အေကိုက်သူတို့အတွက် မျှော်လင့်ချက် ရောင်ခြည

Mr. MarGaOctober 12, 20101min510

ဝင်လုဆဲ နေရောင်ခြည်က လမ်း မကြီးပေါ်သို့ ဖြာကျလျက်ရှိ၏။
ရွှေဘုံသာလမ်းနှင့် အနော်ရထာ လမ်းထောင့်ရှိ မီးပွိုင့်နှင့်များစွာမဝေး ကွာလှသော အရပ်တွင် လေညိုကုန်း လက်ဖက်ရည်ဆိုင် ကလေးတည်ရှိ၏။
ညနေ ဆည်းဆာချိန်ရောက်လျှင် လူစည်ကားမြဲဖြစ်၏။
စိမ်းလန်းသော ဗာဒံရွက်များ၏ အကာအကွယ်ကြောင့် အပူဒဏ်မှ သက်သာနေ၏။
ဘာသာပြန်ဆရာ မောင်သိန်းငှက် (ကယားပြည်)၊ ကဗျာဆရာ မောင်တိုင်ပြာ၊ အက်ဆေးဆရာ မောင်ကြိုင်မြတ်(ကဒုံကနိ)၊ အယ်ဒီတာ ကိုထူးကျော်၊ စာအုပ်ဆိုင်ပိုင်ရှင်ကို လွင်ဆင့်တို့သည် လေညိုကုန်းတွင် လက်ဖက်ရည် သောက်နေကြ၏။
မောင်သိန်းငှက်ကို စာပေလော ကသားများက ကယားကြီးဟု ခေါ်ကြ၏။ ထိုသို့ခေါ်သည်ကို မောင်သိန်းငှက်က သဘောကျနေ၏။
”ကယားကြီး ဦးဉာဏ်အုန်း မလာသေးဘူးလား”
”သွေးစစ်ရမယ့် လူနာတွေများ နေလို့ဗျ။ လာခါနီးပါပြီ”
”ဒေါက်တာကျော်ဆွေသိန်းရော”
”ညောင်ရမ်းဆေးတိုက်မှာဗျ။ သူနာပြုဆရာမလေးနွဲ့ယမင်းနဲ့ စကား ပြောနေတာတွေ့ခဲ့တယ်။ တော်ကြာ လာပါလိမ့်မယ်”
ခဏကြာသော် ဒေါက်တာ ကျော်ဆွေသိန်းနှင့် ဓာတ်ခွဲခန်းမှူး ဦးဉာဏ်အုန်းတို့ ရောက်ရှိလာ၏။ သူနာပြု ဆရာမလေး နွဲ့ယမင်းနှင့် ပြုံးပွင့်သူတို့လည်း လိုက်ပါလာ၏။
”ကယားကြီးရေ ဆရာမလေးတွေ ဗိုက်ဆာလို့ လိုက်လာတာဗျ”
”ရပါတယ်၊ ဟေ့-မောင်ကြွက်နီ ကျဆိမ့်နှစ်ခွက်”
စားပွဲထိုးကလေး မောင်ကြွက်နီက လျင်မြန်ဖျတ်လတ်၏။ မကြာမီ ကာပူချီနိုနှစ်ခွက်နှင့် ကျဆိမ့်နှစ် ခွက်ရောက်လာ၏။ Rich ကာပူချီနို အသင့်ဖျော်အထုပ်တွေ ပေါ်နေပြီ ဖြစ်ရာ လေညိုကုန်းတွင် ကာပူချီနို ရနိုင်ပြီဖြစ်၏။
”ဦးဉာဏ်အုန်း အလုပ်များနေတယ် ထင်တယ်”
”ဟုတ်တယ်ဗျ။ သွေးစစ်လူနာ တွေများနေတယ်။ ဒီညနေ တစ်ရာကျော်သွားပြီ”
”အေအိုင်ဒီအက်စ်တွေ ပါသေးလား”
”အနည်းအကျဉ်းတော့တွေ့ တွေ့နေရတယ်”
”အေအိုင်ဒီအက်စ်အတွက် ကာကွယ်ဆေး မပေါ်သေးဘူးလား”
”ဒါကတော့ ဆရာကျော် မေး ကြည့်ဗျာ”
