တစ်ရက်ကပေါ့ဗျာ intro တစ်ယောက်မရောက်တာ ကြာတဲ့ သမ္မတ ရုံကို ရောက်သွားခဲ့တယ်၊ သူငယ်ချင်းတွေက အဲ့သည့်ကားလိုက်ကြည့် အရမ်းရယ်ရတယ် လို့ပြောလို့ သူတို့နဲ့လိုက်ကြည့်မိတာ၊ ကားနာမည်ကတော့ မပြောတော့ပါဘူး၊ မင်းသားက နေတိုး ခေါင်းဆောင်ပြီး နောက်ထပ် မင်းသားတစ်ယောက်ရယ်၊ မင်းသမီးက မိုးဟေကို ရယ်၊ တစ်ခြား ၀ါရင့် နာမည်ကြီး မင်းသားကြီး နှစ်လက်နဲ့ မင်းသမီးကြီး နှစ်လက် အဓိက ပါဝင်တာပေါ့ဗျာ… ပြောချင်တာက အဝေးပြေးကားဂိတ်ကို သွားတာ လမ်းမှာ Myanmar Info-Tech ဆိုတာကြီးကို ဖြတ်သွားရတယ်တဲ့ဗျာ… နောက်ထပ်ရှိသေးတယ် ပလာဇာလိုနေရာမျိုးက ဈေးဝယ်ပြီးပြန်လာတော့ ချက်ချင်းကြီးလိုလို အဲ့သည့် ကျောင်းဝင်းကြီးထဲကို ရောက်သွားရော ပြီးတော့ မှ ပစ္စည်းကို အလစ်သုတ်ခံရတယ်ပေါ့၊ ဇာတ်လမ်းအတွက် ရိုက်ကွင်းကိုတော့ အဆင်ပြေတဲ့နေရာကို ရွေးရတယ်ဆိုတာကိုတော့ သိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့လို အဲ့သည့်ကျောင်းဝင်းထဲမှာ ဟိုသင်တန်းတက်လိုက်၊ ဒီသင်တန်းတက်လိုက်နဲ့ အလုပ်မရှိလို့ လတ်လျားလတ်လျား ဖြစ်ပြီး မုန့်ဘိုးတောင်းလို့ကောင်းအောင် ကျောင်းကို ဗန်းပြနေတဲ့ လူတွေအတွက် ကတော့ ရယ်ချင်စရာကြီးပေါ့ဗျာ ဒီတစ်ကားထဲလားဆိုတော့ မဟုတ်ဘူးဗျ… အခုနောက်ပိုင်းရိုက်တဲ့ကားတွေမှာ ကျောင်းတတ်တယ်ဆိုရင် အဲသည့်ထဲမှာပဲ ရိုက်တယ်၊ မင်းသားနဲ့ မင်းသမီး ကျောင်းတက်တဲ့အခန်းဆိုရင် info-tech ထဲမှာပဲ ရိုက်တာ များတော့တယ်၊ မနေ့ကလဲ ဗီဒီယိုတစ်ကား ကြည့်မိသေးတယ်၊ ပထမနှစ်တက်နေတာတဲ့၊ နေရာက info-tech ထဲမှာ၊ intro သိရသလောက် info-tech ထဲမှာ တက္ကသိုလ်လို ပထမနှစ်၊ ဒုတိယနှစ် တက်လို့ရတဲ့ class တွေ မရှိသေးဘူးနဲ့ တူတယ်နော်… ဟဲဟဲ၊ ကျူတိုရီယယ် လုပ်လို့ လက်ကို အက်စစ်လောင်သွားတာလဲ info-tech ထဲမှာပဲ၊ ဘာကျောင်းတွေလဲ မသိဘူး၊ သိရသလောက်က ဓာတုဗေဒ ဓါတ်ခွဲခန်းတောင် ဘယ်တုန်းက info-tech မှာ ဖွင့်လိုက်သလဲမသိဘူး… ဒီထက်ဆိုးတာ တစ်ခု ရှိသေးတယ်၊ တစ်လောက `မာမီရှိန်း´ဆိုတဲ့ ဇာတ်ကားနဲ့ တူတယ် ကြည့်မိတာ၊ ပလာဇာ တစ်ခုကပဲ ဈေးဝယ်ထွက်လာတာ တန်းပြီး info-tech ထဲကို ရောက်သွားရော၊ အဲသည့်တော့မှ ပစ္စည်းကို အလစ်သုတ်ပြေးတာပေါ့၊ ဇာတ်လမ်းတွေက သူ့ဟာနဲ့ သူတော့ ကြည့်လို့ကောင်းပါတယ်။ ဒါပေမယ့် အဲ့လိုမျိုးပေါ့ သိနေတဲ့လူကတော့ ရယ်ချင်နေမိတော့တာ၊ သိတ်ပြီး ယုတ္တိမဆန်ဘူးပေါ့၊ ရိုက်ကွင်းတာဝန်ခံတွေကလဲ အလကားနေဘာလို့ ဒီနေရာပဲ ရွေးနေလဲ မသိဘူးနော်… အရင်တုန်းကဆို တက္ကသိုလ်တက်တယ်ဆိုရင် တကယ့် တက္ကသိုလ်တွေထဲမှာပဲ ရိုက်တယ်၊ အခုများတော့ `သားလေးက တက္ကသိုလ် ပထမနှစ်လေ´ `သမီးလေးက ဖိုင်နယ်ရောက်နေပြီ´ ဆိုပြီး ရိုက်တဲ့ နေရာက info-tech ထဲမှာ ဖြစ်နေတယ်၊ နောင်ဆိုရင် တက္ကသိုလ်တွေကို ဝေးဝေးလံလံ မဆောက်ပဲ လှိုင်တက္ကသိုလ် နယ်မြေထဲ မှာ ပြန်ဆောက်မယ်ဆိုရင် ကောင်းမယ်ဗျာ… ဒါကတော့ တကယ်ဖြစ်စေချင်တာပါ၊ ကျောင်းအဝေးကြီးသွားရတဲ့ ဒုက္ခကိုလဲ ညီငယ်တွေ ညီမငယ်တွေ မခံစားစေချင်ပါဘူး၊ ကိုယ့်တုန်းကလဲ တက္ကသိုလ်ဆိုတာ သန်လျင်အကျော် တာဝ အထိ သွားတတ်ခဲ့ရတာ ဆိုတော့ ကျောင်းတက်ရတာ ဘယ်လောက်ပင်ပန်းသလဲ ဆိုတာ အသိဆုံးပါ… အဲ့သည့်တော့ ကျောင်းတွေလဲ သွားရလာရ လွယ်ကူတဲ့နေရာမှာဖွင့်၊ ကျောင်းသူကျောင်းသားတွေလဲ သွားရလာရတာ ပိုပြီးအဆင်ပြေ၊ အဲအဲ ဗီဒီယို ရိုက်မယ့်လူတွေလဲ ပိုပြီးတော့ ယုတ္တိရှိရှိ ရိုက်နိုင်အောင် စီစဉ်ပေးနိုင်မယ်ဆိုရင် ပိုပြီးကောင်းမယ်လို့ မျှော်လင့်မိပါကြောင်း ရယ်ပါ…..

About intro

Lionel Intro has written 162 post in this Website..