ကျွန်တော်ဖတ်ဖူးတဲ့ ဘာသာရေးစာလေးတစ်ပုဒ်ကို ပြန်လည်ဝေမျှလိုက်ပါတယ်

myatmoeOctober 12, 20101min711

( တစ်ကစ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်းဖြစ်အောင် — ကိုယ်ကစ ပြုကြသို့ ကုသိုလ် )

စာဖတ်သူ အသင် …

သင့်ကံဆိုးနေသလား .. ?

ဒါမှ မဟုတ် သိပ်ကံကောင်းနေတယ်လို့ ထင်လား .. ?

ဒါမှ မဟုတ် ကံကောင်းတယ်လဲမဟုတ် ကံဆိုတယ်လဲ မဟုတ်ပါဘူး လို့ သတ်မှတ်ထားသလား ?…….

ဘယ်လိုဖြစ်နေနေ …

မပင်မပန်း ချမ်းချမ်းသာသာ လေး ကုသိုလ်၅မျိုးကို ဆောင်ရွက်ရင်း … တစ်ဘဝတာ ကံကောင်းသောသူ၊ နောက်ဘဝပေါင်းများစွာ.. ကံကောင်းသောသူ ဖြစ်နိုင်အောင်

ကံကိုပြင်လိုက်ပါ

ရဝေနွယ်( အင်းမ)

၁။ “ဝသဘ ၏ သာမန်ဘဝ”

သီဟိုဠ်ရာဇဝင်မှာ ဝသဘမင်း ဆိုတာ ရှိခဲ့ဖူးးပါတယ်။ မင်းမဖြစ်ခင် သာမန်လူတစ်ယောက် ဘဝတုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရားပညာရှိတွေက ဝသဘ အမည်ရှိတဲ့သူဟာ မင်းဖြစ်လိမ့်မယ်လို့ ဟောပြောလာ ကြပါတယ်။ ဒီစကားကြားတော့ လက်ရှိမင်းလုပ်နေတဲ့ ယသဠာလကမင်းက သီဟိုဠ်ကျွန်းမှာ ဝသဘ အမည်ရတဲ့သူအားလုံးကို သတ်စေလို့ မိန့်ပါတော့တယ်။

၂။ အသက်ဘေးက လွတ်ပြီ။

ဒီတော့ စစ်သူကြီးက သူ့ဆီမှာနေနေတဲ့ ဝသဘ ကို မင်းဆီအပ်ဖို့ မိန်းမလုပ်သူကို ပြောပါတယ်။ သူရာထူးတိုးချင်တာလည်း ပါမှာပေါ့။ နံနက်စောစော ရောက်တော့ စစ်သူကြီးက ဝသဘကို အသာခေါ်ပြီး နန်းတော်ကို ထွက်ခဲ့ပါတယ်။ ဝသဘကို သတ်ဖို့ခေါ်သွားတာ ဆိုတာကို သိတဲ့စစ်သူကြီးကတော်က ကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့ ကွမ်းကို ထည့်ပေးလိုက်ပါတယ်။

စစ်သူကြီး နန်းတော်တံခါးဝရောက်လို့ ကွမ်းစားမယ်လုပ်တော့ ထုံးပါမလာတာတွေ့ပြီး ဝသဘကို အိမ်ပြန်ထုံးယူစေပါတယ်။ ဝသဘက အိမ်ရောက်တော့ စစ်သူကြီးကတော်က သူ့အကြံအစည်အတိုင်းဖြစ်လာလို့ ဝမ်းသာအားရနဲ့ ” ဝသဘ၊ သင့်ဦးကြီးက သင့်ကို မင်းကြီးဆီ အပ်ပြီး သတ်မှာ .. ရော့ အသပြာတစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့ ” ဆိုပြီး ထွက်ပြေးခိုင်းလိုက်ပါတော့တယ်။

၃။ စစ်သည်စုရုံးပြီ။

ဝသဘလည်း မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပုန်းနေပါတယ်။ ရဟန်းတော်တွေကလည်း သူ့ကို ကြည့်ရှုထားပါတယ်။

