” မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးက မန်းလေး အပိုင်း13)”

” မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးက မန်းလေး အပိုင်း13)”
ကြောက်စရာရုပ်ရှင်အကြောင်းပြောလို့ ငယ်ငယ်က ရုပ်ရှင်ကြည့်ခဲ့ရတာလေးတွေကို ပြန်သတိရမိပါတယ်။
ပြောရမယ်ဆိုရင် ကျနော်ရဲ့အဖေ့ဘက် က တစ်မျိုးလုံးရုပ်ရှင်ကြိုက်ပါတယ်။
အခုတော့ရုပ်ရှင် ရှေးရှေးက အဖွားတို့ကတော့ ဘိုင်စကုပ်လို့ခေါ်တတ်ပြီး ဓါတ်ရှင်လို့လဲခေါ်ပါတယ်။
မြင်ကွင်းကျယ်ဆိုရင်တော့ စီနီမာစကုပ်လို့ခေါ်ပါတယ်။
် အဖွားနဲ့ အဒေါ်တွေက မြန်မာကား ကုလားကားကြိုက်တယ် အဖေတို့ ဦးလေးတို့က အင်္ဂလိပ်ကားကြိုက်တယ်။
ကျနော်ကတော့ ရုပ်ရှင်သာကြည့်ရမယ်ဆိုရင် ဘယ်သူခေါ်ခေါ်ဘာကားဖြစ်ဖြစ်အကုန်လိုက်လို့ကြည့်ပါတယ်။
မခေါ်ရင်လဲဇွတ်လိုက်ပါတယ် မလိုက်ရရင်ငိုပါတယ်။နားပူမခံနိုင်တော့ခေါ်ကြပါတယ်။
ဦးလေးတို့အဖေတို့က နေ့ပွဲကြည့်တတ်ပြီး အဖွားတို့အဒေါ်တို့ကတော့လူရှင်းတဲ့ညပွဲကိုကြည့်တာများပါတယ်။
အရင်တုံးက ရုပ်ရှင်တွေကတစ်နေ့ကိုလေးပွဲပြပါတယ်။
ပထမဆုံးပွဲက နေ့လည်(12)နာရီ၊ဒုတိယပွဲကညနေ(3)နာရီ၊ညနေပွဲက ညနေ(6)နာရီနဲ့နောက်ဆုံးပွဲလို့ခေါ်တဲ့ညပွဲကည(9)နာရီမှာပြပါတယ်။
တစ်ခါတစ်ရံလူကြိုက်များတဲ့ကားတို့ ထူးထူးခြားခြားကားတို့ ဆိုရင်တော့ တနင်္ဂနွေနေ့မှာမနက်( 9)နာရီမှာအထူးပွဲဆိုပြီးပြလေ့ရှိပါတယ်။
အဲဒီနေ့မျုးိဆိုရင်တော့ တစ်ရက်ထဲငါးပွဲပေ့ါဗျာ။

ဟိုအရင်တုံးက ရုပ်ရှင်ပြလို့ဇာတ်ကားတစ်ဝက်လောက်ရောက်တဲ့အချိန်မှာ “အင်တာဗယ်”လို့ခေါ်တဲ့ ခဏနားချိန်ပေးလို့ ရုပ်ရှင်ပြတာကိုခဏနားပါတယ်။
ဘာလို့လဲဆိုတော့ အဲဒီတုန်းက ရုပ်ရှင်ပြစက်တွေက ကာဗွန်ကို မီးရှို့လို့ အလင်းထွက်အောင်လုပ်ရပါတယ်။ ဒီတော့လဲ စက်ပူတော့ စက်အေးအောင်ခဏအနားပေးတာပါ။
ခန့်မှန်းခြေဆယ်မိနစ်လောက်နားတယ်လို့ထင်ပါတယ်။
ကျနော်တို့ကလေးတွေကတော့ အဲဒါကို “ဟပ်ပဒိုင်း”ပေးတယ်လို့ခေါ်ကြပါတယ်၊(အမှန်ကတော့ ဟပ်ဖ်တိုင်းကိုဆိုလိုတာပါ)
အဲဒီအချိန်မှာဆိုရင် ရုပ်ရှင်ရုံကိုအပြင်ထွက် လို့မုန့်ဝယ်စားကြပါတယ်။
