မလွမ်းစကောင်း လွမ်းစကောင်း (ရှေးကမန်းလေး အပိုင်း11)

မြန်မာနောက်ဆုံးဘုရင်သီပေါမင်းနဲ့စုဖယားလတ်တို့အပါအဝင် မြန်မာနန်းတွင်းသူနန်းတွင်းသားတွေကို အင်္ဂလိပ်အစိုးရကနေ ဖမ်းဆီးသွားတယ်ဘဲပြောပြော လှည့်စားလို့ခေါ်သွားတယ်ဘဲပြောပြော ပါတော်မူသွားတယ်ဘဲပြောပြော အဲဒီအချိန်တုံးက သူတို့တစ်တွေကို မြစ်ဆိပ်ကိုသွားကြတဲ့အချိန်မှာအရှင်နှစ်ပါးရဲ့ဆန္ဒအရ အခု35အေလမ်း (85-86)လမ်းကြားလမ်းတောင်ဘက်မှာရှိတဲ့မြတောင်ကျောင်းတိုက်ရှေ့ကနေ ဖြတ်သွားပါသတဲ့။နောင်တစ်ချိန် မြန်မာ့ နို်င်ငံရေးသမိုင်းမှာ စာပေသမိုင်းမှာ ငြိမ်းချမ်းရေးဆရာကြီးလေးချုးိဆရာကြီးသခင်ကိုယ်တော်မိူင်းဆိုပြီးဖြစ်လာမယ့် ဆယ်နှစ်သားအရွယ်မောင်လွန်းကအဲဒီကျောင်းတိုက် ပေါ်ကနေပြီး ပါတော်မူပုံကိုငေးကြည့်ရင်းဝမ်းနည်းခဲ့ရဘူးပါသတဲ့။
အခုတော့မြတောင်ကျောင်းတိုက်က ခန့်ခန့်ငြားငြား နဲ့ သံဃာတော်ပေါင်းများစွာသီတင်းသုံးနေတဲ့ကျောင်းတိုက်ကြီးဖြစ်ပါတယ်။
35လမ်းကနေမြောက်ဘက်ကို 84လမ်းမကြီးအတိုင်းပြန်သွားမယ်ဆိုရင် လမ်း30ကိုရောက်တာနဲ့အရှေ့ဘက်ကိုပြန်တက်လိုက်မယ်ဆိုရင် လမ်းအလယ်ခေါင်မှာရှိနေလို့ အလွယ်တကူဘဲ ခေါ်လိုက်တဲ့လမ်းလယ်ဘုရားရှိပါမယ်။
အဲဒီကနေဆက်သွားလို့ 82လမ်းပေါ်ကိုရောက်မယ်ဆိုရင် မန်းလေးမြို့ဘုရားပွဲများမှာ ပထမဦးဆုံးကျင်းပတဲ့ “ဘုရားသုံးဆူဘုရား”ဖူးတွေ့ရမှာဖြစ်ပါတယ်။
26ဘီလမ်းကျုံးဘေးအတိုင်းဆက်လျှောက်သွားမယ်ဆိုရင် (76)လမ်းရောက်တဲ့အခါမှာ ” ဆုတောင်းပြည့်ဘုရား”ကိုဝင်ဖူးနိုင်သလိုတောင်ဘက်ကိုဆက်သွားပြီး 27လမ်းရောက်လို့အရှေ့ဘက်ကိုတက်မယ် ဆိုရင် ” ဆုတောင်းရဘုရား “ကိုရောက်မှာဖြစ်ပါတယ်။
မန်းလေးမြို့မှာရှေးကထက်ပိုပိုပြီးနာမယ်ကြီးလာတဲ့ဘုရားကတော့ 63လမ်းပေါ်မှာတည်ရှိတဲ့ “အောင်တော်မူဘုရား”ဖြစ်ပါတယ်။
ဒီဘုရားကလဲ ကိုယ်တိုင်ကိုယ်ကျ ရွှေသင်္ကန်းကပ်လှူနိုင်တဲ့ဘုရားတစ်ဆူဖြစ်ပါတယ်။
