“မလွမ်းစကောင်း လွမ်းစကောင်း (ရှေးကမန်းလေး အပိုင်း-12)”

သေခြင်းတရားဆိုတာကတော့ လူတိုင်းတကယ်ကို မလွန်ဆန်နိုင်တဲ့ တရားဖြစ်ပါတယ်။
လောကကြီးကို ကျောခိုင်းသွားကြသူတွေကို ဘယ်လိုလူမျိုးကိုမဆို အတန်းအစားမခွဲဘဲလက်ခံတဲ့နေရာကတော့ “သုသာန်၊ သင်္ချိုင်းမြေလုတ်တိုင်း”ပါဘဲ။
တစ်ခါက ညဆယ်နာရီလောက်မှာ ကျနော်တို့သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်ကပြန်လာကြတဲ့လမ်းမှာ ငိုနေတဲ့ကလေးတစ်ယောက်ကိုတွေ့ပါတယ်။
ဝိုင်းမေးကြည့်တော့ လူကြီးတွေနဲ့ကွဲသွားတော့ အိမ်အပြန်လမ်းပျောက်သွားလို့ပါတဲ့။ထမင်းကျန်ဟင်းကျန်လေးတွေကိုလိုက်တောင်းစားတဲ့ကလေးလေးပါ။
ဘာလို့ငိုလဲလို့မေးကြည့်တော့ သူရဲကြောက်လို့ပါတဲ့ သူအခုရပ်နေတဲ့နေရာမှာ ပြီးခဲ့တဲ့နှစ်ရက်လောက်ကကားတိုက်လို့ လူတစ်ယောက်သေသွားပါသတဲ့။
အဲဒါနဲ့ ပြန်ပို့ပေးဘို့ သူနေတဲ့နေရာမေးကြည့်တော့ မန်းလေးမြို့တောင်ဘက်အထွက်စစ်ကိုင်းမန်းလေးလမ်းမပေါ်က တရုပ်သချိင်းနေရာမှာဖြစ်နေပါတယ်။
ဒါနဲ့တစ်ယောက် က “သင်္ချိုင်းထဲနေတဲ့ကောင်က သူရဲကြောက်ရတယ်လို့ကွာ”လို့ပြောတဲ့အခါ အဲဒီကလေးက ပြန်ပြောလိုက်တော့ ကျနော်တို့တောင်ဘာပြန်ပြောရမှန်းမသိဘူးဖြစ်သွားပါတယ်။
“သချိုင်းကသေပြီးသားလူတွေဘဲရှိတာဗျဘာမှကြောက်စရာမရှိဘူး သေတဲ့လူက သူသေတဲ့နေရာမှာဘဲစိတ်စွဲပြီး သူရဲဖြစ်နေမှာ သချိုင်းကိုသူကလာမနေဘူး”ပါတဲ့။
ဒါကတော့ ကလေးလေးရဲ့အတွေးပါဗျာ။
သချိုင်းတွေကို ကျနော်မြင်ရသလောက် ကျနော်တို့ မြန်မာသချိိုင်းတွေက အများအားဖြင့် သစ်ပင်ကြီးတွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့ကြောက်စရာလိုလို တရားသံဝေဂရစရာလိုလိုနဲ့ စိတ်ကို ချောက်ခြားစေပါတယ်။ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် သချိုင်းဆိုတာကို ကျနော်တို့အနေနဲ့ ကြောက်လန့်စရာ နေရာတစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။
နောက်တစ်ချက်ကတော့ သန့်ရှင်းမူ့နည်းပါးတာကြောင့်လဲပါမယ်ထင်ပါတယ်။