အပေါ့အပါးသွားကြပါတယ်။
တစ်ခါတစ်လေများရုပ်ရှင်က အလွမ်းသယ်လို့ကောင်းတုံး (အခုခေတ်လိုပြောရင်ဇာတ်ရှိန်မြင့်နေတုန်းပေါ့)ကြည့်တဲ့သူတွေကလည်းငိုလို့ကောင်းတုန်းမှာ ဗြုန်းဆိုပြီး “ဟပ်ပဒိုင်း”ပေးလိုက်တဲ့အချိန်ရောက်တော့ မီးတွေလင်းလာတဲ့အခါမှာ ငိုလက်စတန်းလန်းနဲ့မျက်ရည်တွေကို အရှက်ပြေသုတ်ကြရတာလဲ ခဏခဏပါဘဲ။
အရင်ကရုပ်ရှင်ကြည့်တယ်ဆိုရင် ရုံထဲမဝင်ခင် မုန့်တစ်ခါဝယ် “ဟပ်ပဒိုင်း”ပေးရင်တစ်ခါထပ်ဝယ်စားဟန်ကိုကြလို့ပါ။
မှတ်မိသေးတာကတော့ ရာသီပေါ်သီးနှံဖြစ်တဲ့ အခွံခွာထားလို့ ဖြူဖွေးဖွေး အရည်ရွှမ်းရွှမ်း တဂျွမ်းဂျွမ်းကိုက်စားလို့ရတဲ့ “ပဲစိ်မ်းစားဥ” ပါ။
မုန့်တွေကလည်းစုံမှစုံရယ်။နေကြာစေ့၊ကွာစေ့လှော်၊ဖရုံစေ့လှော်၊မြေပဲလှော်၊မြေပဲဆားလှော်၊ပဲကြီးလှော်။အာလူးကြော်၊ငါးမုန့်ကြော် ဝါးချင်စရာလေးတွေပါ။
အချဉ်ထုပ်ဆိုရင်လဲ ရယ်ဒီမိတ်အထုပ်တေဖြစ်တဲ့ မစီမာ ဇီးငံပြားတို့ ဇီးပေါင်း၊မရမ်းပေါင်းတွေတင်မကသေးဘဲ ရာသီပေါ်သီးနှံဖြစ်တဲ့ ဇီးသီးကို ငရုတ်သီးမူံ့နဲ့သုပ်ထားတာတို့ ၊မုန်လာချဉ်သုပ်တို့်၊သရက်သီးကိုငရုတ်ရည်ဆမ်းထားတဲ့သရက်ကင်၊
မရမ်းကင်စတဲ့သွားရည်ယိုစရာအချဉ်ပေါင်းတွေကလဲ မြင်တာနဲ့သွားရေကျလောက်ပါပေတယ်။
ကန်စွန်းဥပြုတ်၊ပဲမြစ်ပြုတ်၊မြေပဲပြုတ်၊ပြောင်းဖူးပြုတ်စုံလို့ပါ ။
ဆောင်းအခါများမှာဆိုရင် မီးသွေးကို သံပြားလေးပေါ်မှဖိုပြီး ချက်ချင်းဖုတ်ပေးတဲ့ပြောင်းဖူးဖုတ်တို့ ထန်းပင်မြစ်ဖုတ်၊ကန်းစွန်းဥမီးဖုတ်တွေကလဲ ရုပ်ရှင်ရုံရှေ့မှာရနိုင်ပါတယ်။
ဒါတင်မကသေးဘူး နို့အေးချောင်းရှိမယ်၊ရေခဲချောင်းရှိမယ်။
“ဟပ်ပဒိုင်း”ပေးလိုက်လို့ ရုံအပြင်ထွက်ပြီဆိုတာနဲ့ကြားရတာကတော့ ဒါန်အိုးအဖုံးကိုခွက်နဲ့ခေါက်လို့ တစ်ဒေါင်ဒေါင်အသံပေးပြီး ကျနော်တို့ကလေးတွေကိုမြူဆွယ်တဲ့
ရှာလပတ်ရည် ချိုချိုအေးအေးမွှေးမွှေးလေးပါ။
အရင်ကရုပ်ရှင်ရုံမှာမုန့်ရောင်းတယ်ဆိုတာ အတော်လေးကိုအလုပ်ဖြစ်တဲ့အလုပ်၊်မိသားတစ်စု ထမင်းဝဝစားနိုင်တဲ့အလုပ် လို့ဆိုနိုင်ပါတယ်။
ရုပ်ရှင်ရုံတစ်ရုံမှာ မုန့်ဆိုင်မရှိဘူးဆိုရင် အနည်းဆုံးဆယ်ဆိုင်ထက်မနည်းရှိပါတယ်။
