ်နှစ်သားအရွယ် မောင်လွန်းက ကျောင်းပေါ်ကနေရပ်ကြည့်ခဲ့တယ်ဆိုတဲ့
နာမယ်ကျော်……………………………………………………………………………………

8 comments

  • bigcat

    October 10, 2010 at 4:30 pm

    ဦးပေါက်ရဲ့
    မန ္တလေးတမ်းချင်း
    လွမ်းရင်းလွမ်းရင်းနဲ့
    အခန်းဆက်
    ပဌာန်းဆက်ကြောင့်ထင်တယ်
    ဖတ်လို့အလွန်ကောင်း။

  • အားလုံး 25ပိုင်းရှိတယ်အတော်ဖတ်ယူရမယ်။

    အခုရေးနေတဲ့ ပလက်ဖောင်းကလဲ အဲလောက်ရောက်သွားမယ်ထင်ပါတယ်

  • ရွှေညာသား

    August 26, 2014 at 11:37 pm

    Thanks ပါ ကိုပေါက်
    နှုတ်ဆက်ရင်းနဲ့ဖတ်သွားပါတယ်….
    Comments မပေးတတ်တာ အကျင့်ဖြစ်နေပေမယ့်
    နောက်များလည်း အားပေးနေတယ်လို့ တွေးနေပါကိုပေါက်…..
    အမြင်လေးတွေရော…( ရိုးသားစွာပြောရင် ဓါတ်ပုံ Post တွေကိုမကြိုက်ဘူး)
    ဘဝမှတ်တိုင် ပလက်ဖေါင်းတွေရော အကုန်ဖတ်လို့ကောင်း…..
    လွမ်းလို့ကောင်းပါတယ်…..

    • အခုလိုဝင်ရောက်ဖတ်ရှု့တာ ကျေးဇူးပါ။
      ကျနော်က စာရေးတာ အဓိက
      ဓါတ်ပုံက ဒုတိယ ဦးစားပေးပေါ့

      2ခုလုံးက အနုပညာနဲ့ဆက်နွယ်နေသပေါ့။

      ကိုရွှေညာသား မှာကိုယ်ပိုင်ရွှေးချယ်ခွင့် ရှိပါတယ်။
      နှစ်သက်တာကို ခံစားလို့ရပါတယ်

      ပလက်ဖောင်းက ရေးရင်းနဲ့ ရှည်ရှည်သွားမယ့်သဘောရှိပါတယ်။

  • ခင် ခ

    August 26, 2014 at 11:45 pm

    တစ်ချို့မသိသေးတဲ့ဘုရားနေရာတွေပါနေတဲ့ပိုစ့်မို့ နှစ်ချိုက်မိတယ်ဗျ

  • alinsett

    August 27, 2014 at 7:28 pm

    ဒေါ်ဖွားမယ် နော်…
    ဒေါ်ဖွားမေရဲ ့ ညီမများလား….

    :mrgreen:

    ဘာရယ်မဟုတ် အခုတလော…နောက်တီးနောက်တောက်တွေပဲ..ပြောချင်နေလို ့ပါ လေးပေါက် ။

    (လေ့လာသွားပါတယ်…လို ့..။ အဲဒါ..လာပြောတာ ။ )

  • ဒေါ်ဖွားမေတော့ မရှိတော့ ဘူး သူ့ မြေးတွေ ကတော့ အလင်းဆက်နဲ့ ရွယ်တူ ဘဲ

    လာခဲ့ ပါလား မိတ်ဆက်ပေးမယ်

Leave a Reply