ကျနော်တို့မြန်မာတွေက မြေမြုပ်သင်္ဂြိုဟ်တာများပါတယ။်တွင်းတူးမြုပ်တယ်ဆိုပေမယ့်လည်းတွင်းကိုခပ်တိ်မ်တိမ်တူးတတ်တာရယ်၊နောက်မသမာသူများက လူသေမှာထည့်လိုက်တဲ့အဝတ်အစားတို့ အခေါင်းပျဉ်တို့ ကို ယူပြီးတဲ့အခါသေသေချာချာပြန်ပြီး မမြုတ်တဲ့အတွက် ခွေးတွေက ပြန်ဖော်စားတာတွေဘာတွေလဲရှိတတ်ပါတယ်။
အဲတော့ မြန်မာသချိုုင်းတွေမှာက နဂိုရ်ကမှာ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ ကြောက်စရာကောင်းရတဲ့အထဲ အနံ့ဆိုးတွေဘာထွက်နေတော့ သွားရမှာသွေးပျက်စရာကောင်းပါတယ်။
အစ္စလမ်သချိုင်း၊တရုပ် သချိုင်းနဲ့ ခရစ်ယာန်သချိုင်းများကတော့ အုဌ်ဂူလုပ်တာများတဲ့အပြင် သူတို့က တစ်နှစ်တစ်ကြိမ်သချိုင်းကန့်တော့ပွဲလုပ်တတ်ကြတဲ့အတွက် ကိုယ့်မိဘတို့ ဆွေမျိုးသားချင်းတို့ရဲ့အုဌ်ဂူကိုလာကန့်တော့ရင်း သန့်ရှင်းရေးလုပ်သွားကြတဲ့အတွက်ရယ် သချိုင်းအစောင့်များကလည်းသေချာစွာ သန့်ရှင်းကြတဲ့အတွက် မြန်မာသချိုင်းများထက်စာရင်တော့ ပိုပြီးရှင်းရှင်းလင်းလင်းရှိတာ ကြောင့်မြန်မာသချိုင်းများလောက် ကြောက်စရာမကောင်းတာကိုတွေ့ရပါတယ်။
ဒါပေမယ့် ဘယ်သချိုင်းဖြစ်ဖြစ် ကိုပေါက်ကို ညမှောင်မှောင်တစ်ယောက်ထဲသွားမလားတော့ လာမမေးပါနဲ့ စဉ်းစားစရာမလိုတဲ့အဖြေကရှိပြီးသားပါ။
“ဟင့်အင်း “လို့။
ကျနော်သတိထားမိတဲ့အချက်လေးတစ်ချက်ကတော့ မန်းလေးမြို့မှရယ်မဟုတ်ဘူး မြန်မာပြည်အထက်ပိုင်းကျနော်ရောက်ခဲ့တဲ့မြို့အဝင်တော်တော်များများမှာ သချိုင်းကိုတွေ့ရတတ်တာပါဘဲ။အဲဒါမြို့တိုင်းနီးနီးလောက်ပါ။
ဒါမျိုးတွေကို နားလည်တတ်ကျွမ်းတဲ့မိတ်ဆွေတစ်ယောက်ပြောဘူးတာကတော့ အဲဒါက အင်္ဂလိ်ပ်တွေက မြန်မာတွေကိုကျက်သရေယုတ်အောင်မြို့ကိုနာမ်နှိမ်သွားတာလို့ပြောဘူးပါတယ်။
မန်းလေးမြို့ကိုရန်ကုန်ဘက်ကလာရင် အဝင်မှာ ဆင်ဖြူကန်သချိုင်းကိုစတွေ့ရမှာဖြစ်ပါတယ်။
ဆင်ဖြူကန်ဆိုတာက ရှေးကမြန်မာဘုရင်တွေ အထွဋ်အမြတ်ထားတဲ့ မက်မောကြတဲ့ ဆင်ဖြူတော်ကို ရေးချုးိပေးတဲ့ကန်ကို အမှီပြုလို့ ဆင်ဖြူကန်လို့ အမည်တွင်တာပါ။
