IC ရဲ့ နှစ် (၂၀) ပြည့် အထိမ်းအမှတ် show ပွဲ ကို သီတင်းကျွတ်လပြည့်မှာ ကျင်းပမည်

ဂ်စ္စူOctober 14, 20101min761

IC လို့ ဂီတချစ် ပရိသတ်တွေ အဖျားဆွတ်ခေါ်လေ့ ရှိတဲ့ Iron Cross တေးဂီတဝိုင်းရဲ့ တည်ထောင်ခြင်း အနှစ်နှစ်ဆယ်ပြည့် အထူးရှိုးပွဲကို အခုလာမယ့် အောက်တိုဘာ ၂၃ သီတင်းကျွတ်လပြည့်နေ့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ပြုလုပ်မယ်လို့ ကြားသိရပါတယ်။

IC ရဲ့ ဂီတသက်တမ်း အနှစ်နှစ်ဆယ်ပြည့် အထူးဖျော်ဖြေပွဲမှာ IC ရဲ့ အမာခံ နာမည်ကြီး Rocker များ ဖြစ်ကြတဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့ ပါဝင်သီဆိုမှာ ဖြစ်ပြီး လက်မှတ်များကို ယခုလ ၁၅ ရက်နေ့ နောက်ပိုင်းမှာ စတင်ရောင်းချသွားမှာ ဖြစ်ကာ

လက်မှတ်ဈေးနှုန်းများကတော့ ကျပ် ၇၀၀ဝ ၊ ၁၀၀၀ဝ ၊ ၁၅၀၀ဝ ဆိုပြီး သတ်မှတ်ထားတယ်လို့ ပွဲစီစဉ်သူ Bagan Entertainment ရဲ့ ဝန်ထမ်းတစ်ဦးက mmDailyNews သို့ အွန်လိုင်းမှ ပြောကြားခဲ့ပါတယ်။ လက်မှတ်အတုတွေ ပေါ်မှာစိုးလို့ ပိုစတာပေါ်မှာ ကြေငြာထားတဲ့ နေရာတွေမှာပဲ ဝယ်ယူသင့်တယ်လို့ ဆိုပါတယ်။


ဆက်လက်ပြီး ၎င်းပုဂ္ဂိုလ်မှ ပြောကြားရာမှာ Bagan Entertainment နှင့် IC တို့အကြား တစ်နိုင်ငံလုံး အနှံ့ ရှိုးပွဲ ၂၅ ပွဲ ပြုလုပ်သွားဖို့ စာချုပ်ချုပ်ထားခဲ့ကြောင်း၊ ယခုရှိုးပွဲသည် ၂၅ ပွဲအနက် တတိယမြောက်ပွဲ ဖြစ်ကြောင်း ပထမဆုံးပွဲနှင့် ဒုတိယပွဲတို့မှာ မုံရွာမြို့နှင့် ရန်ကုန် ဆီဒိုးနားဟိုတယ် တို့မှာ အသီးသီး အောင်မြင်စွာ ကျင်းပခဲ့ပြီးကြောင်း ဆက်လက်၍ တနင်္သာရီတိုင်းမြို့ကြီးများနှင့် တောင်ကြီး၊ မန္တလေးတို့တွင် ဆက်လက် ဖျော်ဖြေသွားရန် ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဒီပွဲကို Main Sponsor အနေနဲ့ လွန်ခဲ့တဲ့ လက စတင်ဖွင့်လှစ်ခဲ့တဲ့ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank) မှ ပံ့ပိုးထားပြီး အသံပိုင်းဆိုင်ရာကို ပြည်တွင်းက မြန်မာပညာရှင်များက တာဝန်ယူပြီး မီးအလင်းပေး အလှဆင်မှု အတွက်ကိုတော့ မလေးရှားမှ မြန်မာပညာရှင်များက ခင်းကျင်းဖန်တီးမှာ ဖြစ်ကြောင်း၊ စင်မြင့်အခင်းအကျင်း အနေနဲ့လည်း ထူးထူးခြားခြားလေး ဖြစ်အောင် စင်မြင့်ကို အလယ်မှာထားကို ပတ်ပတ်လည်က ပရိသတ်တွေဘက်ကို လှည့်လည်ဖျော်ဖြေသွားမှာ ဖြစ်ကြောင်း၊ ဒီပွဲကို ပြင်ဆင်တည်းဖြတ်ခြင်း မပြုလုပ်ဘဲ Live Show ခွေအနေနဲ့ ဖြန့်ချိရောင်းချသွားဖို့လဲ အစီအစဉ်ရှိကြောင်း ကြားသိရပါတယ်။

IC ရဲ့ အနှစ်နှစ်ဆယ်ပြည့် အမှတ်တရ စင်တင်ဖျော်ဖြေပွဲ ကျင်းပမယ့် ယခုလ ၂၃ ရက်နေ့ဟာ ပြည်တွင်း Hip Hop နဲ့ R & B ထိပ်သီးအဆိုတော်များ ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ J-me ၊ ရဲလေး၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ ဘန်နီဖြိုး စသဖြင့် အဆိုတော်အများအပြား ပါဝင်တဲ့ “သီတင်းကျွတ် လပြည့်ည ပျော်ပွဲရွှင်ပွဲကြီး” ကျင်းပမယ့် နေ့နဲ့ တိုက်ဆိုင် နေခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တစ်ပွဲအတွက် တစ်ပွဲ လူဝင်အနည်းအများမှာ ထွေထွေထူးထူး ထိခိုက်ဖွယ်ရာ မရှိနိုင်ကြောင်း၊ ဂီတအမျိုးအစား မတူတဲ့ အတွက် သူ့ပရိသတ်နဲ့သူ အပြည့်ရှိပြီးသား ဖြစ်ကြောင်း မိမိနှစ်သက်ရာ ရှိုးပွဲများကို ပုံမှန် သွားကြည့်နေကျ ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက သူ့အမြင်ကို mmDailyNews သို့ ပြောပြ ခဲ့ပါတယ်။

Ref:အောင်ဘုန်းမြင့်@mmDailyNews

One comment

  • kyansitthar101

    October 14, 2010 at 11:39 pm

    IC ရေ မန္တလေးကို ဘယ်တော့ လာမှာလဲ

Leave a Reply