ဦးကေသည် ရုံးပိတ်ရက်အတွင်း ခရီးထွက်ရန် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်နေခဲ့သည်။ အကျီင်္အိတ်ကပ်အတွင်းမှ အိတ်ဆောင်ရေဒီယိုလေးက မိုးလေဝသသတင်းများကို ကြေငြာနေသည်။
“မနက်ဖြန် နေသာရန်ရှိပါသည်”
ကြည်နူးရွှင်ပြစွာဖြင့် လေချွန်ရင်း ဦးကေသည် လက်ကိုင်ပုဝါထုတ်၍ သူ၏ လက်ပတ်နာရီလေးကို ညင်သာစွာ ပွတ်တိုက်နေသည်။ ဤသည်မှာ သူအမြဲ လုပ်နေကျ အကျင့်ပင်ဖြစ်သည်။ ခေါင်းကုတ်ခြင်း၊ နားရွက်ကိုင်ခြင်း၊ နှာခေါင်းပွတ်ခြင်း စသည့် အဓိပ္ပါယ်မရှိသော အမူအကျင့်များနှင့် မတူဘဲ ၊ သူ၏ အကျင့်မှာ ထူးခြားလှသည်။ ဤလက်ပတ်နာရီလေးအား အမြဲတစေ သူက အရိပ်တကြည့်ကြည့်နှင့် နေခဲ့သည်။ ချဲ့ကားပြီး ပြောချင်လျှင် ဤနာရီလေးကို မေတ္တာသက်ဝင် ချစ်ခင်နေသည်ဟုပင် ပြောနိုင်သည်။
ဤနာရီလေးကို ဦးကေ ဝယ်ခဲ့သည်မှာ ငါးနှစ်တာ ကာလပင် ပြည့်ပေတော့မည်။ ကုန်တိုက်တစ်ခု၏ နာရီအရောင်းကောင်တာကို ဖြတ်သွားစဉ် ၊ မှန်ရှိုးကေ့စ်အတွင်း တန်းစီပြထားသော နာရီပေါင်းများစွာထဲမှ နာရီတစ်လုံးသည် ဖျတ်ကနဲ ဝင်းလက်သွားသည်။ နှိုင်းယှဉ်ရလျှင် မိန်းမချောလေးတစ်ယေက်က မျက်စေ့တစ်ဖက် မှိတ်ပြခြင်းခံလိုက်ရသကဲ့သို့ ဦးကေ ခံစားလိုက်ရသည်။ ထို့ပြင် “ကျွန်မကို ဝယ်သွားပါ” ဟု ချိုသာသော အသံလေးဖြင့် ပြောနေသံကိုပင် ကြားလိုက်ရသကဲ့သို့လည်း ထင်ခဲ့မိသည်။ နာရီလေးမှာ ရှေးဟောင်းမြို့တော်တစ်ခု၏ ရွှေဒင်္ဂါးပြားကို နာရီဒိုင်ခွက်အဖြစ် ပြုလုပ်ထားပါသည်။
တိုက်ဆိုင်စွာပင် ထိုနေ့မှာလည်း အလုပ်ဝင်ပြီးနောက် ပထမဆုံး BONUS ဆုကြေးရခဲ့သောနေ့ ဖြစ်နေခဲ့သည်။
“ကောင်းပြီ ဝယ်လိုက်မယ်” ဟု အမှတ်မထင်ပင် သူ့နှုတ်ကပြောလိုက်မိသည်။ ထိုအချိန်မှစ၍ ထိုနာရီကလေးသည် ဦးကေနှင့် အမြဲမခွဲမခွါဖြစ်ခဲ့သည်။ ဦးကေသည် နာရီလေးကို သူ့ခန္တာကိုယ်၏ အစိတ်အပိုင်း တခုပမာ ယုယခဲ့သည်။ ဦးကေမှာ ငယ်ရွယ်ကျန်းမာသူ ဖြစ်သောကြောင့် သူ၏ ကျန်းမာရေး စစ်ဆေးမှုကို စိတ်မဝင်စားလှသော်လည်း နာရီလေးကိုမူ နာရီပြင်ဆိုင်တွင် ပုံမှန် စစ်ဆေးမှု ခံယူခဲ့သည်။
နာရီပြင်ဆိုင်တွင် ပေးထားရသည့်အချိန်တိုင်း ဦးကေ၏ စိတ်ထဲတွင် နာရီလေးကို လွမ်းဆွတ်သတိရနေတတ်သည်။ ဤကဲ့သို့ ဂရုစိုက်မှုများကြောင့် နာရီလေးမှာလည်း မည်သည့်အခါမျှ အချိန်မမှန်ခြင်း မဖြစ်ခဲ့ပေ။ နှေးခြင်းမရှိ။ မြန်ခြင်းမရှိ၊ တိကျသော အချိန်ကိုသာ သေချာစွာ ပြသနိုင်ခဲ့သည်။