ဒီလိုနေရင်နဲ့ တစ်နေ့မှာ ပညာရှိလူနူတစ်ယောက်က ဝသဘရဲ့ ဇာတာကို ကြည့်ပြီး ” သင်.. မင်းဖြစ်လိမ့်မယ် ” လို့ ဟောလိုက်ပါတယ်။ ဒီစကားကြားတော့ ဝသဘဟာ ဝမ်းမြောက်စွာနဲ့ပဲ ရဲရင့်သတ္တိရှိတဲ့နောက်လိုက်ယောက်ျားတွေကို စုရုံပါတယ်။ အတော်အတန် စုမိတော့ ” မုန့်သည်မသားသည် မုန့်အနားကစ၍ စားရသည် ” ဆိုတဲ့ ရှေးထုံးကို နှလုံးမူပြီး မြို့စွန်ရွာစွန်ကစပြီး သိမ်းပါတယ်။ လိုရင်းပြောရရင်တော့ နောက်ဆုံးမှာ ဝသဘ မင်းဖြစ်သွားတယ်ပဲ ဆိုပါတော့။

၄။ နန်းစံသက်ကို တွက်ချက်ခိုင်းတော့

ဝသဘမင်းဖြစ်လာတော့ ဟူးရားပညာတွေကို ဆိတ်ကွယ်ရာခေါ်ပြီး သူ ဘယ်နှနှစ်လောက် နန်းစံရမလဲ ဆိုပြီး တွက်ခို်င်းပါတော့တယ်။ ဟူးရားပညာရှိတွေက တွက်ချက်ပြီး ” ၁၂ နှစ် နန်းစံရမယ် ” လို့ ဟောလိုက်ပါတယ်။ ဝသဘမင်းက ဟူးရားပညာရှိတွေကို အသပြာ၁ထောင်စီပေးပြီး သည်အကြောင်း ဘယ်သူ့မှ မပြောနဲ့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။

၅။ ကုသိုလ်တွေ ပြုပြီ။

အဲဒီနောက် ဝသဘမင်း ဟာ ရဟန်းသံဃာတော်တွေဆီ ဆည်းကပ်ပြီး ” အရှင်ဘုရားတို့၊ မင်းသက်ရှည်ရာရှည်ကြောင်း ကုသိုလ်ကောင်းမှုများ မရှိဘူးလား ဘုရား .. ” လို့ လျှောက်ထားပါတယ်။

ဒီတော့ သံဃာတော်တွေက –

” ဝသဘမင်းမြတ် ၊

၁။ ရေစစ်လှူပါ။

၂။ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ။

၃။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကျောင်းဟောင်း၊စေတီဟောင်းတွေကို ပြုပြင်ပါ။

၄။ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းပါ။

၅။ ၈ရက်ဥပုသ်၊ ၁၅ရက်ဥပုသ်နေ့တိုင်း ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိမ်းပါ။

မင်းသက်ရှည်လိမ့်မယ် ” လို့ မိန့်လိုက်ပါတယ်။

ဝသဘမင်းလည်း ရဟန်းတော်တွေလမ်းညွှန်တဲ့အတိုင်း ကောင်းမှုတွေပြုပါတယ်။ စာထဲမှာတော့ ဝသဘမင်းပြုတဲ့ကုသိုလ်တွေကောင်းမှုတွေ အများကြီးပဲ ပြထားတယ် ( စာရှည်နေမှာစိုးလို့ ရေးမပြတော့ဘူး။ )

လိုရင်းပြောရရင်တော့ ဝသဘမင်းဟာ ( ၁၂ နှစ်သာ နန်းစံရမဲ့အစား ) ၄၄-နှစ် နန်းစံခဲ့ရပါတယ်။

၆။ အတိတ်ကံ နဲ့ ပစ္စုပ္ပန်ကံ

ဒီ ဝတ္ထုမှာ အဓိက ပြောချင်တာကတော့ ဝသဘမင်းဟာ အတိတ်ကံအရ ၁၂နှစ်သာ နန်းစံရမှာပါ။ ဒါပေမယ့် အတိတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင်ယူလိုက်တော့ ၄၄-နှစ်တောင် နန်းစံခဲ့ရပါတယ်။ အပိုကြေးအနေနဲ့ ၃၂နှစ် နန်းစံသက်ပိုရခဲ့ပါတယ်။