တစ်ဆိုင်နဲ့တစ်ဆိုင်အပြိုင်အဆိုင်ရောင်းကြတာပါ
အခုအချိန်မှာတော့ ဒီလိုအနားမပေးဘဲ ရုပ်ရှင်ကိုဆက်တိုက်ပြပါတယ်။
အဲဒီတော့ ရုပ်ရှင်မှာဈေးရောင်းတဲ့မုန့်သည်လေးတွေမှာ ဈေးမရောင်းရတော့ဘူးပေါ့။
အခုများရုပ်ရှင်ရုံကိုသွားရင်မုန့်ဆိုင်လေးကတစ်ဆိုင်နှစ်ဆိုင်ခြောက်တီးခြောက်ကပ်။ “ဟပ်ပဒိုင်း”ကလဲမပေးတော့ မုန့်စားချင်လို့လဲမစားရ အပေ့ါအပါးသွားချင်လို့လဲမသွားရ ဆိုတော့ စိတ်ပျက်စရာကောင်းလှပါတယ်။

မန်းလေးမှာကျနော်တို့ငယ်ငယ်က ရုပ်ရှင်ရုံတွေတော်တော်လေးများတယ်လို့ဆိုနိုင်ပါတယ်။
မြို့လယ်ရုံတွေက တော့ ဇာတ်ကားသစ်ဆိုရင် အရင်တင်ပြီး အနည်းဆုံးတစ်ပါတ်ပြပါတယ်။
အဲဒီရုံတွေပြပြီးမှ မြို့ပတ်ရုံတွေကို ဒီကားတွေကိုပြပါတယ်။
အရင်ခေတ်ကတော့ သောကြာနေ့တိုင်းရုပ်ရှင်ကားအသစ်လဲပါတယ်။
တစ်ချို့သောအရူးထသူများကတော့ ပထမဆုံးပြတဲ့နေ့ ပထမဆုံးပြတဲ့ပွဲ ဘိုလိုပြောရရင်တော့ (ဖတ်စ်ဒေး ဖတ်စ်ရှိုး)ကြည့်ရတာကို ဂုဏ်ဒြပ်တစ်ခုအနေနဲ့သတ်မှတ်လို့
ကြွား ကြည့် ကြည့်တတ်ကြပါတယ်။
မြို့လယ်ရုံများကတော့ အင်္ဂလိပ်ကားနဲ့မြန်မာကား ပြတဲ့(ဝင်းလိုက်ရုံ)။အင်္ဂလိပ်ကားနဲ့ကုလားကားဘဲပြတဲ့ (မစိုးရိမ်ရုံ)
ကုလားကားနဲ့ မြန်မာကားဘဲပြတဲ့(မြို့မရုံ)။
မြန်မာကားသက်သက်ဘဲပြတဲ့ရုံကတော့ (ရွှေနဂါးရုံ။မြို့ဂုဏ်ရောင်ရုံနဲ့ တော်ဝင်ရုံ)တွေဖြစ်ပါတယ်။
မြို့စွန်မှာရှိတဲ့ရုံများကတော့ (ရတနာပုံရုံ၊မျိုးမြင့်ရုံ)ဒီနှစ်ရုံကတော့ မြန်မာကားဘဲပြပြီး (နေပြည်တော်ရုံ)ကတော့ ကုလားကားနဲ့မြန်မာကားတွေကိုပြပါတယ်။
လမ်း80တရုပ်တန်း (26-27)လမ်းကြားမှာ မစိုးရိမ်နဲ့ရွှေတိုက်ရုံရှိပါတယ်။
မစိုးရိမ်ကတော့ လမ်း80ရဲ့အရှေ့ဘက်မှာရှိပြီး ရွှေတိုက်ရုံကတော့ လမ်းအနောက်ဘက်ခြမ်းကဝင်းထဲမှာရှိပါတယ်။
လမ်း80အတိုင်းတောင်ဘက်ကိုဆက်လျှောက်သွားလို့ 27လမ်းကျော်လို့ 28လမ်းနားရောက်ရင် မြန်မာကားတွေကိုဘဲပြတဲ့ (ရွှေနဂါးရုပ်ရှင်ရုံ)ကိုရောက်ပါတယ်။
28လမ်းကနေ အနောက်ဘက်ဆင်းလိုက်ရင် 81လမ်းဒေါင့်ရောက်တာနဲ့28လမ်းမြောက်ဘက်ခြမ်းမှာ ကုလားကားအပြများပြီးတစ်ခါတစ်လေမှ မြန်မာကားပြတဲ့ (မြို့မရုပ်ရှင်ရုံ)ကိုရောက်ပါတယ်။
အဲဒီကနေ81လမ်းအတိုင်းတောင်ဘက်ကိုဆက်လျှောက်လိုက်ရင် 31လမ်းရောက်တာနဲ့အနောက်ဘက်ကိုဆင်းလိုက်ရင် 31လမ်းမြောက်ဘက်ခြမ်း(31လမ်းနဲ့ 83လမ်းဒေါင့်)မှာမြန်မာကားတွေကိုသာပြတဲ့ (မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံ)ကိုရောက်သွားမှာပါ။
အဲဒီ31လမ်းအတိုင်းအနောက်ဘက်ကိုဆက်ဆင်းပြီး 84လမ်းရောက်တာနဲ့တောင်ဘက်ကိုဆက်လျှောက်သွားမယ်ဆိုရင် 32လမ်းကျော်လိုက်တာနဲ့ လမ်းအရှေ့ဘက်မှာ အင်္ဂလိပ်ကားနဲ့မြန်မာကားတွေပြတဲ့ (ဝင်းလို်က်ရုပ်ရှင်ရုံ)ကိုတွေ့ရမှာပါ။ ဒီ84လမ်းအတိုင်းတောင်ဘက်ကိုဆက်လျှောက်မယ်ဆိုရင် 34လမ်းကျော်တာနဲ့ မြန်မာကားတွေကိုဘဲပြတဲ့(တော်ဝင်ရုပ်ရှင်ရုံ)ကိုလမ်းအရှေ့ဘက်ခြမ်းမှာတွေ့ရမှာပါ။
အဲဒီကနေ84လမ်းအတိုင်းဆက်လျှောက်လို့ 35လမ်းရောက်ပြီဆိုရင် အနောက်ထဲကိုဆင်းသွားလိုက်လို့ ဒေးဝန်းလမ်းမကြီးကိုရောက်တယ်ဆိုရင် (ရတနပုံရုပ်ရှင်ရုံ အရပ်အခေါ် ဒေးဝန်းရုပ်ရှင်ရုံ)ကိုတွေ့ရမှာဖြစ်ပါတယ်။
နေပြည်တော်ရုံလို့နာမယ်ပေးထားပေမယ့်အရပ်အခေါ်ဆိုင်းတန်းရုပ်ရှင်ရုံကတော့ 26ဘီလမ်းမရဲ့အနောက်ဘက်ခြမ်း(87-88)လမ်းကြားမှာရှိပြီးတစ်ခါတရံကုလားကားပြတတ်ပြီးမြန်မာကားတွေအပြများပါတယ်။
83လမ်းရဲ့အရှေ့ဘက်ခြမ်း လမ်း20နဲ့ 21လမ်းကြားမှာရှိတဲ့ (မျုးိမြင့်ရုပ်ရှင်ရုံ)ကတော့မြောက်ပြင်နဲ့ရွှေတစ်ချောင်းမြောင်းရဲ့အနောက်ဘက်ကလူတွေအကြည့်များတဲ့ ရုပ်ရှင်ရုံဖြစ်ပါတယ်။
မန်းလေးမှာထူးခြားတဲ့ရုပ်ရှင်ရုံတစ်ခုရှိပါတယ်။ကျနော်တို့ကတော့ နန်းတွင်းရုံလို့ခေါ်ပါတယ်။
သူကတော့မန်းလေးနန်းတွင်းမှာရှိပြီး အများအားဖြင့်တပ်အတွင်းက မိသားစုတွေအတွက်ရည်ရွယ်ပြီးဖွင့်ထားတဲ့ရုံဖြစ်ပေမယ့် အပြင်လူတွေလဲ ဝင်ကြည့်လို့ရပါတယ်။
ထူးခြားတယ်လို့ပြောရတာကတော့ ဒီရုံက စနေ တနင်္ဂနွေနေ့မှာသာ နေ့လည်12နာရီပွဲကိုပြပြီးကျန်တဲ့ရက်တွေမှာတော့ (3)နာရီပွဲ၊(6)နာရီပွဲနဲ့ ည(9)နာရီပွဲတွေကိုပြပါတယ်။
အဲဒီနန်းတွင်းရုံက ရုံဝင်ခက အရမ်းဈေးသက်သာပါတယ်။
မှတ်မိသလောက်ပြောရရင်နောက်ဆုံးတန်းက ဒီစီမှ 75ပြားပါ။စတောကတော့ငါးမူး(ပြားငါးဆယ်ကိုပြောတာပါ)ဘဲပေးရပါတယ်။
အဲဒီတုံးက မြို့လယ်ရုံတွေက ဒီစီဆိုရင် တစ်ကျပ်ခွဲ၊ စတောကတစ်ကျပ်၊ရိုးရိုးတန်းကငါးမူး(ပြားငါးဆယ်) ဟိုရှေ့ဆုံးတန်းက တစ်မတ်(25ပြား)ပါ။
ဒီရုပ်ရှင်နဲ့ ဇာတ်တို့ စတိတ်ရှိုးတို့ နဲ့ က ရုံဝင်ခပေးရပုံပြောင်းပြန်ပါ။
ဇာတ်တို့ စတိတ်ရှိုးတို့က ရှေ့ဆုံးကကြည့်လေလေ ရုံဝင်ခပိုပေးရလေလေ ဂုဏ်ရှိလေလေဖြစ်ပြီး
ရုပ်ရှင်ကတော့ နောက်ရောက်လေလေ ဈေးကြီးလေလေ ပိုဂုဏ်ရှိလေလေပါဘဲ။
ကျနော်တို့ငယ်ငယ်ကတော့ လူကြီးတွေနဲ့ကြည့်ရင် ကလေးခတစ်ဝက်ဘဲပေးရပါတယ်။
နောက် ကိုယ့်ဘာသာကိုသွားကြည့်တဲ့အခါမှာတော့ အိမ်က ငါးမူးပေးလိုက်ရင် တစ်မတ်တန်းကဘဲကြည့်ပြီး ပိုတာကိုမုန့်ဝယ်စားပါတယ်၊။
(လူသိပ်မရှိတဲ့ကားဆိုရင်တော့ ခပ်တည်တည်နဲ့တန်းကျော်ပြီး ငါးမူးတန်းကိုဝင်ထိုင်ကြည့်တတ်ပါတယ်။)
နောက်နည်းနည်းကြီးလာမှ ငါးမူးတန်းကကြည့်ပါတယ်။
ဟောအတွဲလေးများရှိလာကစတော့ ဒီစီမှ ဒီစီ တစ်ပြားသားမှမလျှော့ပါဘူး။
နောက်ကြာတော့မှ စတော ကဘဲကြည့်ကြတာများပါတယ်။
သူငယ်ချင်းတွေနဲ့သွားလို့ကတော့ ရေလျှံနေရင်စတော မဟန်ရင်တော့ ငါးမူးတန်းဘဲကြည့်ပြီး အသိတွေ့ရင်စတောကဘဲလက်မှတ်ဝယ်မရလို့ ရိုးရိုးတန်းဘဲကြည့်ရသလို ပဲတွေများပြတတ်ပါတယ်။

ရုပ်ရှင်ရုံအတန်းခွဲပုံပြောရမယ်ဆိုရင် အရှေ့ဘက်ဆုံးမှာ ပိတ်ကားအဖြူကြီးရှိပါတယ်။ပိတ်ကားထောင်ထားတဲ့ အုဌ်ခုံကသုံး လေးပေလောက်တော့ မြင့်မယ်ထင်ပါတယ်။
အဲဒီပိတ်ကားရှေ့မှာလူသွားလမ်းလေးရှိပြီးရင် ခုံတွေစခင်းထားတဲ့ရှေ့ဆုံးက အတန်းကို “တစ်မတ်တန်း”လို့ခေါ်ပါတယ်။
ခုံတွေ့ ကရွှေ့မရတဲ့ အတွဲလိုက်ခုံတန်းကြီးပါ။
ရှေ့ဆုံးတန်းက မော့ကြည့်ရတဲ့အတန်းဖြစ်ပြီး လက်သီးများထိုးလို်က်ရင် လှံတွေ များ ပစ်လိုက်ရင် ကိုယ့်ဆီကိုတည့်တည့်ရောက်လာသလိုခံစားရပါတယ်။
(အခုခေတ် က 3D ပုံစံလို့ပြောရင်တောင်ရနိုင်ပါတယ်)
ရှေ့တန်းက အလယ်ခေါင်ကကြည့်ရင်သာ ကောင်းကောင်းမြင်ရပေမယ့် ဘေးအစွန်ကျတဲ့ခုံတွေကကြည့်မယ်ဆိုရင်တော့ ရှည်မျောမျောကြီးပါ။
သူ့နောက်ကတော့ ရိုးရိုးတန်းပါ။အလျားလိုက်ခုံအတွဲတွေက 1 2 3 4 ဂဏန်းတွေထိုးထားပြီး အလယ်မှာ လူသွားလမ်းရှိပါတယ်။