အောင်တော်မူရပ်ကွက်မှာရှိတဲ့အပြင် အောင်နိမိတ်ကောင်းတဲ့အတွက် ယတြာချေလိုသူတွေ အဓိဌာန်လိုသူတွေအတွက် အလွန်နှစ်သက်တဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်။
ဟိုအရင်ကထက်စာရင် ဘုရားဖူးလာသူတွေ ပုတီးစိတ်တရားထိုင်သူတွေတစထက်ထက်တစပိုပိုများလားတဲ့အတွက် အေးချမ်းဆိတ်ငြိမ်မူ့လေးတစ်ခုကတော့
ပျောက်ဆုံးသွားတာကတော့အမှန်ပါဘဲ။
အင်တာနက် နိုင်ဆိုဒ်က” မြန်မာသူငယ်ချင်းများနေ့ “အသင်းဝင်များက စနေနေ့ ညနေတိုင်းမှာဒီအောင်တော်မူဘုရားလေးကိုလာရောက်စုဝေးလို့ ဘုရားဝေယျာဝစ္စ
တွေကိုဆောင်ရွက်လို့ကုသိုလ်ယူကြပါတယ်။
(အမှန်အတိုင်းရှက်ရှက်နဲ့ဝန်ခံရရင် မန်းလေးသားကိုပေါက် တစ်ယောက် မြန်မာသူငယ်ချင်းများနေ့မှာ ဘလော့ဂ်တွေစရေးတာဖြစ်ပေမယ့် အောင်တော်မူဘုရားမှာ အဖွဲ့ဝင်တွေနဲ့ တစ်ကြိမ်မှ မဆုံဘူးသေးတာကိုပါ။)
မန်းလေးမြို့ 62လမ်းကတော့ အနောက်ဘက်ခြမ်းမှာကလူနေအိမ်တွေဖြစ်ပြီး အရှေ့ဘက်ခြမ်းကတော့ ဘုန်းကြီးကျောင်းတွေဘဲတန်းစီလို့ ရှိနေတာပါတယ်။
62လမ်းကနေတောင်ဘက်ထွက်35လမ်းအရှေ့ကို်တက်လိုက်ရင်35လမ်းအထက်ဘက်မှာရှိတဲ့ ဝါခင်းကုန်းဘုရားကလဲ နာမယ်ကြီးဘုရားတစ်ဆူဖြစ်ပါတယ်။

ကျနော်မန္တလေးတက္ကသို်လ်မှာပညာသင်ကြားနေတဲ့အချိန်တုန်းက တက္ကသို်လ်နေ့ရက်များရဲ့မမေ့နိုင်စရာတွေထဲမှာ “ဗောဓိကုန်းဘုရား”လည်းပါဝင်ပါတယ်။
ဘုရားပွင့်တော်မူရာဒေသမှာရှိတဲ့ စေတီတော်ကို ပုံစံယူလို့ အောက်ခြေကနေ အဖျားကို ရှူးတက်သွားတဲ့ထူးခြားသောပုံသဏ္ဍန်နဲ့တည်ရှိတဲ့ဘုရားဖြစ်ပါတယ်။
ဗောဓိကုန်းဘုရားလို့ အမည်တွင်ရခြင်းကတော့ ဘုရားပွင့်တော်မူတဲ့ဒေသက ဗောဓိညောင်ပင်ကိုသယ်ဆောင်လာပြီးစို်က်ထားတဲ့ ဗောဓိညောင်ပင် ရှိတဲ့အတွက်ဖြစ်ပါတယ်။
အဲဒီဗောဓိညောင်ပင်ကို ကဆုန်လပြည့်ရောက်တိုင်းညနေပိုင်းမှာဆိုရင်ညောင်ရေသွန်းလောင်းပါတယ်။
