မိန်းမများတဲ့ မြန်မာဘုရင်

koyegyiOctober 14, 20101min36621

မြန်မာရုပ်သံလိုင်းတွေမှာ မြန်မာစာတမ်းထိုးနဲ့ လွှင့်နေကြတဲ့ ကိုးရီးယားရာဇဝင်ဇာတ်လမ်းတွဲတွေကိုကြည့်မိရာက ဒီအတွေးလေးကိုရခဲ့တာပါ။ သူတို့ ရာဇဝင်ဇာတ်လမ်းတွေဟာ သမိုင်းမှာ တစ်ကယ်ရှိခဲ့တဲ့ အဖြစ်အပျက်တွေလားဆိုတာ သေသေချာချာ မသိပေမယ့် ကြည့်မိတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါတဲ့ သူရဲကောင်းတွေ ဘုရင်တွေဟာ လေးစားလောက်စရာ အားကျလောက်စရာ အရည်အချင်းတွေနဲ့ ပြည့်နှက်နေတာကိုသတိပြုမိပါတယ်။ ကိုးရီးယားဇာတ်လမ်းတွဲထဲက ဂျူမုံ ဆိုလည်းဂျူမုံမို့လို့၊ ဒယ်ဂျိုယောင်းဆိုလည်း ဒယ်ဂျိုယောင်းမို့လို့ ယုတ်စွအဆုံး မိန်းမဘုရင်မ ဒုံမန်း တောင်မှ ကြည့်မိသူကိုလေးစားအားကျ စေနိုင်တဲ့ ရိုက်ချက်တွေ၊ ဇာတ်ကွက်တွေနဲ့ ကိုးရီးယားသမိုင်းဆိုတာ ပါချီပါချဲ့မဟုတ်ဘူး ဒီလိုကြီးကျယ်ခမ်းနားပြီး ဒီလိုဘုရင်မျိုးတွေအုပ်ချုပ်စိုးစံခဲ့တာလို့ ပြောနေသလိုပါပဲ။ တရုတ်ရုပ်ရှင်ကား curse of the golden flowers ထဲက ချောင်ယွမ်ဖတ် ကြီး ဘုရင်လုပ်သရုပ်ဆောင်သွားတာဘယ်လောက် ခန့်ညားသလဲဆိုတာ ကြည့်ဘူးသူတွေသိကြမှာပါ။ ကျွန်တော်တို့ မြန်မာရာဇဝင်ကားတွေထဲက ဘုရင်တွေကတော့ ဒီလိုမဟုတ်ပါဘူး။ အခုနှစ်ပိုင်းတွေမှာ သရုပ်ဆောင်ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တဲ့ မင်းသားကိုယ်တိုင် အင်မတန်အားရ ဂုဏ်ယူပြီး အကယ်ဒမီတွေ ရခဲ့တဲ့ မြန်မာဘုရင် ကျန်စစ်သား အကြောင်း ရုပ်ရှင်ထဲကမြန်မာဘုရင်ကို လေ့လာကြည့်ကြပါ။ သမိုင်းထဲမှာတော့ ကျန်စစ်သားဟာ သာသနာပြု သူရဲကောင်းဘုရင်တစ်ပါးပါ။ ရုပ်ရှင်ထဲမှာတော့ မြန်မာဘုရင်ကျန်စစ်သားဟာ မိန်းမတွေတစ်ယောက်ပြီးတစ်ယောက်ယူခဲ့တယ်ဆိုတဲ့ အချက်က အပေါ်လွင်ဆုံးဖြစ်နေတာပါ။ ဒီအတိုင်းနေရင် ကျန်စစ်သားဆိုတဲ့ ဘုရင်ရဲ့ သမိုင်းဟာ အင်မတန်ခန့်ညားထည်ဝါပါတယ်။ ရုပ်ရှင်ရိုက်ပြလိုက်တော့မှပဲ သမိုင်းထဲက ကျန်စစ်သားရဲ့ သိက္ခာကိုထိခိုက်စေခဲ့တယ်လို့ထင်ပါတယ်။ ဘုရင်ပဲ မိဘုရားတွေများတာ ဘာဆန်းသလဲလို့ပြောလို့ရပါတယ်။ လူတိုင်းကလည်းဒီလိုနားလည်ထားပြီးသားပါ။ ရုပ်ရှင်ထဲထည့်ပြီး အကျယ်တဝင့် ရိုက်ပြစရာ မလိုဘူးလို့ပဲထင်ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ မြန်မာသမိုင်းထဲကသူရဲကောင်းတွေရဲ့ ကြီးကျယ်ခမ်းနားမှုတွေကို ရုပ်ရှင်ရိုက်ပြီး မဖျက်စီးကြပါနဲ့လို့…..။