ဒေါင်လိုက်ကတော့ A B C D ထိုးထားပြီး L အထိရှိမယ်ထင်ပါတယ်။
ခုံအရေအတွက် အများဆုံးနဲ့ လူကြည့်အများဆုံးအတန်းဖြစ်ပါတယ်။
သူ့နောက်မှာတော့ စတော ဆိုတဲ့အတန်းရှိပါမယ် ပထမအထူးတန်းပေါ့။
သူမှာရှိတဲ့ခုံကတော့ ရိုးရိုးလောက်အရေအတွက်မများပါဘူး။
သူမှာခင်းထားတဲ့ထိုင်ခုံက နည်းနည်းလေးပိုကျယ်ပါတယ်။
သူရဲ့နောက်ဆုံးတန်းကတော့ ရုပ်ရှင်ရုံနံရံကို ကျောကပ်လို့ထားပါတယ်။
သူ့ရဲ့အထက်အပေါ်ထပ်မှာတော့ စက်ခန်းနဲ့တတန်းထဲမှာ DC ဆိုတဲ့သီးသန့်အတန်းရှိပါတယ်။
ဒီအတန်းကလဲ ခုံအရေအတွက်မများဘူး အမြင့်ကနေကြည့်ရတာပါ။
အဲဒီ ဒီစီတန်းရဲ့အနောက်ဘက်မှာ တော့ အုဌ်နံရံရှိပြီး အဲဒီနံရံမှာဖောက်ထားတဲ့အပေါက်က ရုပ်ရှင်ပြစက်ရဲ့မှန်ဘီလူးနဲ့ချိန်ထားပြီး ပိတ်ကားကိုထိုးလို့ ရုပ်ရှင်ပြပါတယ်။
ရုပ်ရှင်ပြချိန်မှာတော့ တစ်ရုံလုံးကိုအမှောင်ချလို့ပြတာပါ။
အဲဒီအချိန်မှာတော့ “မင်းလက်ကလေးကိုင်ချင်လို့…………ခဏလောက်တော့ခွင့်ပြုပါ “ဆိုတဲ့ဇာတ်လမ်းကိုစလို့ရပါတယ်။
တစ်ချို့ကြတော့လဲ အကြင်နာတွေပေးကြပါတယ်။
ခုခေတ်မှာကောင်းတာ တစ်ခုကတော့ “ ဟပ်ပဒိုင်း“မပေးတော့တာပါ။
အရင်ကတော့ အကြင်နာတွေပေးနေတုံး “ ဟပ်ပဒိုင်း“ပေးချိန်ရောက်ရော တစ်ရုံလုံး မီးတွေလင်းလာလို့လူမိတဲ့အခါ ရှက်ကိုးရှက်ကန်းတွေဖြစ်ရတာမျုးိလဲရှိပါတယ်။

ထို်င်ခုံစီတာကတော့ ခုခေတ်နဲ့အရင်ခေတ်သိပ်မကွာပါဘူး။အရင်ကတော့ ရုပ်ရှင်ရုံမှပန်ကာတွေကိုခေါင်မိုးမှာဘေးနံရံတွေမှာတတ်ထားပြီး အခုခေတ်လိုအဆင့်မြင့်ရုပ်ရှင်ရုံလို့ပြောင်းလိုက်တဲ့ခေတ်မှာတော့ ပန်ကာအစား အဲကွန်းတွေဖြစ်သွားသလိုကြည့်ရတာဇိမ်ရှိပါတယ်။
ရုံဝင်ကြေးကလဲ ကွာသွားတာကိုးဗျ။
1975 ပါတ်ဝန်းကျင်က ရှေ့တန်း ကတစ်မတ်၊ရိုးရိုးတန်းက ငါးမူး၊ ပထမတန်းက တစ်ကျပ၊် အထူးတန်းနှစ်ကျပ် ကနေပြီးတော့
အဲဒီကနေအဆင့်မြင့်ရုံတွေဖြစ်သွားတဲ့အခါ 500ကျပ် ၊600ကျပ် ၊ 800ကျပ် ဖြစ်သွားပါတယ်။
အခု 2010 ခုနှစ်မှာတော့ 1200 ။ 1600။ ချစ်သူများအတွက် နှစ်ယောက်တွဲခုံက 5500 ပါတဲ့။
