ထင်တိုင်းကြဲနေတဲ့ ကြံ့ဖွံ့ကို သိကြားမင်း သတိပေး

CharTooLanOctober 15, 20101min1357

စည်းလွတ်ဝါးလွတ်နဲ့ အာဏာမြဲဖို့အရေးလောက်သာ ဇောကပ်နေတဲ့ ကြံ့ဖွံ့ပါတီဝင်တွေကိုတော့ သိကြားမင်းက ဝမ်နင် (warning) ပေးလိုက်ပါပြီ။

ဖြစ်ပုံက ဒီလိုပါ။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ကြံ့ဖွံ့က စည်းရုံးရေးမှူး ၂ ယောက်နဲ့ လွှတ်တော် အမတ်လောင်း ၁ ယောက်တို့ မဲဝယ် (အဲလေ … ယောင်လို့) မဲဆွယ်ဖို့ ခရီးအသွားမှာ မိုးကြိုးပစ်ခံရလို့ပါပဲ။

သိကြားမင်းက အမြည်းသဘောနဲ့ တီးလိုက်တာဆိုတော့ သေတော့ မသေပါဘူးတဲ့။ ဒဏ်ရာတော့ အကြီးအကျယ် ရသွားပါသတဲ့။ (စက်ကွင်းမိသွားတဲ့ သဘောပေါ့)

ပြီးခဲ့တဲ့ ၄ ရက်လောက်တုန်းက လဟာကြီးရွာကနေ စက်လှေနဲ့ ထွက်မလို့ ပြင်နေတုန်း မိုးကြိုးပစ်ခံရတာပါ။ စည်းရုံးရေးမှူး ဦးကျော်ဆွေလွင်ဆိုသူ ခေါင်းမှာ ဒဏ်ရာပြင်းထန်စွာ ရသွားပြီး အမတ်လောင်း ဦးဝေခိုင်နဲ့ စည်းရုံးရေးမှူး ဦးထွန်းသွေးတို့ကတော့ သတိလစ်သွားပါသတဲ့။

ကျောက်ဖြူဆေးရုံကို ပို့လိုက်ရပြီး ဦးကျော်ဆွေလွင်ကတော့ ခေါင်းမှာ ၈ ချက်လောက် ချုပ်လိုက်ရပါတယ်။ (သိကြားမင်း ဝရဇိန်လက်နက်က စစ်အစိုးရ လက်ထက်မှာ မပစ်တာကြာတော့ အားသိပ်မကောင်းဘူး ထင်ပါ့)။

လဟာကြီး ရွာသားတယောက်ကတော့ ဒီလိုပြောပါတယ်။

“အံ့ဩစရာ ကောင်းတာက စက်လှေပေါ်မှာပါတဲ့ စက်မောင်းသူ အပါအဝင် တခြားလူတွေ ဘာမှမဖြစ်ဘူး ကြံ့ဖွံ့ပါတီဝင် ၃ ဦးပဲထိတယ်။ စက်လှေလည်း တစစီဖြစ်သွားတယ်”

ဒီလောက်ဆို ကျန်တဲ့ ကြံ့ဖွံ့ပါတီဝင်တွေ သဘောပေါက်သင့်ပြီ။ 😀

ကျောက်ဖြူ ဒေသခံတွေကတော့ “ဒီလိုပုံစံမျိုး တခါမှမကြုံဖူးတော့ ဒေသခံတွေက ကြံ့ဖွံ့အတွက် နိမိတ်မကောင်းဘူးဆိုပြီး ပြောနေကြပြီ။ ပါတီစည်းရုံးရေးမှူးတွေက ခရီးဝေးကို စည်းရုံးရေး မသွားကြတော့ဘူး။ ပါတီကထွက်ရင် ထွက်ရပါစေလို့ ပြောနေကြပြီ” လို့ ပြောပါသတဲ့။

စည်းရုံးရေးမှူး ဦးထွန်းသွေးက အမျိုးသားညီလာခံ ကိုယ်စားလှယ်ဖြစ်ပြီး ဦးကျော်လွင်ဆွေက မြို့နယ်သမဝါယမအသင်း လူကြီးပါတဲ့။

ဒီကြံ့ဖွံ့ပါတီဝင်တွေကတော့ အသေးစားလေးတွေမို့ သိကြားမင်းက လက်နက်ကြီး မသုံးတာလည်း ဖြစ်နိုင်ပါတယ်။ လက်နက်ကြီးတွေကတော့ ဘယ်သူ့အတွက်လဲဆိုတာ သိကြတဲ့ အတိုင်းပေါ့လေ …

(ပရိသတ်များသို့ သတိပေးချက် ။ ။ မိုးခြိမ်းလျှင် ကြံ့ဖွံ့များနှင့် နီးနီးနားနား မနေကြပါရန်)

7 comments

  • ဆူး

    October 15, 2010 at 4:49 am

    ဟယ်..ကြားရတာ စိတ်မကောင်းလိုက်တာ.. တိနားပါတယ်.. (အဟင့် ဂွတ်ဘတ်)
    ဝမ်းနည်းကြောင်း လာရေးသွားပါသည်။

  • april

    October 15, 2010 at 5:50 am

    မိုးကြိုးပစ်ပြီး ဝဲထဲ တစ်ခါတည်း ပါသွားရမှာ…ရေအောက်က နဂါးမင်း ဘာလုပ်နေလဲ မသိဘူး။

  • pan pan

    October 15, 2010 at 7:00 am

    သေတော့ မသေပါဘူးတဲ့။ ဒဏ်ရာတော့ အကြီးအကျယ် ရသွားပါသတဲ့။ စိတ်မကောင်းစရာပဲ။

  • etone

    October 15, 2010 at 7:45 am

    သိကြားမင်းကလည်း တွတ်ပီလိုမရှောင်လျှင်လွတ်တယ်ဖြစ်နေပြန်ပြီ ။
    ပစ်စမ်းပါ သေသေချာချာလေ း … 😀

  • thidar

    October 15, 2010 at 8:38 am

    လွှတ်တော်အမတ်နဲ့ စည်းရုံးရေးမှူးတောင်ဒီလောက်ထိတယ် ဆိုရင် ပါတီဥက္ကဌကြီးတို့ဆို …..

  • thidar

    October 15, 2010 at 8:39 am

    လွှတ်တော်အမတ်နဲ့ စည်းရုံးရေးမှူးတောင်ဒီလောက်ထိတယ် ဆိုရင် ပါတီဥက္ကဌကြီးတို့သာဆိုရင် …..

  • cruz

    October 17, 2010 at 11:48 pm

    အားးးးးသိကြားမင်းရယ်…. ဒီလူတွေသွားပစ် အလကားပဲ ဒီလူတွေက လက်ဝေခံအဆင့်ရယ်….ပစ်မယ့်ပစ်..နေပြည်တော်က ငနာကြီးတွေကိုပစ်ရမှာ
    အဲဖက်မှာ တဂျိန်းဂျိန်းနဲ့ ပစ်မလွဲပစ်လိုက်ပါလားဗျာ..
    တားဂက်မှားနေတယ်နော်… ဘိုးတော်သိကြား

Leave a Reply