အင်းစိန်ထောင်

သီတဂူဆရာတော်

ထောင်ပုံစံ


ကျနော် http://www.yinthinnei.blogspot.com မှာတင်ထားတဲ့ သီတဂူဆရာတော် အင်းစိန်ထောင် မေတ္တာအခါတော်နေ့ ဒန်ပေါက်အလှူဖိုင်ကို ကြည့်မိပါတယ်။ အလှူမှတ်တမ်း ဆိုပေမဲ့ တည်းဖြတ်ထားတာတွေကတော့ ဝါဒဖြန့်ချီရေး ဆန်ဆန်ပဲ။ ထောင်သားတွေ စားတာ ပြတာကနဲပြီး ထောင်တွင်း အပြင်အဆင်တွေက ပိုများပါတယ်။ ကြည့်ရသူတွေ အဖို့ကတော့ ထောင်ကြီးက သန့်ပြန့်လို့ ဟုတ်နေလိုက်တာ။ အဲဒီဖိုင်တင်သူများ သဘောရိုးနဲ့ များတောင် ဟုတ်ရဲ့လားမသိ။ ဘာပဲဖြစ်ဖြစ် အင်းစိန်ထောင် အတွင်းပိုင်းကို တစေ့တစောင်း မြင်ရတာမို့ ကျေးဇူးတင်ပါတယ်။ ဆရာတော်ကြီးရဲ့ မေတ္တာ ဂရုဏာနဲ့ ဝိုင်းဝန်း ပံ့ပိုးလှူဒါန်း ကူညီသူများ ကိုလည်း သာဓု ခေါ်ပါရစေ။ တဆက်ထဲ တားမနိုင်ဆီးမရ တွေးမိတာကတော့ ပြည်တွင်းရှိ ထောင်တွင်းအခြေအနေများပါ။ ဘယ်ထောင်မဆို အနည်းနဲ့ အများသာ ကွာမယ်၊ ငရဲကြီးနဲ့ ငရဲလေးပါပဲ။ ရောက်ခဲ့ဘူးသူများသာ ခံစားနားလည်နိုင်ကြပါလိမ့်မယ်။
ဘာကြောင့်ပဲရောက်ရောက် ဘယ်သူပဲဖြစ်ဖြစ် ရရှိခံစားရမဲ့ ဂုဏ်သိက္ခာနဲ့ ထောင်တွင်း ရပိုင်ခွင့်၊ ဒါတွေဟာ တိုင်းပြည်ဒေသမရွေး၊ ဆင်းရဲချမ်းသာမရွေး တာဝန်ယူပြီး ဖမ်းဆီထားတဲ့ အာဏာပိုင်များ အပေါ်မှာ လုံးဝတာဝန် ရှိပါတယ်။ တာဝန်ခံ ကြရပါမယ်။ လူကြီးတွေလာမှ တံမြက်စီးလှည်း၊ ဆေးသုတ်၊ ရေဖြန်း လုပ်တာတွေကို ရပ်ရပါမယ်။ ဆင်းရဲတဲ့ နိုင်ငံဖြစ်တာမို့ လုံလုံလောက်လောက် မဖြည့်ဆည်းနိုင်တဲ့အပေါ် နားလည်ပေးနိုင်ပေမဲ့ အခြေခံ လိုအပ်ချက် တွေဖြစ်တဲ့ ထမင်းဝဝစားဖို့၊ ရေသန့်သန့်ချိုးရဖို့၊ လုံလောက်တဲ့ အိပ်ချိန်ရဖို့၊ သင့်တော်တဲ့ အိပ်စရာနေရာ၊ ထောင်ဝန်ထမ်းနဲ့ အကျဉ်းသားအကြား၊ ဝါဒါတွေနဲ့ သာမန်အကျဉ်းသားတွေ အကြား အဓိပ္ပါယ်မဲ့ ဖိနှိပ်ချုပ်ချယ်၊ ရက်စက်ရမ်းကားမှု တွေကတော့ ပြောနေစရာ မဟုတ်တဲ့ စကားလုံးများပါပဲ။ ပြထားတာတွေကတော့ ရယ်လို့မောလို့၊ တဦးနဲ့တဦး လေးလေးစားစား ဟုတ်နေလိုက်ကြတာ။ အပြင်ဖက်ကနေ ထောင်တွင်းအခြေအနေတွေကို