ကျနော်တို့တက္ကသိုလ်ကျောင်းသားဘဝက ကျောင်းတောင်ဘက်အပေါက်(အခုတော့ အသေပိတ်လိုက်ပါပြီ)ကထွက်ပြီးလေယာဉ်ပျံကွင်းဘက်တို့မြို့ပြင်ထွက်မယ်ဆိုရင် အခုသိပ္ပံလမ်းလို့ ဖြစ်လာမယ့်လမ်းကနေထွက် ဆင်ဖြူကန်သချိုင်းဘေးကဖြတ်သွားရပါတယ်။
နေ့သာသွားရဲတာညဆိုရင် အဖော်ပါမှဖြတ်ရဲတာပါ။ဘာမှမတွေ့ဘူးပေမယ့်လဲ ကြောက်စိတ်ရှိတာကတော့အမှန်ပါဘဲ။
အဲဒီနားဖြတ်သွားတာနဲ့ ပုပ်အဲ့အဲ့အနံ့က အမြဲရပါတယ်။တစ်ခါတစ်လေ အသုဘများသွားပို့ရင်ခွေးဆွဲထားတဲ့အပိုင်းအစတွေကိုတောင် တွေ့နိုင်ပါသေးတယ်။
ဒီသချိုင်းကတော့မန်းလေးမြို့ရဲ့တောင်ဘက်ခြမ်းမှာနေတဲ့သူတွေအသုံးပြုပါတယ်။
အခုအချိန်မှာတော့ ဆင်ဖြူကန်ဂေါက်ကွင်းအဖြစ်ပြောင်းလဲသွားလို့ နန်းမြင့်မျှော်စင်လေးဆောက်ထားတာကိုတောင်တွေ့နိုင်ပါသေးတယ်။
အဲဒီဆင်ဖြူကန်သချိုင်းကို ဖျက်သိမ်းပြီးတဲ့ အချိန်မှာ ဒီကွင်းထဲမှာ လူထုအစည်းအဝေးတွေ ဈေးရောင်းပွဲတော်တွေ သစ်သီးဝလံပြပွဲပြိုင်ပွဲတွေ ခဏခဏလုပ်ခဲ့ဘူးပါတဲ့အတွက်
ကြောက်စရာကောင်းတဲ့နေရာမဟုတ်တော့သလို ခုခေတ်ကလေးများကို အဲဒါသချိုင်းဟောင်းနေရာဆိုတာတောင်သိမယ်မထင်တော့ပါဘူး။
နောက်ထင်ရှားတဲ့သချိုင်းတစ်ခုကတော့ ရွာဟိုင်းသချိုင်းဖြစ်ပါတယ်။
အဲဒီသချိုင်းကိုကျနော်စရောက်ဘူးတာကတော့ ကျနော့်အဖိုးဆုံးတော့ အဲဒီသချိုင်းမှာချတာကြောင့်ရောက်ဘူးတာပါ။
ကုက္ကိုပင်အကြီးကြီးတွေအုပ်ဆိုင်းလို့ အုံ့အုံ့မိူင်းမိူင်းနဲ့ ဆိုတော့ ရောက်သွားတယ်ဆိုရင် စိတ်ထဲမှာအလိုလိုထိုု်င်းမိူင်းလေးလံလာသလိုပါဘဲ။
အဲဒီသချိုုင်းကတော့ အခုအချိန်မှာ မိထ္တီလာဘက်ကို သွားတဲ့ကားကြီးဝင်းနဲ့အလွန်တရာမှစည်ကားလှတဲ့ကျောက်ဝိုင်းအဖြစ်အသွင်ပြောင်းလို့သွားပါတယ်။
နောက်မြို့အနောက်ဘက်ခြမ်းကလူတွေ မင်းတဲအီကင်းတု့ိသမင်ခြံရပ်ကွက်တို့ ကလူတွေအသုံးပြုတဲ့ သချိုင်းကတော့ တံတားကျုးိသချိုင်းဖြစ်ပါတယ်။
သူကတော့ ဧရာဝတီမြစ်ကို ကာထားတဲ့ တာရိုးကြီးရဲ့အနောက်ဘက်ခြမ်းမှာရှိပြီး မိုးရွာရင် ရေတွေနဲ့ပြည့်နေတဲ့သချိုုင်းတစ်ခုဖြစ်ပါတယ်။
22စီလမ်း ရွှေတစ်ချောင်းအနောက်ဖက်မှာတော့ 86လမ်းနဲ့ 87လမ်းကြားမှာ အရင်က မင်းဆွေမင်းမျုးိတွေအတွက်သီးသန့်ထားတဲ့ဆွေတော်မျိုးတော်သချိုင်းရှိခဲ့ပါတယ်။
အခုတော့ လူနေတိုက်ခန်းတွေရှိတဲ့ရပ်ကွက်တစ်ခုဖြစ်သွားပါပြီ။
မန်းလေးမြို့မှာ ထင်ရှားတဲ့သူတွေ နာမယ်ကျော်တွေမြို့မျက်နှာဖုံးတွေလူကြီးလူကောင်းတွေ လှဲလျောင်းအိပ်စက်ခဲ့တဲ့နေရာက်တော့ မန်းလေးတောင်ရဲ့အရှေ့ဖက်မှာတည်ရှိတဲ့ အုတ်စက်သချိုင်းပါဘဲ။
အဲဒီသချိုင်းမှာက အုဌ်ဂူတည်တာများပါတယ်။ကျနော်မှတ်မိသလောက်ပြောရရင် အဲဒီသချိုင်းမှာ ဒီအတိုင်းမြေမြုတ်တာနည်းပါတယ်။
နောက်မန်းလေးမှာ အရင်ကမီးသင်္ဂြိုဟ်တယ်ဆိုတာတော်တော်လေးရှားပါတယ်။
တစ်ခါက ဒီအုဌ်စက်သချိုင်းမှာ မီးသင်္ဂြိုဟ်တာကိုကျနော်တစ်ခါကြုံဘူးပါတယ်။
အဲဒီတုန်းက ကျနော်ကလည်းအသိတစ်ယောက်ဆုံးတော့ အုဌ်ဂူတည်တာကို သွားစောင့်ပေးရတာနဲ့သွားဆုံတာပါ။
ပထမ ခြောက်ပေအရှည် လေးပေလောက်နက်တဲ့တွင်းကိုတူးလိုက်ပါတယ်၊
အောက်ကနေ ရှားသားထင်းတုံးတွေကိုကန့်လန့်ခံလိုထည့်လိုက်ပါတယ်၊
ပြီးတော့ လူသေကိုအဲဒီအထဲမှာမှောက်လျက်အနေအထားနဲ့ထည့်လိုက်ပါတယ်။
နောက်အပေါ်ကနေ ရှားထင်းတုံးတွေပြန်ပြီးထပ်တင်ပါတယ်။ပြီးတော့ထင်းတုံးတွေကိုထပ်ထည့်ရေနံဆီလောင်းလို့မီးရှို့ပါတော့တယ်။
မီးရှို့ပြီးခဏနေတော့ တဖုန်းဖုန်းနဲ့ပေါက်သံတွေကြားရပါတယ်။သူတို့ပြောတာတော့ မျက်စေ့ ဝှေစေ့ဝမ်းဘိုက်တို့ကမီးရှိုရင်ပေါက်တတ်ပါသတဲ့။
နောက်မီးလောင်တော့ကုန်းကုန်းကြီးဖြစ်လာတဲ့ အလောင်းကောင်ကို တုတ်အရှည်ကြီးနဲ့ထိုးထိုးချရပါတယ်။
မီးလောင်နံ့ကဆိုးဝါးလွန်းတာရယ် ကျနော်အလုပ်ကလဲ လတ်စသတ်သွားတာရယ်ကြောင့်ပြီးတဲ့အထိတော့မကြည့်ဖြစ်ခဲ့ပေမယ့် အတော်လေးသွေးပျက်စရာကောင်းပါတယ်။
အရင်က မန်းလေး မြို့ကို ပြင်ဦးလွင်လို့အခုခေါ်တဲ့မေမြို့ဘက်ကဆင်းလာရင် အောင်ပင်လယ်ကန်ဘောင်ရိုးကနေ 35စီလမ်းကိုဆင်းလိုက်တာနဲ့ သချိုင်းတွေကိုစတွေ့ရတာပါဘဲ၊
ဝါခင်းကုန်းနားရောက်ပြီဆိုတာနဲ့မြန်မာသချိုင်းရှိမယ်တရုပ်သင်္ချိုင်းရှိမယ်။