21 comments

  • kohtoo

    October 14, 2010 at 7:29 am

    မှန် ပါ တယ် ။ ငြင်း စ ရာ တစ် ကွက် မှ မ ရှိ ပါ။ ထောက် ခံ ပါ တယ်။

  • april

    October 14, 2010 at 7:34 am

    ဲမြန်မာရုပ်ရှင်တွေ ဘယ်တော့များမှ အဆင့်အတန်း မြင့်မလဲ မသိပါလားနော်…..

  • mgkaunghtet

    October 14, 2010 at 8:04 am

    ကြီးကြီးကျယ်ကျယ်တွေပြောကျပြီးတော ့ရိုက်လိုက်တော ့သောက်တလွဲ

  • search123

    October 14, 2010 at 8:07 am

    အရမ်းမှန်ပါတယ်။ သူများတွေများ သူတို့နိုင်ငံ က သူရဲကောင်း အကြောင်းကို သူများအထင်ကြီးအောင် ကို ရိုက်တတ်ကြတယ်။ ဒီမှာတော့ အနုပညာ ဆိုတဲ့ စကားလုံး ကို တွင်တွင် သုံးပြီး ညာစားနေကြတယ်။ပြောရင်လည်း မကြိုက်ကြပြန်ဘူး။

  • shwepyisoe

    October 14, 2010 at 8:24 am

    ရိုက်တဲ့သူကလဲ အဆင့်မရှိ ..သမိုင်းမသိ..ဘာမှနားမလည်ပါးမလည်နဲ့ ဝင်ရိုက်….အကယ်ဒမီပေးတဲ့သူကလဲပေးစရာမရှိတော့..ကိုယ်ကပိုက်ဆံစိုက်ထုတ်ရတာမဟုတ်တော့ ..ရှိတာလေးကို ဖုန်သုတ်ပြီး ကောင်တာပေါ်တင်
    သလို…..မရှိရှိတာပေးရတာပေါ့ဂျာ…..အဲ့ဒီကားကို ..ကြေငြာကတည်းက နဲ့တီဗွီမှာလာတဲ့အထိကို မကြည့်ဘူးလေ………..ခုနကလို…ကျန်စစ်သား
    ရဲ့ ရဲရင့်တဲ့သူရဲကောင်းဇာတိရုပ်ပျောက်ပြီး………နှာဘူးရင်းဘူးနေတဲ့….ဖွတ်ကျားဘုရင် ..ကာမလိုက်စားတဲ့ဘုရင် ဖြစ်သွားလို့…..ကျန်စစ်သားက
    တော့ …လူမင်းလုပ်တာနဲ့တင် ..အခါခါသေရပြီဗျ

  • ဆူး

    October 14, 2010 at 8:29 am

    ပြောရရင် မြန်မာတွေ အသုံကို မကျတာ.. ဟင်းချက်တဲ့ ချန်ကင်.. တနေ့တနေ့ ဟင်းဘဲ ချက်ပြနေတာ လူတွေ က စိတ်ဝင်စားလွန်းလို့.. ချန်ကင်ကြည့်ဖို့ မီးစက်နိုးတာ မီးလောင်သွားလို့.. တရက်ကွက်လုံး ပြောင်သွားသတဲ့.. အဲဒီလိုတောင် ကြားမိလိုက်သလားလို့… မြန်မာ ကားတွေကတော့.. သွားကြည့်ရင် မျက်စိမကျယ်ဘဲ အိပ်ချင်လာလို့.. လက်မှတ်ဝယ်ပြီး သွားအိပ်သလားတောင် ထင်ရတယ်.. ရိုက်ချက်က လန်ထွက်နေတာ.. အားလုံးမှာတော့ သမိုင်းကိုယ်စီရှိတာဘဲ.. မှတ်တမ်း အတိအကျ ရှိမှာပါ သမိုင်းဆရာကြီးတွေဆီမှာ.. ရိုက်တဲ့ လူတွေက အသုံးမကျလို့ တနေရာရောက်လိုက် မိန်းမယူလိုက်.. ၄ယောက်ယူဖြစ်အောင် ယူပြီးတော့.. အချိန်စိသွားတာ ကျန်တာ အားလုံး ဘာရိုက်ကွင်းမှ မပါဘူး.. ပါးစပ်နဲ့ စကားပြောပြီး ဇတ်လမ်း ဖြစ်သွားတာ.. အဲဒါ မြန်မာကွ.. ဟေးဟေး..

  • tunaung

    October 14, 2010 at 8:44 am

    အောင်မလေးပြောလိုက်ကြတာဟိုမှာဖြင့်ဒီကားရိုက်လို့ဘယ်လေါက်ရှုံးသွားလဲမသိဘူး လူမင်းရေ မင်းကိုပြောတာတွေငါမခံနိုင်ဘူး…မင်းဘာသာမင်းဘဲခံလိုက်တော့…

  • kai

    October 14, 2010 at 9:20 am

    ကိုရီးယားတော့မသိဘူး..ဂျပန်တော့ ၁၉၀ဝမတိုင်ခင်လောက်က ဘုရင်ရဲ့ဓါတ်ပုံ.. အဖြူတယောက်ရိုက်ထားတာကိုတွေ့ဖူးတယ်..။
    လမ်းဘေးမှာ ထီးတချောင်းထောင်ပြီး မြေကြီးပေါ်ထိုင်နေတာဗျား..။ ဂျပုကလေးတွေပါ..။
    အဲ..နောက်တော့ ဂျပန်တီဗီ..အန်အိပ်ကေက ရှေးဘုရင်တွေအကြောင်း …အခန်းဆက်တွေရို်က်ကြတာပေါ့..။
    ကြည့်ဖြစ်တာပေါ့..။
    အဲဒီမှာကျ… ဂျပန်ဆာမူရိုင်းတွေ..ဘုရင်တွေများ..ခန့်ညားချက်က…အောင်မလေးတ,ယူရတယ်..။

    ဆိုတော့…။နောက်အနှစ် ၅၀ဝဆို ဘယ်လိုတွေဖြစ်ကုန်မလည်း…။
    သမိုင်းဆိုတာ… လိမ်လိုရပါသတည်းလို့ပဲ…ပြောရမလိုလို…။

  • Endless

    October 14, 2010 at 9:20 am

    စောက်ရမ်းမှန်တယ်… ထောက်ခံတယ်ဗျာ

  • michaelaungpu

    October 14, 2010 at 11:58 am

    မှန်တယ်ဆိုရင်လည်း ကျေနပ်ပါတယ် ဆင်ခြေလျှောကြီးပါအပိုပေးနေပြန်ပြီ

  • ဆူး

    October 14, 2010 at 12:50 pm

    ဒီပိုစ်နာမည်ကို ကြည့်ပြီး စဉ်းစားမိတယ်.. မိန်းမများနဲ့ မြန်မာဘုရင် ဆိုတော့.. ကျန်စစ်သားက ဒီလောက်မများဘူး အဲဒါကြောင့် လူမင်းက အရင်မကြေဘူး အော်နေတာ.. မင်းတုန်းမင်း အကြောင်း ဆိုရင် ရာဇဝင်မှာ အခိုင်အမာ အထောက်အထားတောင် ရှိသေးတယ်.. မင်းတုန်းမင်း အကြောင်း ရုပ်ရှင်ရိုက်ရင် ကောင်းမလား မသိဘူး.. ဟောင်ကောင်မှာတောင် 3D ရုပ်ရှင်တွေ ရိုက်တော့မယ် ဆလား.. မင်းတုန်းမင်း အကြောင်း ရိုက်ပြီး ကမာ္ဘမှာ ပတ်ပြလိုက်ရင်တော့ ပိုက်ဆံတွေ တပုံကြီး ရမှာ.. လူမင်းကို အကြံသွားပေးမယ်။

  • kopauk mandalay

    October 14, 2010 at 2:20 pm

    မှန်ပါတယ် မြန်မာရုပ်ရှင်ဇာတ်ကားတွေက သဘာဝကျအောင် ရိုက်ပြနိုင်ဘို့ထက်မင်းသားမင်းသမီးကို အလှပြဘို့စဉ်းစားရင်းဒီလိုဖြစ်ကုန်တာပါ။
    အခုတော့ ကလေးတွေက ကျန်စစ်သားဆိုရင် ဘုရင် အတွက်ယူလာတဲ့ မဏိစန္ဒာကိုကြားကဖြတ်ခုတ်တဲ့လူလောက်သာဖြစ်နေပါတယ်။
    ပြောရအုံးမယ်ဆိုရင် သူ့ကျွန်မခံပြီးတုန်းကလည်း ဘုရင်နဲ့မိဘုရားပါတော်မူခန်းမှာ နောက်ကလိုက်တဲ့လူတွေဝတ်စားထားတဲ့အဝတ်အစားအသစ်တွေက ဘုရင်တိုင်းခန်းလှည့်နေသလားလို့ကိုထင်ရတယ်။
    မင်းတုန်းမင်းအကြောင်းသာအခုလိုရိုက်လိုက်ရင် 18နှစ်အောက်ကလေးများမကြည့်ရဆိုတဲ့ကားမျိုးတောင်ဖြစ်သွားနိုင်တယ်ထင်တာပါဘဲ။
    မြန်မာဇာတ်ကားတွေ မင်းသားမင်းသမီးအလှကိုဘဲ ဦးစားပေးနေသမျှကာလပါတ်လုံးဒီလိုဘဲဖြစ်နေအုံးမှာပါ.။
    ကိုရီးယားကားတွေကိုသနားတယ်လို့ မြန်မာ့စူပါကြီးကပြောခဲ့ဘူးတယ်။
    ဟုတ်ပါတယ် သူတို့ခဗျာသနားစရာအမှန်ပါဘဲ နေ့မအားညမအား ဇာတ်လမ်းတွဲတွေရိုက်နေရတော့ပင်ပန်းနေကြလို့ပါ။
    မြန်မာရုပ်ရှင်မှာတော့ ……………………………..

  • bigcat

    October 14, 2010 at 11:26 pm

    အဲဒီကားကို မကြည့်ဘူးပါဘူး။ ဒါပေမဲ မြန်မာဘုရင်တွေ မိန်းမများတာကတော့ အမှန်လို့ထင်ပါတယ်။ ဘယ်လိုတင်ပြသလဲ ဆိုတာအပေါ်မှာ မူတည်ပါလိမ့်မယ်။

  • လင်းဝေကျော်

    October 15, 2010 at 3:23 am

    ဘုရင်တွေကတော့ မိန်းမများတာပါပဲ။
    ကျန်စစ်သားကားရိုက်တဲ့ကောင်ကော ဝင်သရုပ်ဆောင်တဲ့ကောင်ကော က
    ဘာအနုပညာမှမရှိပဲ လုပ်ချင်ရာလုပ်ပြီး ပြစားချင်တဲ့ကောင်တွေဆိုတော့ ဖြစ်မှာပေါ့။
    သူတို့ကို ပိုက်ဆံပေးကြည့်နေတဲ့သူတွေလည်း ခံပေါ့။
    ကြားထဲက မြန်မာပုံရိပ်လည်း နာပေါ့။

  • moethidasoe

    October 15, 2010 at 5:23 am

    ဇာတ်လမ်းသဘောအရ ရော .. ငွေကြေးသဘောအရရော .. မင်းသားချည်းပဲ ရိုက်ပြလို့ မရ .. မင်းသမီးလဲ တစ်လက်ထဲ ဆိုရင် လူမဝင်မှာစိုးလို့ များများထည့် ရိုက်ပြ .. နဂို ဇာတ်ကြောင်းမှာလဲ တကယ်ပဲ မိဘုရားများတယ်လေ .. အပယ်ရတနာ တို့ .. သူကြီးတူမ သမ္ဘူလတို့ (ရာဇကုမာရရဲ့ အမေထင်တယ်) .. မဏိစန္ဒာတို့ .. ဒါတွေက တရားဝင် သိရတာ .. ကာလ အဆက်ပြတ်နေလို့ မင်းတုန်းမင်းလောက် စာရင်းအတိအကျ မရပေမယ့် .. ဘဏ္ဍာတော်သွင်းတာ .. နယ်စားတွေ ဆက်သတာ .. ရှိတယ် ..
    ဦးနေဝင်းတောင်မှ ဒေါ်ခင်မေသန်းမတိုင်မီက တစ်ယောက် .. ပြီးတော့ ဒေါ်ခင်မေသန်း .. နောက် ဒေါ်နီနီမြင့် .. ရတနာနတ်မယ် ဆိုတာ ကြားဖောက် ဝင်လာပြီး လင်မယား ပြတ်စဲတော့ တော်တော် ပေးလိုက်ရသေးတယ် .. နောက် ဒေါ်နီနီမြင့်နဲ့ ပြန်ပေါင်း .. ဒါတွေက လူသိရှင်ကြားတရားဝင် ..
    ဒါကြောင့် ဒါတွေ မဆန်းပါဘူး ..
    အခု စစ်တပ်မှာတောင် တရားဝင်တစ်ဦးထဲ ရှိရမယ် .. အရှုပ်တွေ ပေါ်ရင် အလုပ်ဖြုတ်မယ်ဆိုလို့ တရားမဝင်တွေကို မထင်ပေါ်အောင် ထားကြသေးတာပဲ .. မင်းတရားကြီးတစ်ဦးအတွက်နဲ့တော့ နဲသေးတယ်လို့ ထင်ရမလားကွယ် ..

  • ဆူး

    October 15, 2010 at 8:48 am

    အခုပြောတာ ဘုရင်တွေ မိန်းမများတာကို သဘောမကျလို့ ပြောတာ မဟုတ်ဘူးနော်.. ရုပ်ရှင် ရိုက်တဲ့ အခါမှ အနုပညာ ဖော်ထုတ်မှု အားနည်းတဲ့ အတွက်.. မိန်းမတွေ တယောက်ပြီး တယောက် ယူပြီး ဇတ်သိမ်းတာကိုပြောချင်တာ.. ကျန်စစ်သားဟာ ရာဇဝင်မှာ နာမည်ကျော် အထင်ကရ သူရဲကောင်းကြီးပါ.. သူရဲ့ နာမည်နဲ့ လိုက်အောင် ဇတ်ကောင် စရိုက်မဖော်ထုတ်ဘဲ.. မိန်းမယူတာနဲ့ ဇတ်ကို ပြသွားတာ.. သူရဲကောင်းကြီး အတွက် ပရိတ်သတ်က ရင်နာနေတာ.. တခြား ဘာကိုမှ မဆိုလိုပါဘူး.. မင်းတုန်းမင်း မိန်းမများတာ.. သူ အချိန်အခါနဲ့ သူများတာဘဲ.. အခု ပြောပြီး ဆွေးနွေးတဲ့ ပရိတ်သတ်နဲ လုံးဝ မပတ်သတ်သလို ရှုံ့ချတာတွေ ကန့်ကွက်တာတွေ လည်း တခုမှ လုပ်တာ မဟုတ်ဘူး.. မြန်မာ အနုပညာရှင်တွေ ကျန်စစ်သားလို သူရဲကောင်း ကို မိန်းမယူတာနဲ့ ဇတ်လမ်း ၁ခု ရအောင် လုပ်နိုင်မှတော့.. မင်းတုန်းမင်းလို မင်းမျိုးဆိုရင် ဆိုပြီး ရွဲ့ပြီး ပြောတာပါ.. တခြားဘာမှ မရည်ရွယ်ပါဘူး.. အနုပညာရှင်ကြောင့် တိုင်းပြည် ဂုဏ်တက်သလို အနုပညာရှင်ကြောင့် တိုင်းပြည် သမိုင်း နာသွားတာ.. အဲဒီ အကြောင်း ဆွေးနွေးနေကြတာပါ။