ဝေဖန်သူများတောင် ပြန်တောင်းပန်ရ မလိုလို။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အိုင်စီအာစီက ဝင်ပြီးနောက်ပိုင်းတော့ အကျဉ်းသား ရပိုင်ခွင့်လေးတွေ နဲနဲပြန်ကောင်းလာပြီလို့ဆိုပါတယ်။ ကိုယ်ကိုယ်တိုင်တော့ သွားမကြည့်ရဲလို့ သူများပြောနဲ့ပဲ ကျေနပ်လိုက်ပါတယ် ။ ကောင်းလာတယ် ဆိုတာကလည်း အရင်က ထမင်းကို ပုံစံနဲ့စားရတာကနေ အဝစားခွင့်တို့ စာဖတ်ခွင့်တို့ပါ။ ဒါတွေကလည်း လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ဘဲ ကိုယ့်နိုင်ငံသားတွေ အတွက် တိုင်းတပါးသားများ ကနေပြီး အော်ဟစ်ပြောမှ ရလာခဲ့တာပါ။
ကိုယ်ပြောချင်တာတွေကို ပြောပြီးတော့ နောင်ရိုက်ကူးသူများ ဆင်ခြင်နိုင်ရအောင် အမြင်မတော်တာလေးတွေကို နဲနဲလောက် ထောက်ပြချင်ပါတယ်။ ရုပ်ရှင်ဝေဖန်ရေးလို့သာ သဘောထားကြပါ။
(၁) အိပ်ဆောင်အလိုက် အကျဉ်းသားတွေ တစုတဝေးထိုင်ပြီး ဒန်ပေါက်ဝေတာကို စောင့်တာကို ပြတော့ အခန်းအတွင်း လူဦးရေက ၆၀ သာသာ၊ တကဲ့လူ အရေအတွက်က နှစ်ဆသုံးဆ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ ကောင်းကင်ုကနေ ဓာတ်ပုံရိုက်ကြည့်ရင် အဆောင်ပြင်ပ တောင်ယာမှာ ငုတ်တုတ် ထိုင်နေရတဲ့ လူတွေများ တွေ့ရလေမလား။
(၂) လူကြီးတွေ လာမယ်ဆိုရင် အခန်းတွင်းရှိ ရာဂဏန်းချီတဲ့ ထောင်သားတွေဟာ ဖျာကြမ်းခင်းထားတဲ့ သံမသလင်းအပေါ် တင်ပလ္လင်ခွေထိုင်ပြီ့း မလာမခြင်း စောင့်နေပေတော့။ ဆရာတော်နဲ့ အလှူရှင်တွေ အဆောင်အတွင်းမှာ ဒန်ပေါက်ဝေတော့ ထောင်သားတွေခင်ဗျာ ဘယ်လောက်ကြာကြာ စောင့်ခဲ့ရပါလိမ့်မလဲ။ ဒန်ပေါက်ဟင်း စားလိုက်ရလို့ ထောင်သားတွေ စောင့်ရကြိုး လိမ့်မယ်လို့တော့ ထင်ပါတယ်။
(၃) ထောင်တွင်းလျောက်ကြည့်တော့ ထမင်းချက်ဆောင် ဖိုကြီးမှာ အလုပ်လုပ်နေသူ အကျဉ်းသားတွေနဲ့ တွေ့တာပြပါတယ်။ တချို့ပြကွက်တွေမှာ အကျဉ်းသားက ပုံစံထိုင်တဲ့ အနေအထားနဲ့ပါ။ ပုံစံထိုင်တယ်ဆိုတာ ဆောင့်ကြောင့်ထိုင်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်တန်း ဆန့်ထား၊ ဦးခေါင်းကို ပေါင်နှစ်လုံးကြားထဲ ငုံ့ထားရပါတယ်။ ခေါင်းမော့လို့ မပြောမခြင်း၊ ဘာမှ မမေးမခြင်းပေါ့။ မတ်တပ်ရပ်ရင်လည်း ခြေစုံရပ် ငယ်ပါရှေ့မှာ လက်နှစ်ဖက်ကို ယှက်ပြီး ခေါင်းငုံ့ထားရပါတယ်။ ဒါတွေကို ပြကွက်ထဲမှာမတွေ့ရပါ။ အားလုံးက လွတ်လွတ်လပ်လပ်၊ သက်တောင့်သက်သာ။ အင်း.. နအဖတော့ စိတ်ပြောင်းသွားပြီ ထင်ပါရဲ့။
(၄) ထောင်ဆေးရုံကို ပြတော့လည်း ချောင်ချောင်ချိချိ သပ်သပ်ရပ်ရပ်၊ ဟုတ်ပါ့မလား မောင်ကာဠုရယ်။ သေခါနီးမှ ကုပေးတာ၊ ပိုက်ဆံပေးမှ ဆေးရုံတက်ခွင့်ရတာ၊ ဆေးထိုးအပ် တချောင်းထဲနဲ့ လူပေါင်းစုံကို ထိုးတာ၊ ဒါတွေက အတိုက်အခံတွေရဲ့ သက်သက်မဲ့ အစိုးရကို နာမည်ဖျက်တာနဲ့ တူပါရဲ့။
ဒါတွေကို ပြောနေရတာက ဆရာတော်ကြီးရဲ ထောင်တွင်းအလှူကို ညစ်နွမ်းလိုစိတ်နဲ့ မဟုတ်ပါဘူး။ ထောင်သားတွေဆိုတာ အဖက်ဖက်က တားဆီးပိတ်ပင် ခံနေရတဲ့ လူအရေခွံ အချွတ်ခံထားရတဲ့ တရိစ္ဆာန်သာသာ ဘဝတွေပါ။ ဘာအကူအညီပဲဖြစ်ဖြစ် ငတ်ပြတ်နေသူ တွေအဖို့ နတ်သုဒ္ဓါတမျှ တန်ဖိုးရှိလှပါတယ်။ ဘာမဟုတ်တဲ့ ပဲလှောက်၊ ထညက်ခဲလေးက အစအရသာရှိလှပါတယ်။ ထောင်မပြောနဲ့ အမိမြေနဲ့ဝေးနေသူများတောင် အရင်က မကြည့်ခဲ့ မစားခဲ့တဲ့ ရိုးရာအစားအစာတွေအပေါ် တပ်မက်ကြပါတယ်။ စိုးရိမ်မိတာက အပေါ်ယံကြော ရိုက်ပြတာတွေကို ကြည့်ပြီး ထောင်သားတွေရဲ့ ဒုက္ခတွေ၊ မတရားမှုတွေ၊ ထောင်တွင်း အနေ အထားတွေကို သိပ်မဆိုးဘူးဟေ့လို့ ထင်သွားနိုင်လို့ပါ။ သူများပြောတိုင်း မယုံပါဘူး ဆိုပေမဲ့ ထောင်တွင်းဆိုးရွားတဲ့ အခြေအနေများကို အခုလိုမျို ရိုက်ပြထားတာ မရှိတဲ့အခါ တဖက်ရဲ့ ဟန်ဆောင် ဖုံးကွယ်မှုတွေကို သိသိကြီးနဲ့ လက်ခံသလိုမျိုး ဖြစ်သွားတတ်လို့ ဝေဖန်ချက် အနေနဲ့ ရေးသားလိုက်ပါတယ်။ အင်တာနက်မှာ ကည့်လိုသူများ အောက်ပါ လင့်ခ်မှာ သွားပြီး ကြည့်ရှု သဒ္ဓါတရားပွားနိုင်ကြပါတယ်၊ သာဓု သာဓု သာဓု။ http://www.4shared.com/video/yZk2fqD7/U-Nyanissara-InnSein-Prison-21.htm

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 642 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး