မုန်တိုင်းကြောင့် ရခိုင်နှင့် ဒေသအချို့ မိုးကြီးနိုင်

badbabylay09@gmail.comOctober 10, 20101min561

မုန်တိုင်းကြောင့် ရခိုင်နှင့် ဒေသအချို့ မိုးကြီးနိုင်
ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ယနေ့မနက် တိုက်ခတ်ခဲ့သော မုန်တိုင်းငယ်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

ယနေ့မနက် စတိုက်သည့် မုန်တိုင်းသည် အင်အားမပြင်းဘဲ ဘင်္ဂလားကမ်းခြေ ဝင်ရောက်ခဲ့ပြီး ရခိုင်နှင့် မြောက်ပိုင်းပြည်နယ်အချို့ပေါ် ဖြတ်သန်းသွားနိုင်သဖြင့် မိုးကြီးဖွယ်ရှိကြောင်း ခန့်မှန်းသည်။

’’မုန်တိုင်းဖြတ်တဲ့အခါ ရခိုင်မြောက်ပိုင်း၊ ချင်း၊ စစ်ကိုင်း
montais

မုန်တိုင်းငယ် တိုက်ခတ်မှုကြောင့် ပင်လယ်ရေလှိုင်းများ မြင့်တက်ရိုက်ခတ်နေပုံ
အထက်ပိုင်း၊ ကချင်ပြည်နယ်တွေမှာ နေရာအနှံ့ မိုးရွာနိုင်တယ်။ နေရာအလိုက် မိုးကြီးနိုင်ပါတယ်။ အထူးသတိပြုရမှာက ကုန်းမြင့်တွေမှာ မြေပြိုတာ၊ ရုတ်တရက် ရေကြီးတာတွေ ဖြစ်တတ်တယ်။ နောက် ၁၂ နာရီအတွင်း အနေအထားကို စောင့်ကြည့်ရမယ်။ ရခိုင်ကို ဝင်နိုင်တယ်ဆိုပေမယ့် စိတ်ပူစရာမရှိပါဘူး’’ ဟု ဦးထွန်းလွင်က မဇ္ဈိမကို ပြောသည်။

ယခုလ ၅ ရက်မှစ၍ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော လေဖိအားနည်း ရပ်ဝန်းမှ မုန်တိုင်းငယ် အသွင်ပြောင်းလာခဲ့သည်။

ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ယမန်နေ့ည တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်ကို ရွေ့လျားနေပြီး အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ အနောက်တောင်ဘက် ပင်လယ်ပြင်ကို ဗဟိုပြုနေကာ အရှေ့မြောက်ဘက်ကို ရွေ့လျားမည်ဟု ခန့်မှန်းထားသည်။ ထို့ပြင် လက်ရှိမုန်တိုင်း အနေအထားသည် အဝါရောင်အဆင့်သာရှိပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမည့် အခြေအနေမရှိကြောင်း ပါရှိသည်။

ရန်ကုန်၌ ယနေ့မိုးအုံ့ပြီး မိုးမရွာဟု သိရသည်။ ရခိုင်ပြည်နယ် ရသေ့တောင်၊ မောင်တော၊ ကျောက်ဖြူနှင့် စစ်တွေမြို့များကို မဇ္ဈိမက မေးမြန်းကြည့်ရာတွင် မိုးရွာနေသည်ဟု သိရသည်။

”မနေ့ကပဲ နယ်ဘက်မှာ လေဆင်နှာမောင်းဝင်သွားတာ။ ရွာနာမည်တော့ အတိအကျ မသိဘူး။ မြို့ကို တက်လာတဲ့ လူတွေပြောတာ သစ်ပင်ပိလို့တဲ့ အိမ်တဆောင်ပြိုသွားတယ်၊ လူတော့ မထိဘူး ပြောတယ်။ မိုးသက်လေပြင်း ကျတာတွေ ရှိတယ်” ဟု ရသေ့တောင်မြို့သားတဦးက မဇ္ဈိမကို ပြောသည်။

မနေ့က မိုးသည်းသဖြင့် ဘူးသီးတောင်-မောင်တောကားလမ်း နေရာတချို့ ပျက်သွားသလို မောင်တောမြို့ ရပ်ကွက် ၃၊ ၅ နှင့် ၆ တို့တွင် ဒီရေဝင်သဖြင့် လူနေအိမ် ကျောင်းများနှင့် ဈေးများအတွင်း ရေမြုပ်နေသည်။

”ဒီမှာ မိုးရွာတာ ၃ ရက်ရှိပြီ။ အခုလဲ ရွာနေတယ်။ အိမ်တော်တော်များများ ရေမြုပ်နေတယ်။ လူတွေ ထမင်းချက်လို့ မရဘူး။ တောင်နားမှာရှိတဲ့ အိမ်တွေဆိုရင် တောင်ကျရေကြောင့် နေလို့ မရဘူး။ အာဏာပိုင်တွေ ဘာလုပ်ပေးနေတယ် ဆိုတာ ကျမ မပြောတတ်ဘူး” ဟု မောင်တောမြို့ခံတဦးက ပြောသည်။

ကျောက်ဖြုတွင်လည်း အရင်တနင်္ဂနွေနေ့က မိုးသက်လေပြင်းကျသဖြင့် ပင်လယ်တွင် စက်လှေတစီး မြုပ်ခဲ့ရာ လူတဦး သေကြောင်း သိရသည်။

ယနေ့ အခြေအနေနှင့်ပတ်သက်၍ ကျောက်ဖြူ မိုးလေဝသဌာန တာဝန်ရှိသူတဦးက ”မိုးရေချိန်က ဝ.၄၈ လက်မပဲ ရှိတယ်။ အခုရက်ပိုင်း မိုးကတော့ အဲလောက် မများတော့ပါဘူး။ ဒီရေကတော့ ရှိမှာပေ့ါ။ မုန်တိုင်းနဲ့ ပတ်သက်လို့ ဒီမှာ ဘာမှ မရှိသေးဘူး။ နောက် ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ မပြောတတ်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

ယမန်နေ့က စစ်တွေ၌ မိုးရွာသော်လည်း ယနေ့ မရွာကြောင်း သိရသည်။ သို့သော် အချိန်မရွေး မိုးသက်လေပြင်း ကျနိုင်သည်ဆိုကာ မော်တော်၊ စက်လှေများကို ပင်လယ်မထွက်ရန် ပြည်နယ် ဆိပ်ကမ်းရုံးက သတိပေးထားသည်။

”ကျနော်တို့က တာဝန်အရ ပြောတာပဲ။ သူတို့ သတိ္တရှိရင် ထွက်ပေ့ါ။ ဖြစ်လာရင် ကျနော်တို့နဲ့ မဆိုင်ဘူးလေ” ဟု ဆိပ်ကမ်းရုံး အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ယခုလနှင့် လာမည့်နိုဝင်ဘာလတွင် ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းဖြစ်ရန် အလားအလာ ရှိသည်ဟု ဦးထွန်းလွင်က ဆိုသည်။

’’ဘာလို့ ပြောနိုင်လဲဆိုရင် အရင်နှစ်တွေက စာရင်းလေ့လာမှု၊ ပုံသဏ္ဌာန်တူ နှစ်တွေကို လေ့လာမှုတွေအရ ပြောနိုင်တာပေါ့။ မုန်တိုင်းဖြစ်ဖို့ ရှိသေးတယ်ဆိုတာက ကြောက်စရာ မဟုတ်ဘူး။ အသိပေးတာပဲဖြစ်တယ်’’ ဟု သူက ပြောသည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခဲ့ရာ ၁၉၇၈ မှစ၍ မြန်မာနိုင်ငံတွင် မိုးရာသီ တိုတောင်းလာခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းကျခြင်း၊ မုတ်သုန်အဝင် နောက်ကျခြင်း၊ မုတ်သုန်အထွက် စောခြင်း၊ မိုးလွန်ကာလတွင် မုန်တိုင်းဝင်ခြင်းများ ဖြစ်လာခဲ့သည်။

၂ဝဝ၈ မေလဆန်းက ဘင်္ဂလားပင်လယ်အော်မှ နာဂစ်ဆိုင်ကလုန်း တိုက်သဖြင့် လူ တသိန်း ၄ သောင်းခန့် သေဆုံးပြီး ၂ သန်းခွဲ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။

One comment

  • Gong Zhu

    October 10, 2010 at 6:06 pm

    သဘာဝဘေးက ကြောက်စရာကြီးနော် … စကားမစပ် 2022 က တစ်ကယ်ဖြစ်မှာလား . ..

Leave a Reply