”ဒီလိုဗျ။ ကယားကြီးရ။ နီးလာပါပြီ။ Nature ဆိုတဲ့ သိပ္ပံပညာ ဂျာနယ်မှာ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်။ အေအိုင်ဒီအက်စ် သုတေသနဗျ။ တချို့လူတွေက ရောဂါကို ခံနိုင်ရည်ရှိကြတယ်။ Hiv ပိုးဝင် သွားပေမယ့် Aids အဆင့်ရောက်ဖို့ နှစ်တွေ အကြာကြီးကြာတယ်။ တချို့ကျတော့ ပိုးသာ ဝင်သွားတယ် ရောဂါမဖြစ်ဘူး။ ဒါဟာ ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ဗျ။ ခုတော့ အဖြေရှာတွေ့ပြီ။ ရှာတွေ့တော့ အမေရိကန် သုတေသီတွေက ကာကွယ်ဆေးပေါ်ဖို့ နီးစပ်လာပါပြီလို့ ပြောကြတယ်ဗျ”
”အသေးစိတ်ရှင်းပြပါဦး”
”ကိုယ်ခံအင်အားကောင်းတဲ့ ကံထူးရှင် လူတစ်စုကို Elite Controllers လို့ နာမည်ပေးထားတယ်။ ပိုးဝင်ပေမယ့် နှစ်အကြာကြီးနေမှ ရောဂါဖြစ်တယ်။ တချို့က ဖြစ်ကို မဖြစ်တော့ဘူး။ လွန်ခဲ့တဲ့ ၁၉၉ဝ ဝန်းကျင်က ရှာဖွေတွေ့ရှိချက် တစ်ခုရှိခဲ့တယ်။ HIV ပိုးဝင်တဲ့ လူနှစ်ရာမှာ တစ်ယောက်နှုန်း ကံထူးရှင်တွေ့ခဲ့တယ်။ ကံထူးရှင်တွေမှာ မျိုးရိုးဗီဇတစ်ခု သွားတွေ့တယ်။ နာမည်က HLA B57 တဲ့။ သုတေသီ MIT Professor Arup Chakraborty နဲ့ Professor Bruce Walker ဦး ဆောင်တဲ့ သုတေသနအဖွဲ့ဗျ။ သူတို့ ထပ်တွေ့တာက HLA B 57 ရှိတဲ့ လူတွေဟာ More Potent Killer T- Cell တွေထုတ်နိုင်တယ်တဲ့။ သဘောက ဗိုင်းရပ်စ်သတ်တဲ့နေရာမှာ ပိုစွမ်းတဲ့ ဆဲလ်တွေပေါ့ဗျာ။ HIV Virus ကို ခေါင်းမထူနိုင်အောင် နှိမ်ထားနိုင်တယ်”
”သုတေသီတွေက ဘယ်လို ရှာတွေ့တာလဲ”
”ကိုယ်ခံစွမ်းအားစနစ်မှာ အရေးပါတဲ့ အင်္ဂါတစ်ခုရှိတယ်။ Thymus လို့ ခေါ်တယ်။ Thymus ထဲမှာ သွေးဖြူဥတွေ လူလားမြောက်တယ်။ ဒါကို Computer Modelling နဲ့ သုတေသနလုပ်တာဗျ”
”ဪ- ဟုတ်လား။ အဆင့် မြင့်တယ်ဗျာ”
”သုတေသီတွေက အခု သုတေသနဟာ ကာကွယ်ဆေး ပေါ်လာဖို့ အခြေခံပါပဲတဲ့။ သူတို့က Model တွေ အမျိုးမျိုး စမ်းသပ်ကြည့် ကြတယ်။ ပထမတစ်ခုက Thymus ထဲမှာ T Cell တွေ အဆင့်ဆင့်ဖွံ့ဖြိုး လာပုံကို လေ့လာတဲ့ Model ဗျ။ ဒုတိယတစ်ခုက HLA B57 မျိုးရိုးဗီ ဇရှိတဲ့လူနဲ့ မရှိတဲ့လူတွေမှာ ဖြစ်ပျက် တဲ့ အဖြစ်အပျက်ကို လေ့လာတာဗျ။ တတိယတစ်ခုက အကာအကွယ်ပေးတဲ့ မျိုးရိုးဗီဇရှိတဲ့လူတွေမှာ တွေ့ရ တဲ့ T Cell အကြောင်းလေ့လာတာဗျ။ အဲဒီသုံးမျိုး လေ့လာခဲ့တယ်”