ညောင်ပင်ကို ရေအိုးလေးတွေနဲ့ ညောင်ရေသွန်းနေတဲ့မိန်းကလေးများကို ကျနော်တို့ယောက်ျားလေးတွေက ရေပုံးကိုယ်စီနဲ့ လူရောညောင်ပင်ပါရောလို့ ရေသွန်းလောင်းတာဖြစ်တဲ့အတွက် မန်းလေးမြို့ရဲ့ ကဆုန်သင်္ကြန်လို့ခေါ်ရင်တောင်ရပါတယ်။
အဲဒီအချိန်ဆိုရင် ဘုရားဝင်းထဲမှာ တီးဝိုင်းတွေလဲရှိပါတယ်။
ရေလောင်းကြသီချင်းဆိုကြ အော်ကြဟစ်ကြ ပျော်ကြပါးကြ ဆိုတော့ အမူးလွန်ပြီးအပျော်လွန်တဲ့သူများအတွက်အချုပ်ခန်းကလဲ အဲဒီဘုရားထဲကဇရပ်တစ်ဆောင်မှာအဆင်သင့်ပါ။
အဲဒီဘုရားပရဝုဏ်ကအေးမြတိတ်ဆိတ်တဲ့အတွက် မန္တလေးတက္ကသို်လ်ထဲကကျောင်းသူကျောင်းသားများလာရောက်လို့စာကျက်ကြသူတွေရှိသလို
ချစ်သူစုံတွဲများလဲ အိန္ဒြေရစွာလာရောက်စကားပြောကြတဲ့နေရာလေးလဲဖြစ်ပါတယ်။
မန်းလေးစက်မူမြို့သစ်မှာရှိတဲ့ ထူးခြားတဲ့ဘုရားကတော့ အင်းခရုနှီးဘုရားဖြစ်ပါတယ်။
စွယ်တော်လေးဆူကနေပွားထားတဲ့ “စွယ်တော်ဘုရား”ကတော့ မန်းလေးမြို့အထွက်မှာအလွန်မှ ခန့်ငြားစွာတည်ထားတဲ့ဘုရားဖြစ်ပါတယ်။
ကြီးမားကျယ်ပြန့်တဲ့ မြေကွက်လပ်ကြီးမှာ ပုဂံခေတ်က ဘုရားများအတိုင်း ဂူဘုရားပုံစံယူပြီး အလင်းပြန်ပေါက်တွေနဲ့ခမ်းနားစွာတည်ဆောက်ထားတဲ့အပြင်ဘုရားထဲမှာ လှိူဏ်သံတွေဖြစ်ပေါ်နေတာကလဲ အာရုံခံစားမူ့တစ်မျိုးကိုပေးစွမ်းပါတယ်။
ကျနော်မကွေးဘက်ကို အလုပ်ကိစ္စနဲ့ရောက်တိုင်း ညဘက်ဆိုရင် ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိတဲ့ မကွေးမြသလွန်ဘုရားပေါ်ကိုတက်လေ့ရှိပါတယ်။
လေကလေးကအေးအေးမြမြ လေတိုးလို့ထွက်လာတဲ့ဆည်းလည်းသံကလွဲရင် အသံများက တိတ်ဆိတ်ငြိမ်သက် လု့ိဘာနဲ့မှမတူတဲ့ အေးချမ်းမူ့ကို ခံစားရတဲ့အခါ တိုင်း ကျနော်တို့မန်းလေးမြို့မှာ ဧရာဝတီမြစ်ကမ်းနံဘေးမှာ ညချမ်းအချိန်မှာ အလွယ်တကူသွားရောက်လို့ ဖူးမျှော်နိုင်တဲ့ဘုရားတစ်ဆူမှမရှိတာကိုတွေးမိလို့ မချင့်မရဲဖြစ်ဘူးခဲ့ပါတယ်။
လွန်ခဲ့တဲ့မကြာသေးတဲ့နှစ်က ဧရာဝတီမြစ်အတွင်းမှာ သဲတူးနေရင်းက ရှေးဘုရားငါးဆူကို ဆယ်ယူလို့ရခဲ့ပါတယ်။