ဝသဘမင်းပြုခဲ့တဲ့ ကုသိုလ် ခြောက်မျိုးက အသက်ရှည်ကြောင်းကုသိုလ်တွေပါ။ သူ့အနေနဲ့ကတော့ နန်းသက်ရှည်ကြောင်း သီးခြားကုသိုလ်တွေပေ့ါ။ အဲဒီကုသိုလ်-၆မျိုးကို အောက်ပါလင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါဦး။

ဗဟုသုတ အဖြစ်ပေါ့။

ရေစစ်၊ ဆေး၊ ကျောင်း၊ ဘုရားဟောင်းပြုပြင်

” ပဉ္စင်၊ အဋ္ဌ သီလ ဖြူစင်

သက်ရှည်ကြောင်းစု

ကောင်းမှု ၆-အင်

အခွင့်စိုက် ပြုလိုက် ထာဝစဉ်။ ”

ဝသဘမင်းကတော့ သူနဲ့ အသုံးတည့်မယ် အသက်ရှည်ကြောင်း ကုသိုလ်တွေကို ရွေးပြုပြီး သူ့ကံသူ ပြုပြင်သွားတာပါ။

၇။ သင်နှင့် ကောင်းကံ ဆိုးကံ

အခု စာဖတ်သူတွေကတော့ တခြားသော ဘဝလိုအပ်ချက်တွေ တခြားသော အဆင်မပြေမှုတွေ ရှိနေနိုင်ပါတယ်။

– လူမှုရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။

– စီးပွားရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။

– ကျန်းမာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။

– ပညာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။

– ရာထူးဌာနန္တရ နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။

– နိုင်ငံခြားခရီး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။

ကြိုက်သလောက် ကံဆိုနေပါစေ။ နောက်ဆုံး သေချင်လောက်အောင် အထိ ကံဆိုးနေစမ်းပါစေ။ ဝသဘမင်းဝတ္ထုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကို စိတ်ကြိုက် ပြုပြင်ယူလို့ရတယ် ဆိုတဲ့ အသိလေးကိုပဲ အာရုံပြုပစ်လိုက်စမ်းပါ။

၈။ ဘယ်လိုပြုပြင်မလဲ …

အဲဒီတော့ ဘယ်လိုပြုပြင်ယူမလဲ.. ?

အဲဒီ သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုုးနဲ့ ပြုပြင်ယူလို့ရပါတယ်။ တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင်ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွားပါလိမ့်မယ်။

အဲဒီကုသိုလ် ၅မျိုးကတော့

၁။ ဒါန

၂။ သီလ

၃။ ဂုဏ်တော်

၄။ မေတ္တာ

၅။ ဝိပဿနာ

တို့ ဖြစ်ပါတယ်။

အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ်ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ်သွားဖို့ပါပဲ။

၉။ ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။

၉-၁။ ဒါန

ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ်ဆိုလည်း ဒါနဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ်လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ်စာလောက် စာကလေးတွေကို ကျွေးနေမယ်ဆိုရင်လည်း ကိုယ့်ဝန်ကိုယ့်အားနဲ့မျှတဲ့ ဒါနဖြစ်နေတာပါ။

၉-၂။ သီလ

ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီထဲမှာနေတဲ့ လူတစ်ယောက်အတွက် ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်းလိုက်နိုင်တယ်ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်ပါလိမ့်မယ်။

၉-၃။ ဂုဏ်တော်

တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကို်ယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။

အရဟံဂုဏ်တော်ကိုပဲ …

အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား

အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား

အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား

လို့ ပွားများရပါတယ်။

အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။

ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတိ္တအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။

၉-၄။ မေတ္တာ

စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာအတွေးများစာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