”ဟုတ်ကဲ့ဆရာ”
”ခုလို သိလာတဲ့အခါကျတော့ သဘာဝ ကိုယ်ခံစွမ်းအားစနစ်ကို ပြုပြင်မှာပေါ့ဗျာ။ ကာကွယ်ဆေး ဖော်နိုင်ပြီပေါ့ဗျာ။ ကာကွယ်ဆေး ထိုးထားတဲ့လူဟာ HLA B57 ရှိတဲ့လူလို HIV ပိုးဝင်လာတာကို တုံ့ပြန်လိမ့် မယ်။ ဒါပေမယ့် ကျယ်ကျယ်ပြန့် ပြန့် သုံးနိုင်မယ့် ကာကွယ်ဆေး ရဖို့ ကတော့ အချိန်စောင့်ရဦးမယ်”
”စောင့်ရမှာပေါ့ဆရာရယ်။ သု တေသနတိုင်း အချိန်ယူရတာပဲ။ ချက် ချင်းအောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး လေ။ စိတ်ရှည်ရမှာပေါ့”
”Professor Bruce Walker က ပြောတယ်။ တချု်ိ့က HIV ကို သူ့သဘာဝအလျောက် ခံနိုင်ရည်ရှိ တယ်တဲ့။ ဘယ်လိုကြောင့် ခံနိုင်ရည် ရှိနေရသလဲဆိုတာ သိဖို့ အရေးကြီး ပါတယ်တဲ့။ ခုသုတေသနက ဒီမေး ခွန်းရဲ့ အဖြေကိုရှာတာပါတဲ့။ တွေ့ လာတော့ ကာကွယ်ဆေးရဖို့ နီးစပ် သွားပြီတဲ့”
”ဒါပေါ့ဆရာရယ်”
”Professor Chakraborty က ပြောတယ်။ ကာကွယ်ဆေး ထုတ် လုပ်တဲ့ လုပ်ငန်းစဉ်မှာ ပဟေဠိပုစ္ဆာ တွေက အများကြီး ဖြေရှင်းရပါတယ်တဲ့။ ခုသုတေသနက ပုစ္ဆာတစ်ပုဒ်ကို အဖြေရှာပေးလိုက်ပါပြီတဲ့။ အဲသလို ပြောသွားတယ်”
”ဟုတ်မှာပဲ ဆရာရယ်။ HIV ပိုးက အင်မတန်ထူးဆန်းတဲ့ သဘော ရှိတယ်လို့ ကြားဖူးတယ်။ လူ့ ခန္ဓာ ကိုယ်ထဲမှာ ပုန်းကွယ်နေပြီး အလစ် မှာ ဆော်တတ်တယ်တဲ့။ လူရဲ့ သဘာဝ ကိုယ်ခံစွမ်းအားစနစ်ကိုလဲ မျက်စိလည်အောင် လှည့်စားတတ် တယ်တဲ့။ အာဂပိုးကောင်ပဲဆရာ။ မလွယ်ဘူး”
”ဟုတ်တယ်။ ကယားကြီး ပြောတာမှန်တယ်။ HIVဆိုတာက အာဂပိုးဗျ။ သူ့ကြောင့် သိပ္ပံပညာရှင်တွေ အတော်ဦးနှောက် ခြောက်ကုန်ကြတယ်။ အကောင်သေးသလောက် မူယာမာယာများတဲ့ ပိုးပဲဗျ”
”ကာကွယ်ဆေးအကြောင်း ဆက်ပါဦးဆရာ”
”ကာကွယ်ဆေးကိစ္စကို ပါရဂူတွေ စိတ်ဝင်စားကြပါတယ်။ Terrence Higgins Trust က Clinical Director ဖြစ်တဲ့ Jason Warriner က ပြောတယ်။ ခုသုတေသနက စိတ်ဝင်စားစရာ ကောင်းပါတယ်တဲ့။ မျိုးရိုးဗီဇဆိုင်ရာ သုတေ သနဖြစ်ပါတယ်တဲ့။ HIV ကို သဘာဝအလျောက် ခုခံကာကွယ်နိုင်တဲ့ မျိုးရိုးဗီဇအကြောင်း လေ့လာတာ ဖြစ်ပါတယ်တဲ့။ ဒီလိုမျိုးရိုးဗီဇကို ရှာဖွေ တွေ့ရှိတာဟာ ကာကွယ်ဆေး ပေါ်လာဖို့ အခြေခံကောင်း တစ်ရပ်ဖြစ်ပါတယ်တဲ့။ HIV ဟာ ရှုပ်ထွေးတဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်တဲ့။ ကာကွယ်ဆေးကတစ်ဆင့် ဗိုင်းရပ်စ်ကို အမြစ်ပြတ် ချေမှုန်းမယ့် ကုထုံးသစ်တွေ ပေါ်လာနိုင်ပါတယ်တဲ့။ အဲသလို ပြောသွားတယ်”
”ဟုတ်ကဲ့ဆရာ”
”သူက ဆက်ပြောသေးတယ်။ HIV ပြဿနာဟာ ယူကေနိုင်ငံအတွက် ကြီးမားတဲ့ ကျန်းမာရေး ပြဿနာပါတဲ့။ လျင်မြန်စွာ ကြီးထွားလာနေတဲ့ ဆိုးရွားတဲ့ ပြဿနာလဲ ဖြစ်ပါတယ်တဲ့။ ခုလောလောဆယ် လူနာပေါင်း ၈၃ဝဝဝ ရှိပါတယ်တဲ့။ ဒါကြောင့် လူတွေကို ကွန်ဒုံးသုံးကြဖို့ ပညာပေးရမှာ ဖြစ်ပါတယ်တဲ့”
”ယူကေမှာ HIV ပြဿနာ အတော်ကြီးထွားနေတာပဲ”
”ဟုတ်တယ် ကယားကြီး။ ယူကေလို ဖွံ့ဖြိုးပြီးနိုင်ငံတောင် အတော်ကြိုးစားပြီး ဖြေရှင်းနေရတယ်။ အာဖရိကက ဖွံ့ဖြိုးဆဲနိုင်ငံတွေဆိုရင် ဘဏ္ဍာရေး ချို့တဲ့တော့ အတော်ဒုက္ခရောက်ကြတယ်”
”ဟုတ်တယ်ဆရာ။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ စကားပုံလိုပါပဲ။ ဆင်းရဲတဲ့နိုင်ငံတွေကို HIV က ပိုပြီး နှိပ်စက်တယ်ဆရာ”
”ဒါကြောင့် ပါရဂူတွေက ကာကွယ်ဆေးကို အသည်းအသန် ရှာဖွေနေကြတာ။ ကာကွယ်ဆေးပေါ်မှပဲ အာဖရိက နိုင်ငံတွေ သက်သာရာ ရမယ်ဗျ”
”အေအိုင်ဒီအက်စ်ကာကွယ် ရေးအကြောင်းရေးကြ၊ ဟောကြတာလဲ များပါပြီ။ ဒါပေမယ့် ထပ်ခါ ထပ်ခါပြောလေလေ မှတ်မိလေ ဖြစ် မှာဗျ။ ထပ်ပြောပါဦးဗျာ”
”တစ်လင်၊ တစ်မယားစနစ်ကို ကျင့်သုံးရမယ်။ လင်နဲ့မယား အပြန်အလှန် သစ္စာရှိရမယ်။ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လိုက်နာရမယ်။ အပျော်အပါး ရှောင်ကြဉ်ရမယ်။ မလိုအပ်ဘဲ ဆေးမထိုးရဘူး။ မလိုအပ်ဘဲ ဆေးမသွင်းရဘူး။ မူးယစ်ဆေးဝါး ရှောင်ရမယ်။ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား၊ သင်တုန်းဓား စတာတွေ သီးခြားထားပြီး သုံးစွဲရမယ်။ ဆေးမင်ကြောင် မထိုးရဘူး။ ဆက်ဆံဖော် အသစ်ဆိုရင် ကွန်ဒုံးသုံးရမယ်။ အဲဒါတွေ လိုက်နာရမယ်”