  • koyegyi

    October 16, 2010 at 3:28 am

    ဝင်ရောက်ဆွေးနွေးပေးကြသူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။
    ကျွန်တော်ရေးလိုက်တာ လိုရင်းကိုမရောက်ဖြစ်သွားရင်လည်း သည်းခံပေးကြပါ။
    ကျွန်တော်က လူမင်းကို ရှုတ်ချချင်တာမဟုတ်ပါ။ အကယ်ဒမီပေးသူများကိုရှုတ်ချချင်တာမဟုတ်ပါ။
    သက်ဦးဆံပိုင် ဘုရင်တွေ မိန်းမများတာကို ရှုတ်ချချင်တာမဟုတ်ပါ။ မြန်မာဘုရင်တစ်ပါးအကြောင်းရုပ်ရှင်ရိုက်တဲ့ ရည်ရွယ်ချက်က တိတိကျကျ ရှိသင့်ပါတယ်။ ဥပမာ ကျန်စစ်သား ဆိုပါတော့။ သူဘာတွေတော်လို့ မြန်မာ့သမိုင်းမှာ ထင်ရှားတာလဲ။ တိုက်ခိုက်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အနစ်နာခံမှု၊ ကိုယ်ကျိုးစွန့်လွှတ်မှု စတာတွေက ဘယ်လောက်ရှိသလဲ၊ သူရဲကောင်းအကြောင်းရုပ်ရှင်ရိုက်တယ်ဆိုကတည်းက သူရဲကောင်းကို အထင်ကြီးအားကျစေချင်တဲ့ ရည်ရွယ်ချက်ကတော့ရှိမှာပါပဲ။ မိန်းမယူတာတွေကြီးပဲပြနေရင် သူရဲကောင်းကိုဘယ်လိုထင်သွားမလဲ။ ဒါကိုပြောတာပါဗျာ။ kai ပြောသလိုပေါ့ဗျာ။ အောင်မလေးတယူရလောက်အောင် ခန့်ညားထည်ဝါပေးဘို့ မတောင်းဆိုပါဘူး။ သောက်တလွဲဘုရင်ပါကွာလို့ အရှုတ်ချမခံရအောင်ရိုက်ပေးတယ်ဆိုရင်ပဲကျေနပ်ပါတယ်ခင်ဗျာ။

  • mG

    October 16, 2010 at 1:30 pm

    အဟိ….။ဟုတ်တယ်နော်။ရှေးခေတ်က ဘုရင်တွေဟာ မိဘုရားတွေအားလုံးကိုချစ်နိုင်တဲ့ အချစ်ထုထည်ကြီးကြီး မားမားရှိတယ်လေ။အဲ့ဒါတွေကို စာထဲမှာပြောထားတဲ့ အတိုင်းပဲ ရုပ်ရှင်ရိုက်ပြီးတော့ သမိုင်းကိုခြေနဲ့ မဖျတ်ပါနဲ့။

  • cruz

    October 16, 2010 at 4:27 pm

    မင်းတုန်းမင်းဇာတ်ကား…..ရိုက်လို့ကတော့ကွာ…မြန်မာပြည်ရဲ့ ပထမဆုံး ဟိုဟာကားဖြစ်မယ်ထင်တယ်….
    ဟိဟိ

  • unclegyi1974

    October 16, 2010 at 4:44 pm

    သူတို့နိုင်ငံက ရာဇဝင်ကားတွေက တကယ်သမိုင်း
    ရှိပါတယ် ရိုက်တဲ့အခါကွာသွားတာက သူတို့ဘုရင်ကို
    သက္ခာရှိအောင်ရိုက်ပြသွားတာပါ
    မြန်မာမှာလဲအဲလိုရိုက်လို့ရတဲ့ ရာဇဝင်တွေရှိပါတယ်
    ရိုက်ဖို့ငွေလိုတာပါ
    မြန်မာမှာကရိုက်ရင်ကင်မရာဘယ်နှစ်လုံးတပြိုင်ထဲ
    ရိုက်နိုင်သလဲ သူတို့နိုင်ငံတွေနဲ့ဘယ်လိုမှမယှဉ်နိုင်
    ပါဘူး နောက်ကရိန်းတွေ ဆက်တင်တွေ ရိုက်ကူးမှု
    အကူပစ္စည်းတွေ ဘယ်ဘက်ကမှမယှဉ်နိုင်ပါဘူး
    လူကြီးနဲ့ကလေးလိုကွာပါတယ် ကလေးမှလူပျိုဝင်
    ကာစကလေးမဟုတ်ပါဘူး ၁ဝနှစ်မပြည့်သေးတဲ့
    ကလေးပါ
    ဒီလိုဘာလို့ဖြစ်နေသလဲအားလုံးသိတဲ့အတိုင်းပါဘဲ
    ကိုယ့်ဝမ်းနာကိုယ်သာသိပါတယ်
    မြန်မာတွေမညံ့ပါဘူး အခြေအနေခြင်းတူရင်
    ဘယ်သူ့ကိုမှမရှုံးနိုင်ပါဘူးလို့ ယုံပါတယ်

  • fatty poak

    October 16, 2010 at 6:15 pm

    အဲ့လိုပဲ……..ယူဆမိပါတယ်……..။

Leave a Reply