မနော်ယမံလို့ခေါ်တဲ့ ကိုယ်ရေပြားရောဂါသည်တွေအများစုနေတဲ့နားမှာ ခရစ်ယာန်သချိုင်းကလမ်းတစ်ဖက်တစ်ချက်မှာစီတန်းလို့ရှိနေလို့ မန်းလေးမြို့မှာ သချိုင်းအများဆုံးတည်ရှိတဲ့အရပ်လို့တောင်ပြောနိုင်ပါတယ်။
အရင်ကဒီမနော်ယမံလို့ခေါ်တဲ့ အရပ်က မန်းလေးသူ မန်းလေးသားများက မလွဲမရှောင်သာမှာသာ သွားတဲ့အရပ်ဖြစ်ပါတယ်။
အခုတော့အရင်ကဂေါ်ရာသချိုင်းလို့ခေါ်တဲ့နေရာမှာ ဘောလုံးကွင်းဖြစ်သွားပါပြီ။
အရင်ကမြို့အဝင်မှာရှိနေတဲ့ အမင်္ဂလာသချိုင်းများနေရာမှာ အခုတော့ လူနေအိမ်တွေ ကစားကွင်းတွေ ရုံးတွေဖြစ်လို့စည်ကားနေပါပြီ။
နောက်မန်းလေးမြို့ 22စီလမ်းနဲ့ 24လမ်းကြား 89လမ်းရဲ့အနောက်ဘက်မှာကုလားသချိုင်းရှိပါတယ်။
မန်းကျီးပင်တွေ သစ်ပင်ကြီးတွေနဲ့အုပ်ဆိုင်းမိူင်းညို့နေတဲ့နေရာကြီးဖြစ်ပါတယ်။
အခုတော့ဒီနေရာကလဲ သီရိမန္တလာကားဝင်းကြီးဖြစ်လို့နေပါတယ်။
နောက်41လမ်းအနောက်ဘက်ထဲကိုကွေ့ဝင်သွားလို့ သင်္ဂဇာချောင်းဘေးမှာ တရုပ်သချိုင်းလေးတစ်ခုရှခဲ့ဘူးပါတယ်။
တာကောသင်္ချိုင်းလို့ခေါ်တယ်ထင်ပါတယ်။
မြောက်ပြင်ကလူတွေသုံးတဲ့ အိုးဘိုသချင်္ိုင်းနေရာကတော့ အိုးဘိုထောင်ဖြစ်သွားပါတယ်။

အခုတော့မန်းလေးမှာသချိုင်းတွေကို အကုန်မြို့အဝင်ကနေ မြို့ပြင်ကိုထုတ်လို့ ပြောင်းလိုက်ပါတယ်။
အခုအချိန်မှာတောင်ဘက်ခြမ်းကလူများအတွက်ကတော့ လမ်းကနေလှမ်းမမြင်ရတဲ့နေရာမှာ မီးသင်္ဂြိုဟ်လို့ရတဲ့ သချင်္ိုင်းကတော့ တံခွန်တိုင်အလွန်မှာတည်ထားပြီးပါပြီ။
မန်းလေးမှာအခုတော့ လူသေရင် တစ်ခါတည်းကိစ္စပြီးတဲ့ မီးသင်္ဂြိုဟ်ကြတာဘဲများပါတယ်။
မြောက်ဘက်ခြမ်းကလူများအတွက်ကတော့ သခင်မတောင်နံဘေးက ကြာနီကန်ဆိုတဲ့အရပ်မှာ တရုပ်သချိုင်းရော မြန်မာသချိုင်းရော ပြောင်းပေးထားပါတယ်။
တရုပ်သချိုင်းမှာထူးခြားတာလေးတစ်ခုတော့ပြောလိုက်ပါအုံးမယ်။
သချိုင်းအသစ်တစ်ခုစတယ်တယ်ဆိုရင် ပထမဆုံးသော သေဆုံးသူရဲ့အုဌ်ဂူက နေရာအကောင်းဆုံး အရှေ့ဆုံးနေရာမှာနေရာပေးထားပြီးရင် သူနောက်မှာကွယ်လွန်သူတွေက သူ့ထက်ရှေ့ကျော်လွန်ပြီးဂူတည်လို့မရပါတဲ့အပြင် သူ့အုဌ်ဂူကိုလည်းလာလို့ ဂါဝရပြုကြရပါသတဲ့။