အခုအချိန်မှာတော့ အဲဒီဘုရားငါးဆူကို အပူဇော်ခံထားတဲ့နေရာရဲ့နံဘေးမှာ ကြီးမားကျယ်ပြန့်တဲ့ ဘုရားပုရဝုဏ်ကြီးကိုတည်ဆောက်လို့နေပါပြီ။
မကွေးမြသလွန်လို့ အမြင့်ပိုင်းမှာမဟုတ်ပေမယ့် ကျနော်မျှော်လင့်ခဲ့တဲ့ မြစ်ကမ်းဘေးက ဘုရားတစ်ဆူတော့ပေါ်ထွန်းလို့လာပါပြီ။
အေးချမ်းသာယာစွာလွယ်ကူစွာ သွားရောက်ဖူးမျှော်နိုင်အောင် သွားလမ်းလာလမ်းသာအောင် ဆောင်ရွက်ဘို့သာလိုအပ်ပါတော့တယ်။
အခုပြောတဲ့ဘုရားတွေက ကျနော်မကြာခဏရောက်တတ်တဲ့ဘုရားတွေဖြစ်ပါတယ်။

မန်းလေးမြို့ကြီးကမြန်မာပြည်ရဲ့လမ်းဆုံလမ်းခွမြို့ကြီးတစ်ခုဖြစ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်း ကချင်ပြည်နယ် အိန္ဒိယနယ်စပ် တရုပ်ပြည်နယ်စပ် ဘယ်ကိုဘဲသွားသွားမန်းလေးကိုဖြတ်သွားမှရောက်ပါတယ်။
အဲတော့မန်းလေးမြို့ကြီးက လူမျိုးပေါင်းစုံအခြေချလို့နေထိုင်တဲ့မြို့ကြီးတစ်မြို့ဖြစ်လို့လာပါတယ်။
မြန်မာရှိမယ် တရုပ်ရှိမယ် ကုလားရှိမယ် ပုဏ္ဏား ရှိမယ်။
တရုပ်တောင်မှ ဖူးကျင့်ရှိမယ် ယူနန်ရှိမယ် ကွမ်းတုံရှိမယ် ဟုတ်ကြူးရှိမယ် ခဲ့ကြားရှိမယ်။
ကုလားဆိုရင်လဲ ဆစ်ခ်ရှိမယ် ပန်ချာပီရှိမယ် မန်ဒရာဇီရှိမယ် ဇေတပါရီရှိမယ် မဂိုရှိမယ်။
ပုဏ္ဏား ဆိုရင်လဲ ဇာတ်နိမ့်ဇာတ်မြင့် အစုံရှိမယ်။
အင်္ဂလိုဘားမန်းတွေရှိမယ်။
တနည်းပြောရရင် လူမျိုးကွဲ ဘာသာကွဲ ပေါင်းများစွာ အတူတကွရှိနေတဲ့မြို့ဖြစ်ပါတယ်။
ဒါကလည်းအခုမှမဟုတ်ပါ ရှေးဘုရင်များလက်ထက်ကတည်းက အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိလာတဲ့နိုင်ငံခြားသားများကို သူ့နေရာနဲ့သူ သူ့ရပ်ကွက်နဲ့သူ နေရာခြထားပေးပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲလို့နေထိုင်ခဲ့ကြတာပါ။
ဒါကြောင့်လဲ မန်းလေးမြို့မှာ တရုပ်တန်း ဘာဘူတန်း ဘုရင်ဂျီတန်း ယိုးဒယားရပ် ပုဏ္ဏားရပ်ကွက်တွေ သူ့ဟာနဲ့သူရှိနေကြတာပါဘဲ။
မိမိကိုးကွယ်ရာ ဘာသာအလို်က် တည်ထောင်ထားကြတဲ့ ဘုရားကျောင်းတွေ ဘုံကျောင်းတွေ ဗလီတွေ ချပ်ချ်တွေ ခန့်ခန့်ညားညားနဲ့ရှိနေကြတာပါဘဲ၊
