“မိန်းမ” တို ့ရဲ့ အလှနှင့်တန်ဖိုး………….

badbabylay09@gmail.comOctober 13, 20101min884

မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘဝမှာ လှလှပပတော့ ရှင်သန်သင့်ပါတယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့
မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ
ရုပ်ရည်မလှသည့်တိုင် ဘဝကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘဝမှာ
လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်
တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့
ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ပါဘူး။

တချို့က မိန်းကလေးတွေဟာ “တောင်တန်း” လိုပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ “ရေ” လိုပါပဲတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်တဲ့။

မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ပါဘူး။ ဖြူစင်ရိုးသားတဲ့စိတ်
ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့်
စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာကို
ဆက်လုပ်သူ ဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။

ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းလေးတစ်ပွင့်ပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီပန်းလေး ဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြပါဘူး။
မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးလည်း ဖြစ်တယ်။
မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းလေး ဖြစ်တယ်။ မိန်းမကောင်းတွေဟာ
ကိုယ့်ဘဝခရီးတစ်လျောက်ကို ပန်းလေးတစ်ပွင့်ရဲ့ ကြန်အင် လက္ခဏာတွေနဲ့
ပြည့်စုံစေတယ်။

မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။ ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုမိုလှပစေတယ်။
ပိုနှစ်လိုစေတယ်။ မိမိကိုယ်မိမိ တန်ဖိုးထားမယ်၊ ချစ်ခင်နှစ်သက်မယ်၊
ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊
သက်ရှိအားလုံးနဲ့ လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။
နှလုံးသားထဲ ချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ
ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့ အရိပ်တွေကို
တွေ့နိုင်ပါတယ်။ လင်းလက်တဲ့အပြုံးကိုလည်း တွေ့မြင်နိုင်ပါတယ်။

မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ပါဘူး။ သူတစ်ပါး
တန်ဆာဆင်မှ လှပတာလည်းမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်ကို
လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။
ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧဝကိုလည်း ဖန်ဆင်းခဲ့တာဟာ
ယောက်ျားသားတွေနဲ့အတူ ဒီလောကကို
ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာတော့
မဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘဝမှာ သမီးက
သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို
အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့
လေးစားမှုကို အောင်နိုင်ရယူသူတွေဖြစ်ကြတယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့ မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊
ချမ်းသာတဲ့မိသားစုမှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ စည်းစိမ်မချမ်းသာလို့
ကျွန်မတို့ သိမ်ငယ်နေစရာမလိုပါဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် စွမ်းဆောင်နိုင်ကြပါတယ်။

တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ဝတာနဲ့မဆိုင်ဘူးနော်။
မျက်နှာပေါက် လှတယ်၊ မလှဘူးနဲ့ လည်းမဆိုင်ပါဘူး။ သဘာဝနဲ့ဆိုင်တယ်။
ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့
ရုပ်ဆိုးတယ်၊ ဝတယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ ခက်ပေမယ့်
တကယ့်စိတ်ထဲကဖြစ်လာတဲ့ နှစ်လိုဖွယ် အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊
ကျင့်ကြံနိုင်ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို ကြည်လင်ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး ကြမ်းတမ်းယုတ်ညံ့သောစကားမပြောတဲ့ မိန်းကလေးတွေဟာ ပန်းလေးတစ်ပွင့်နဲ့ တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမဝင်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်ဆောင်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသားအရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘဝကိုတော့တန်ဖိုးရှိရှိ လှလှပပ ရှင်သန်နေထိုင်သင့်ပါတယ်။

~~~~~~~~~~~~

4 comments

  • unclegyi1974

    October 13, 2010 at 2:29 pm

    ် မှန်ပါတယ် ရုပ်မလှပေမဲ့ စိတ်လှရင် မျက်နှာမှာပေါ်
    ပါတယ်
    အောင်မြင်နေတဲ့ယောကျာ်း တယောက်ရဲ့နောက်မှာ
    အလွန်တော်တဲ့ ဇနီး (သို့) မိခင် ရှိတယ်လို့ကြားဖူးပါ
    တယ်
    ရေးထားတဲ့အချက်တွေနဲ့ကိုက်ညီသောမိန်းမ များ
    ရှားမယ်လို့ထင်ပါတယ်

  • naw2lay

    October 14, 2010 at 8:08 am

    မိန်းကလေးတို့ရဲ့ အလှနဲ့တန်ဖိုးကိုရေးသလို ယောကျာင်္းတွေဘယ်လိုနေထိုင်သင့်တဲ့အကြောင်းလဲရေးပါဦး

  • mzm

    July 1, 2011 at 11:41 am

    ဟုတ်ပါတယ် ယောကျာင်္းတွေဘယ်လိုနေထိုင်သင့်တဲ့အကြောင်းလဲရေးပါဦး

  • naywoonni

    July 1, 2011 at 2:20 pm

    စာသားတွေ ဖတ်နေရတာ တော့တော်တော်လေးကောင်းပါတယ်..။ ဒါပေမဲ့ တစ်ကယ်လက်တွေ့မှာကျတော့ ……

Leave a Reply