မေတ္တာပွားတဲ့နေရာမှာ အဓိက အကြံပေးချင်တာတော့ ပထမ ကိုယ့်အပေါ်ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်းနတ်မြတ်တွေ၊ ကိုယ်စောင့်နတ်-အိမ်စောင့်နတ်ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်းနတ်မြတ်တွေအားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ… စသည်ဖြင့်ပေါ့လေ။

၉-၅။ ဝိပဿနာ

နောက်ဆုံးက ဝိပဿနာပါ။ ဝိပဿနာကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့်အာစရိယဝါဒအတိုုင်း မှတ်ယူလို့ရပါတယ်။

( မည်သည့် တရားစခန်း မည်သည့် အာစရိယဝါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက် ဝင်လေဝင်လာလျှင် ဝင်လာသည်ဟုသိပေး၊ ထွက်လေထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမလေ့ကျင့်ကြလျှက် ရရက်စခန်း-၁ဝရက်စခန်းစသည်တို့ကို ဝင်ရောက်နိုင်ရန် တိုး၍ကြိုးစားကြသင့်ပေသည်။ )

၁၀။ ကုသိုလ်-၅မျိုး တစ်နေ့တာ

ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။

၁၀-၁။ အိပ်ရာထ

မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက်သန့်စင်ပြီး မိသားစုကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။

ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)

ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)

အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )

မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )

ပြီးရင် ဝိပဿနာ ၅-မိနစ် ပွားများပါ။ ( ဝိပဿနာ )

အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်းလုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံးပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ခွန်အားအလိုက် သဒ္ဓါတရားအလိုက် ၁ဝမိနစ်စီ၊ နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု

နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေရှိသွားလဲ ။ အိပ်ရာထပြီး နာရီဝက် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသာစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။

၁၀-၂။ နေ့လည်

အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့အခါ ဆန်လက်တစ်ဆုတ်စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။

ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ” ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုးကိုလည်း အမျှပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုပြီး နတ်ကောင်းနတ်မြတ်များနဲ့တကွ ဝေနေယျအပေါင်းကို အမျှပေးဝေလိုက်ပါဦး

၁၀-၃။ ညပိုင်း

တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီးယားကားလေး မလာခင်၊ ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ်ထပ်လုပ်လိုက်ပါဦး

၁၁။ နေ့စဉ်ပြုအပ်သည်

ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။

ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ်အင်အားကောင်းလာတာနဲ့အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။

ဒါက ကံဆိုးနေတဲ့သူတွေကို ပြောတာပါ။

ကံကောင်းနေတဲ့သူတွေ အတွက်လည်း အမြဲတမ်းကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။

ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင်လုပ်နေတဲ့အတွက် ဒုတိယဘဝ၊ တတိယဘဝ စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။

၁၂။ ဒုက္ခကြံရင် သစ္စာဆို။

ဒီကုသိုလ်၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ်အတွင်းမှာပဲ ဘဝအခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ်အမျှပေးဝေနေတဲ့ နတ်ကောင်းနတ်မြတ်တွေကို တိုင်တည်ပြီး သစ္စာဆိုလို့လည်း ရပါတယ်။

” ကျွန်ှုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းနတ်မြတ်များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက်ပါစေသတည်း။ နတ်ကောင်းနတ်မြတ်တို့က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ…..

၁၃။ သံသရာကပင် ကျွတ်နိုင်ရဲ့

ကုသိုလ် ၅-မျိုးထဲမှာ ဝိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။

ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ … ဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့လုံးဝမပျော်တဲ့အဆင့် ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ်အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ် …

ကဲ …. စာဖတ်သူ … ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ်ပြုပြင်လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။

ရဝေနွယ်(အင်းမ)

ကျမ်းကိုး

– မဟာဝင်ဝတ္ထု – ကျီးသဲလေးထပ်ဆရာတော

One comment

  • Zaw Tun

    October 12, 2010 at 6:18 am

    အလွန်ကောင်းတဲ့ပို့စ်လေးပါ။
    ကောင်းမှုတစ်ခုနေ့စဉ်ပြုနိုင်ကြပါစေ။

Leave a Reply