တရုပ်ဘုံကျောင်းဆိုရင်လဲ လမ်း30 82-83လမ်းကြားမှာရှိတဲ့ ဖူးကျင့်ကွမ်းယင်မယ်တော်ဘုရားကျောင်းရှိပါတယ်။
အရင်က တရုပ်နှစ်သစ်ကူးရက်ရောက်ပြီဆိုရင် ဒီကျောင်းထဲမှာ ပင်ပေါင်ပြိုင်ပွဲ ဘတ်စကက်ဘောပြိုင်ပွဲ တွေ သီချင်းပဟေဠိပြိုင်ပွဲတွေ အတီးအမူတ်တွေကပွဲတွေ ကံစမ်းမဲဖောက်တာတွေနဲ့ အလွန်စည်းကားခဲ့ဘူးပါတယ်။
(31-32ဝလမ်းကြား လမ်း80 ပေါ်မှာဆိုရင် အင်မတန်ကျယ်ဝန်းတဲ့ ” ယူနန်ဘုံကျောင်း” ရှိပါတယ်။
ဟိုအရင်ကျနော်ခပ်ငယ်ငယ်က အဲဒီကျောင်းဝင်းထဲကိုသွားဆော့ရင်း လူသေရင်ထဲ့တဲ့ အခေါင်းအနက်ကြီးတွေကိုတွေ့တော့ကြောက်ပြီးထွက်ပြေးခဲ့ဘူးတာကိုသတိရမိပါတယ်။
အခုအချိန်မှာလဲ တရုပ်နှစ်သစ်ကူးဆိုရင် ဒီကျောင်းထဲမှာအလွန်ကိုစည်ကားပါတယ်။
မြစ်ဆိပ်မှာတော့ သတ်သတ်လွတ်ဘုံကျောင်းရှိပြီး တရုပ်နှစ်ဆန်းတစ်ရက်နေ့မှာဆိုရင် မန်းလေးမှာရှိတဲ့တရုပ်မိသားစုတွေ သွားရောက်လေ့ရှိတဲ့ကျောင်းလဲဖြစ်ပါတယ်။
ကျနော်နဲ့ထိစပ်လို့သိနေတဲ့ အစ္စလာမ်ဘာသာဝင်များဝတ်ပြုကြတဲ့ ဗလီတွေကတော့ 23လမ်းကကျောက်ဗလီ။ ဂျွန်းဗလီ။ဆင်ကျုံးဗလီ၊အိုးဘိုဗလီ။ပန်းသေးဗလီအစရှိတာတွေကတော့ ဖြတ်သွားဖြတ်လာနဲ့မြင်တွေ့နေရတော့သိနေပါတယ်။
ဗလီများအနေနဲ့တော့ မန်းလေးမြို့မှာတော်တော်များများရှိပါတယ်။
မှတ်မိနေတာကတော့ 82လမ်း (27-28)ကြားမှာ ရှအာဗလီဝင်းထဲမှာ မီးနင်းပွဲကျင်းပတယ်ဆိုရင် သွားကြည့်ရတာအမောပါ။
ရဲနေတဲ့ ရှားမီးခဲပေါ်မှာ ခြေဗလာသက်သက်နဲ့ဖြတ်ကြတာကိုတွေ့ရတာလဲ စိတ်လှူပ်ယှားစရာတစ်မျုးိပါ။
မန်းလေးမြုို့ 81လမ်း 27လမ်းဒေါင့်မှာလှပသော ပန်းပုရုပ်လုံးများနဲ့ ဟိန္ဒူဘုရားကျောင်းရှိသလို၊လမ်း80 27လမ်းဒေါင်မှာတော့ ဆစ်ခ်ဘုရားကျောင်းရှိပြီး 22စီလမ်းမပေါ်မှာ (82-83)လမ်းကြားမှာတော့ အမ်ဘီကာမယ်တော်ကြီးဘုရားကျောင်းရှိပါတယ်။