ဒါပေမယ့် အခုခေတ်ရော အရင်ခေတ်ကရော ရုပ်ရှင်ရုံဆိုတာလူအပြည့်ပါဘဲ။
ဒါပေမယ့်ကွာခြားသွားတာကတော့ ရုပ်ရှင်ရုံအရေအတွက်ပါ။
အရင်က မန်းလေးမှာရှိတဲ့ မြို့လယ်ရုံ(7)ရုံရှိတဲ့ အထဲက
ရွှေတိုက်ရုံကတော့ကျနော်တို့ငယ်ငယ်ကတည်းက ပြိုကျပျက်စီးသွားခဲ့ပါတယ်။
အခုအချိန်မှာတော့ ရွှေနဂါးရုံက ဂိုဒေါင်ဖြစ်သွားပြီးတာ်ဝင်ရုံကလည်းရုပ်ရှင်မပြတော့ပါဘူး။
မြို့စွန်ရုံ(3)ရုံကလည်း ဆိုင်းတန်းရုံသာအခုအချိန်အထိရှိနေပြီး မျိုးမြင့်ရုံနဲ့ ဒေးဝန်းရုံတွေကတော့ မပြတော့ပါဘူး။
အရင်ကတော့ ကလေးလူကြီး တစ်ပါတ်တစ်ခါ ဘာကားအသစ်လဲမလဲ ဆိုတာကိုဘဲ သတင်းစာထဲမှာရှာ လက်ကမ်းကြော်ငြာဝေတာကိုကြည့်
ရုပ်ရှင်သွားကြည့်တဲ့အခါ နောက်ပြမယ့်ကားဆိုတာကို ထွေလာထိုး(အမြည်းပြပေးတာကိုပြောတာပါ)တာကိုကြည့်ပြီးမျှော်ခဲ့ကြရတာပါ။
ရုပ်ရှင်ရုံနံရံမှာ မှန်ဘောင်ကြီးတွေနဲ့ချိတ်ထားတဲ့ လောလောဆယ်ပြနေတဲ့ကားကဇာတ်ဝင်ခန်းကပုံတွေရယ်၊
နောက်ပြမယ့်ကားက ဇာတ်ဝင်ခန်းကပုံတွေကို လိုက်ပြီးကြည့်ရတာကိုက အရသာတစ်မျုးိပါ။
ရုပ်ရှင်အသစ်လဲတာကိုကြည့်ပြီးတဲ့သူက မကြည့်ရသေးတဲ့သူကို မကြည့်ဖြစ်တဲ့သူတွေကို ဇာတ်ကြောင်းပြန်ပြောရတာလေးကိုကလဲ
အရသာရှိမှရှိပါဗျာ။
အခုခေတ်မှတော့ အိမ်ထဲမှာလာပြနေတဲ့ (ရုပ်သံလိုင်းတွေ) (ကို်ယ်ကြိုက်တာကိုယ်ကြည့်နိုင်တဲ့ ရုပ်ရှင်ပြစက်တွေ)ရှိနေတော့
ရုပ်ရှင်ရုံကိုသွားမကြည့်ရင်လည်း ဖြစ်တယ်ဆိုတဲ့အနေအထားကိုရောက်သွားပါတယ်။
တစ်နည်းပြောရရင် ရုပ်ရှင်ရုံဆိုတာ မရှိလဲရတယ်ပေါ့ဗျာ။
ဒီတော့ အခုခေတ်မှာရုပ်ရှင်ရုံလူစည်တယ်ဆိုတာ အရင်ခေတ်နဲ့စာရင်အများကြီးကွာသွားပါတယ်။
ရုပ်ရှင်ရုံတွေပျောက်ကွယ်သွားတဲ့အထဲကို ပါသွားတဲ့လူတန်းစားနှစ်ရပ်ကတော့ ရုပ်ရှင်ရုံကမုန့်ဈေးသယ်လေးတွေနဲ့လက်မှတ်မှောင်ခိုရောင်းတဲ့လူတွေပေါ့ဗျာ။
ပြောရင်းတောင် လွမ်းမိပါသဗျာ။

အရင်တုံး (26-27)လမ်းကြား၊(80-81)လမ်းကြားမှာ”ရွှေတိုက်ဝင်း”ဆိုတာရှိပါတယ်။
အဲဒီဝင်းရဲ့မြောက်ဘက်ခြမ်းမှာတော့ ရုပ်ရှင်ရုံတစ်ရုံရှိပြီး ကျနော်တို့ကတော့ “ရွှေတိုက်ရုံ “လို့ဘဲအလွယ်တကူခေါ်လိုက်ပါတယ်။