ကျနော်တို့ကျောင်းသားဘဝမှာ ဦးကောသချင်္ိုင်းလို့ခေါ်တဲ့ ဆွေတော်မျိုးတော်တွေကိုသာချတဲ့သချင်္ိုင်းရှိပါတယ်။ကျနော်တို့က ယူကေလို့ အတိုကောက်ခေါ်ပါတယ်။
အဲဒီတုန်းက ယူနိုက်တက်ကင်းဒမ်းလို့ခေါ်တဲ့ အင်္ဂလန်ကိုလဲ ယူကေလို့ အတိုကောက်ခေါ်ပါတယ်။
အဲတော့အချင်းချင်းတွေ့ရင် ယူကေသွားမလား လာချင်တဲ့လူတွေကို ခေါ်နေတယ်လို့ စလေ့နောက်လေ့ရှိပါတယ်။
အတဲ့ကောင်ကတော့ သွားမယ်ပြောတော့ ဝို်င်းဟားကြတာပေါ့ဗျာ။
နောက် မြို့ထဲကသချင်္ိုင်းတွေကိုရွှေ့တော့ မင်းအမိန့်မင်းအာဏာစက်နဲ့ အမိန့်ပြန်ပြီးရွှေ့ရပါတယ်။
အစက ရွှေ့ပြောင်းဘို့အတွက် ကားပေါ်ကိုတက်တာ မတက်ကြပါဘူးတဲ့ ။
နောက်မှဆရာတော်တွေက နေတက်ခိုင်းတော့ ကားပေါ်ကိုတက်ခိုင်းတော့ တက်လိုက်ကြတာ ကားထွက်တောင်မရလို့ ပြန်ပြီး ဆင်းခိုင်းရပါသတဲ့။
ဟုတ်မဟုတ်ကတော့ ကျနော်လဲ အဲဒီတုန်းကမပါတော့ မှန်မမှန်တော့မသိဘူး။
မန်းလေးမြို့မှာ သချိုင်းတွေမှာ အကျွတ်အလွတ်ဒါနပြုပွဲဆိုပြီး လုပ်ကြတာလဲရှိပါတယ်။
သချိုင်းမှာ ကြွေးမွေးပြီး အလှူအတန်းလုပ် ပြီးရင် မကျွတ်မလွတ်သေးသူကို အမျှအတန်းဝေပေးတာပါ။
ကဲ သချင်္ိုင်းမှာနေတဲ့ကလေးကတော့ သချို်င်းမှာ သူရဲမရှိဘူးဆိုပြီးမကြောက်ဘူး သချိုင်းရွှေ့တုန်းက ကားမောင်းတဲ့လူကတော့ အားလုံးဝိုင်းတက်တော့ကားမရွေ့ဘူးလို့ပြောတော့ သချင်္ိုင်းမှာသူရဲရှိတယ်လို့ ပြောတာနဲ့အတူတူပေါ့။
ဘာဘဲပြောပြော ကိုပေါက်ကတော့ ကြောက်ပါတယ်။
တစ်ခါက ကျနော်ကြိုက်တဲ့ စာအုပ်လေးတစ်အုပ်တွေ့တော့ သူငယ်ချင်းတစ်ယောက်အတွက်ပါ အပိုဝယ်ပြီးလက်ဆောင်ပေးပါတယ်။
ဆင်ဖြူကန်ကွင်းမှာ ဈေးပွဲတော်လုပ်တုံးကပါ။
သူကိုလက်ဆောင်ပေးလဲပေးရော ဘယ်ကဝယ်လာတာလဲ မေးတော့ ဆင်ဖြူကန်ကွင်းပွဲတော်ကလဲလို့လဲပြောရော ပြန်ယူသွားငါမယူဘူးလို့ပြောပါတယ်။
ဘာလို့လဲလို့ မေးတော့ သချိုင်းမြေလို မြေမသန့်တဲ့နေရာက ပစ္စည်းအိမ်ကို ရောက်ရင် အိမ်ကနာမ်နှိမ်ပြီးသားဖြစ်သွားတယ်လို့ သူကပြောပါတယ်။.