”ဟုတ်ကဲ့ဆရာ”
”လမ်းထိပ်ဓမ္မာရုံနားက အဝေးပြေးယာဉ်မောင်း ကိုသာဂိကို သိလား”
”သိတယ် ကယားကြီး။ တစ်လောက ဦးဉာဏ်အုန်းဆီမှာ သွေးလာစစ်တယ်”
”ဘာတွေ့လဲဗျ”
”တွေ့ရှိချက်က Confidential ပေါ့ဗျာ။ ပြောလို့ မဖြစ်ဘူး။ ဒါပေမယ့် လူနာက ပိန်လာတယ်။ ခဏ ခဏ ဖျားတယ်။ ချောင်းဆိုးတယ်။ သလိပ်ဟက်ရင် သွေးစပါတယ်။ ဝမ်းလျှောတယ်။ ဒါနဲ့ မင်္ဂလာဒုံက ဆေးရုံ ရောက်သွားပြီ”
”တယ်လဲရှုပ်တဲ့၊ ပွေတဲ့ကောင်ဗျ”
”ရှုပ်ပွေချင်တဲ့ ငနဲသားတွေ အတွက် သင်ခန်းစာဗျ”
”သာဂိကို ဆေးရုံမှာတွေ့တဲ့ လူတွေလန့်ကုန်ကြတယ်တဲ့။ အစက ဝဝကြီးဗျ။ ခု ဝါးခြမ်းပြားလောက်ပဲ ရှိတော့တယ်”
”တယ်လဲဆိုးတဲ့ ရောဂါပဲ”
ထိုစဉ် အမျိုးသမီးအုပ်စု ရောက်ရှိလာ၏။ လုံးချင်းဝတ္ထုဆရာမ ခင်ပန်ဆောင်း၊ ဝတ္ထုတိုဆရာမ မစံပယ်၊ ကဗျာဆရာမ မကြည်ဆွေ၊ အက် ဆေးဆရာမ မဂန္ဓမာ၊ ထုတ်ဝေသူ မဝေဝေတို့ပါဝင်၏။
”ကယားကြီး၊ ကျွန်မတို့ တောင်ကြီး၊ အင်းလေး၊ အောင်ပန်း၊ ကလောသွားမယ်။ လိုက်မလား”
”လိုက်ချင်တာပေါ့ဗျာ။ စပွန် ဆာမရှိဘူး”
”စပွန်ဆာရရင် လိုက်မလား”
”လိုက်မယ်ဗျာ။ ကျွန်တော်တို့ တစ်ဖွဲ့လုံး လိုက်မှာနော်”
”လိုက်ပါ။ ရပါတယ်။ မိုးကုတ်ကျောက်တွင်း သူဋ္ဌေးတစ်ယောက်က စပွန်ဆာပေးမှာ။ သူက စာပေ ဝါသနာပါတယ်။ နယ်မှာ စာပေဟောပြောပွဲတွေ ဖြစ်စေချင်တယ်။ နယ်ကစာဖတ်ပရိသတ်နဲ့ စာရေး ဆရာတွေကို တွေ့စေချင်တယ်”
”ဒါဆို မောင်ညိုပြာလဲ ခေါ်ရမယ်”
”ခေါ်ပါ။ ဒေါက်တာမြင့်မောင်လဲ ခေါ်ပါ။ နက်ဖြန်ပဲသွားကြမယ်။ တောင်းအေ့စ်သုံးစီး၊ ပါဘလစ်ကာ နှစ်စီးပေးထားတယ်။ ကျွေးမွေးစရိတ် လဲရထားပြီးပြီ”
ခရီးထွက်ရမည်ဆို၍ လေညို ကုန်းဝိုင်းတော်သားများ ဝမ်းသာသွား ကြ၏။
ရည်ညွှန်းချက်။ ။ BBC News မှ New Hope for Hiv Vaccine Efforts ဆေး ပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)