အိတ်ဆောင်ရေဒီယိုမှ နာရီအချက်သံ ပေါ်ထွက်လာသည်။ ဦးကေသည် ခေါင်းတစ်ချက်ခါလိုက်ရင်း…..
“ထူးဆန်းလိုက်တာ… ရေဒီယိုကပဲ အချိန်မှားရတယ်လို့”
ဦးကေစိတ်ထဲမှာတော့ မှားခြင်းမှားလျှင် ရေဒီယိုကပဲ မှားနိုင်မည်။ သူ့နာရီက မမှားနိုင်ဟု နာရီလေးအပေါ် အစွမ်းကုန် ယုံကြည်ထားသည်။ သို့သော အခြားလိုင်းကိုလည့်ပြီး နာရီကို တိုက်ကြည့်လိုက်သောအခါ ရေဒီယိုမှ ကြေငြာသောအချိန်မှာ မှန်ကန်နေကြောင်း သိလိုက်ရသည်။ သူ အရမ်းကို ထူပူသွားသည်။
သွားပြီ။ လိုက်ပါစီးနင်းရန် လက်မှတ်ဝယ်ထားသော ဘတ်စ်ကား၏ ထွက်ချိန်ကို ဦးကေ မမီနိုင်တော့ပါ ။ သူသည် တခါမျှ မပြုစဖူး ၊ လက်ပတ်နာရီလေးကို စိတ်တိုစွာ အော်ပစ်လိုက်သည်။
“မင်း ဘယ်လိုလုပ်လိုက်တာလဲကွာ ။ ဒီလောက်တောင် အရိပ်တကြည့်ကြည့်နဲ့ အချိန်မမှားအောင် ဂရုစိုက်နေတဲ့ဟာကိုကွာ”
မည်သို့ပင် ဖြစ်စေ ၊ သူ့အတွက်တော့ ခရီးထွက်မည့် အစီအစဉ်အား ဖျက်သိမ်းပစ်လိုက်ရုံမှတပါး အခြားမရှိတော့ပေ။ သူသည် စိတ်ညစ်ညူးစွာဖြင့် လမ်းလျှောက်ထွက်လာရင်း နာရီပြင်ဆိုင်ကိုပါ တပါတည်း ဝင်လိုက်သည်။
“ထူးဆန်းတယ်ဗျာ….ဒီလိုနောက်ကျတာ ၊ ဒါ ပထမဆုံးအကြိမ်ပဲ ။ ကျုပ်ရဲ့ပျော်ရွင်စရာကောင်းမယ့် ရုံးပိတ်ရက်ကလေးကတော့ သွားပါပြီဗျာ”
“ဟိုတလောကပဲ သေသေချာချာ စစ်ဆေးထားပြီးခါစ ရှိသေးတယ်”
နာရီပြင်ဆရာက နာရီကို ယူကြည့်ရင်းပြောသည်။ ထို့နောက် အလွန်အံသြသည့် အသံဖြင့် ဆက်ပြောပြန်သည်။
“ခင်ဗျားနာရီက အကောင်းကြီးပဲ…. ဘယ်နေရာမှ ပျက်နေတာ မတွေ့ရပါလားဗျာ”
“မဖြစ်နိုင်တာဗျာ”
ဤအချိန်တွင် အင်္ကျီအိတ်ထဲမှာ ထည့်ထားဆဲရှိသော အိတ်ဆောင် ရေဒီယိုမှ သတင်းကြေငြာသံ ကြားလိုက်ရသည်။
“ယခု အချိန်မှာ ခရီးသွားရာသီဖြစ်ပါသည်။ အက်စ်တောင်တန်းသို့ အပျော်ခရီးလည်ပတ်ရန်သွားသော ဘတ်စ်ကားသည်…”
ဤသတင်းကြားကြားခြင်း ဦးကေသည် နာရီပြင်ဆရာအား ကြားဖြတ်ပြောသည်။
“တွေ့လား… ဒီနာရီကြောင့် ကျွန်တော် အဲဒီဘတ်စ်ကားနဲ့ လိုက်ဖို့ နောက်ကျသွားတာပေါ့…. သေချာပါတယ် ဒီနာရီပျက်နေတာ….”
“….သည် တောင်နံရံနှင့် တိုက်မိပြီး တိမ်းမှောက်ကာ ၊ ချေက်ကမ်းပါးထဲသို့…..”

မူရင်း။   ။ (BOKO CHAN စာအုပ်မှ HOSHI SHINICHI ၏ AIYO NO TOKEI ဝတ္ထုတို)

About bolay

bo lay has written 7 post in this Website..