သူကဒါမျိုးတွေကို တကယ်ကိုယုံကြည်တဲ့သူပါ။
ကျနော်တို့မန်းလေးမှာရော ကျန်တဲ့မြိုတွေမှာရော အခု ကားကြီးဝင်းနေရာက သချိုင်းမြေတွေက နေ ကားကြီးဝင်းဖြစ်လာတာများပါတယ်။
အဲဒီမှာရောင်းတဲ့ပစ္စည်းကို ဝယ်လာလို့ လက်ဆောင်အပေးခံရတဲ့အိမ်ကလဲသူပြောသလိုဆိုရင် နာမ်နှိမ်ပြီးသားဖြစ်သွားမှာလို့တောင် ရှာရှာပေါက်ပေါက်တွေးမိပါတယ်။
အရင်က အင်္ဂလိပ်ကားလေးတကားမှာ မြေမသန့်တဲ့အိ်မ်မှာနေမိတဲ့မိသားတစ်စု သူရဲခြောက်ခံရတာကိုရိုက်ပြတာ လူကြိုက်များခဲ့ပါတယ် မြန်မာ ဒါရိုက်တာထဲက ဘယ်သူရိုက်ပြမလဲလို့ ကိုပေါက်က စောင့်နေပါတယ် ကြောက်ကြောက်နဲ့ ကြည့်ချင်လို့ပါနော်…………

2 comments

  • fatty

    October 14, 2010 at 3:45 pm

    ကျနော်ငယ်ငယ်က အဖေဆုံး ..အဖိုးဆုံး အဒေါ်တွေဆုံး ကြတော့ နယ်မှာမို့လို့ …. နယ်ရဲ့ဓလေ့အရဘဲ အလောင်းကို အိမ်မှာဘဲပြင်ကြရတာတွေ
    ပြန်သတိရမိပါသည်။ … ပြီးတော့ကြီးလာတဲ့အထိ အဲဒီမြင်ကွင်းများကိုမေ့မရဘဲ နမိတ်ပုံလိုဖြစ်နေပါတော့သည်။
    ယခုတော့ အဲဒီနမိတ်ပုံများကိုပြန်ဖော်ပြီး ဆင်ခြင်ပွါးများရပါသည်။

  • bigcat

    October 15, 2010 at 12:33 am

    ဆယ်တန်းနှစ်လောက်က ဟံသာဝတီ ကမ္မဌာန်းရိပ်သာမှာ တရားစခန်းဝင်တယ်။ တညမှာ ထိုင်တရားဖြုတ်ပြီး အိပ်ဆောင်ဘေး ဝရန်တာမှာ စင်္ကြန်လျောက် တရားမှတ်ဖို့ ဘေးဘီအကဲခတ်လိုက်တော့ အနောက်ဖက်ကွင်းပြင်က ဒုတိယကမာ္ဘစစ်အတွင်းက မဟာမိတ်တပ်တွေရဲ့ စစ်သင်းချိုင်းဖြစ်နေတယ်။ လျှပ်စစ်မီးထိန်ထိန်လင်းလို့ မြက်ခင်းစိမ်းစိမ်းပေါ်မှာ လက်ဝါးကတ်တိုင် အုတ်ဂူဖြူဖြူဖွေးဖွေးလေးတွေ အထင်းသား။ အဲဒီတုန်းက ရိပ်သာနဲ့ အနီးအနားရပ်ကွက်တခုလုံး မီးပျက်နေတယ်။ ဒေါ်လာရှာပေးတဲ့ သင်းချိုင်းဆိုတော့လည်း မီးလာမှာပေါ့လေ။ ကျနော်လည်း မှတ်ထားတဲ့တရားတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်ပြီး မနဲကိုယ့်အခန်းကိုပြန်ပြေးရတယ်။ ညကျတော့ သရဲကြောက်လို့ အိပ်လို့တောင် မပျော်ဘူး။ တရားနှလုံးမသွင်းနိုင်တော့ပဲ သရဲကြောက်လို့ ဘုရားစာရွတ်ရင်းနဲ့ အိပ်လိုက်ရတယ်။

Leave a Reply