ခရစ်ယာန်ဘာသာဝင်များရဲ့ ချပ်ချ်တွေအနေနဲ့ဆိုရင် ရွှေတစ်ချောင်းမြောင်းရဲ့အနောက်ဘက် (24-25)လမ်းကြားမှာသံဝင်းအရပ်မှာရှိတဲ့ သံဝင်းချပ်ချ် 25လမ်း(81-82)လမ်းကြားမှာရှိတဲ့ရွှေနှလုံးတော်ချပ်ချ်။ 82လမ်း (32-33)ကြားက ကယ်လီချပ်ချ်၊
ကြားဘူးတာပြောရရင် လမ်း80 (34-35)ကြားမှာရှိတဲ့ ဖားသားလဖုန်းချပ်ချ်ကတော့ အရှေ့တောင်အာရှမှာအလှဆုံးချပ်ချ်ထဲမှာပါတယ်လို့ကြားဘူးပါတယ်။
ကျနော်အမြင်ပြောရရင် တကယ်လဲလှပါတယ်။
26ဘီလမ်း 78-79ကြားမှာမယ်တော်မာရီချပ်ချ်နဲ့ 74-75ကြားမှာလဲချပ်ချ်ကျောင်းတစ်ခုရှိပါတယ်။
ကျနော်အနေနဲ့လှပခန့်ညားတယ်လို့ယူဆထားတဲ့ချပ်ချ်ကတော့ 61-62လမ်းကြား35လမ်းကနေဝင်သွားရင်ရောက်တဲ့ မနော်ယမံချပ်ချ်ပါဘဲ။
မန်းလေးမြိုမှာထူးခြားတဲ့ပွဲလေးတစ်ပွဲလို့ပြောရရင် ပုဏ္ဏား လူမျိုးများရဲ့စန္ဒီနတ်သမီးရေချပွဲပါ။
ကျနော်တို့မြန်မာလူမျိုးများ သင်္ကြန်လှည့်သလိုကားတွေနဲ့အတီးအမူတ်အကအခုန်တွေနဲ့ မြစ်ဆိပ်ကိုသွားလို့ပူဇော်ကြတာပါ။
ကြည့်ရတာနဲ့တင်ပျော်စရာကြီးပါဘဲ။
ဟိန္ဒူ လူမျုးိများရဲ့ သင်္ကြန်ကတော့ တစ်ယောက်နဲ့တစ်ယောက်ဆေးနီတွေနဲ့ပက်လို့ ကစားကြတာပါ။
သူတို့ရဲ့မီးထွန်းပွဲတော်နေ့ဖြစ်တဲ့ ဒေပါဝလီနေ့များဆိုရင် 27လမ်း 81လမ်းတစ်လျှောက်မှာ ကုလားမုန့်အချိုတွေကို အပြိုင်အဆိုင်ခင်းလို့ရောင်းကြတာ စားချင်စဖွယ်ပါဘဲ။
ကျနော့်အမြင်ပြောရရင်တော့ ဘယ်သာဘယ်အယူမဆို ကောင်းအောင်နေထိုင်ဘို့ ဆုံးမသွန်သင်ကြတာချည်းပါဘဲ။
ကောင်းသောနေရာမြင့်မြတ်သောနေရာကိုရောက်အောင် သွားရမယ့်လမ်းကို ညွန်ပြကြတာလဲ အတူတူပါဘဲ။
နည်းလမ်းတွေသာ တစ်ဘာသာနဲ့တစ်ဘာသာ မတူညီကြပေမယ့်ရည်ရွယ်ချက်ကတော့အတူတူပါဘဲ။
ကျနော်စဉ်းစားမိတာတစ်ချက်ကတော့ ဘယ်အယူကိုဘဲယူယူ ဘာကိုဘဲကိုးကွယ်ကိုးကွယ် ရှောင်လွဲမရတာကတော့ သေခြင်းတရားပါ။
သေခြင်းတရားကိုလက်ခံလိုက်ရပြီဆိုရင် ဘာမှတန်ဘိုးမရှိတဲ့ ကိုယ်ခန္ဓာ ကြီးကိုသွားရောက်လို့စွန့်ပစ် ထားခဲ့တဲ့ နေရာဖြစ်တဲ့
သချိုင်းတွေသုသာန်တွေအကြောင်းကို တွေးကြည့်မိတဲ့အခါ……………………………………………..