ရုပ်ရှင်ရုံနဲ့မျက်နှာချင်းဆိုင် တောင်ဘက်ခြမ်းမှာတော့ တစ်ခါတစ်ရံဆပ်ကပ်တွေပြ တစ်ခါတစ်ရံကျတော့လဲဇာတ်တွေကလို့ရတဲ့ မြေကွက်လပ်အကျယ်ကြီးဖြစ်ပါတယ်။
ကျနော်ခပ်ငယ်ငယ်က အဲဒီရုံကို ခဏခဏသွားလို့ကြည့်ဘူးပါတယ်။
ကျနော်တို့ငယ်ငယ်တုံးက ရုပ်ရှင်ရုံတွေ ရုပ်ရှင်မပြခင်မှာဆိုရင် သီချင်းတွေဖွင့်ထားကြပါတယ်။
အဲဒီခေတ်က ခေတ်စားတဲ့သီချင်းပေါ့။
အမြဲကြားနေကြသီချင်းကတော့ ဝင်းဦးရဲ့ “အိုမေဘရဏီလို ရွှေပန်းချီတောင်လက်မိူင်ချရသကိုး မမမိုး” တို့ ညွန့်ဝင်းရဲ့” သိင်္ဂီ သိင်္ဂီ အဆင်းဆို ဝင်းလှပသည်………အို့ချစ်ရေးမြူဆော့မောင်ချော့မည်”တွေပေါ့။
ဒီရုပ်ရှင်ရုံက အနောက်ဘက်ခြမ်းက စက်ခန်း အရှေ့ဘက်က ပိတ်ကားထောင်ထားပါတယ်။
တစ်ခါတစ်လေမျက်လှည့်အဖွဲ့တွေနဲ့ပါလာတဲ့ အသံတုပညာရှင်များက ရုပ်ရှင်မပြခင်မှာ လာရောက်လို့အသံတုအမျိုးမျိုးနဲ့ဖျော်ဖြေတာကိုလည်းကြည့်ရဘူးပါတယ်။
အများအားဖြင့် အသံတုသူများက ဦးသိန်းမောင်၊ ဝင်းဦး ၊ဦးကျောက်လုံး ၊ကောလိပ်ဂျင်နေဝင်း ဒေါ်မြလေး မြတ်လေး တို့အသံတွေကိုလုပ်ပြကြတာများပါတယ်။
သူတို့ အသံတွေက ထူးခြားတဲ့ အသံလေးတွေကြောင့် အသံတုလုပ်လို့ရတာပါ။
နားထောင်ရတာ အင်မတန်ပျော်စရာ ကောင်းပါတယ်။
ဒီရွှေတို်က်ရုပ်ရှင်ရုံက တစ်ရက် ရုပ်ရှင်မပြခင်လေးအချိန်မှာ အနောက်ဘက်ခြမ်းခေါင်မိုးကနေပြိုကျသွားပါတယ်။
ရုပ်ရှင်မပြသေးတဲ့အတွက်လူအသေအပျောက်အထိအခိုက်မရှိပါဘူး။
အဲဒီကစလို့ဒီရုပ်ရှင်ရုံကိုမပြဘဲပိတ်ထားတာအကြာကြီး ဖျက်လဲမဖျက်ဘဲဒီအတိုင်းထားတာပါ။
အခုတော့ လူနေအိမ်တွေဖြစ်သွားလို့ ဒီနေရာမှာအရင်က ရုပ်ရှင်ရုံရှိခဲ့တယ်ဆိုတာကလေးတွေမသိလောက်တော့ပါဘူး။

သူနဲ့မျက်နှာခြင်းဆိုင် လမ်း80တရုပ်တန်းရဲ့အရှေ့ခြမ်းမှာတော့ ” မစိုးရိမ်ရုပ်ရှင်ရုံ”ရှိပါတယ်။
ဒီရုံကတော့ အင်္ဂလိပ်ကားနဲ့ ကုလားကားကိုသာအပြများပါတယ်။
ဒီရုံကတော့ တောင်မြောက် အလျားလိုက်ဖြစ်ပြီး မြောက်ဘက်ခြမ်းက စက်ခန်းဖြစ်ပြီး တောင်ဘက်ခြမ်းကပိတ်ကားဖြစ်ပါတယ်။
မှတ်မှတ်ရရ အကြာဆုံးပြသွားတဲ့ကားကတော့ “လက်တစ်ဘက်ပြတ်ဒါးသမား “ကားပါဘဲ။
ကျနော်တို့ငယ်ငယ်က ကြည့်ရတဲ့ကားတွေက အင်္ဂလိပ်ကားဆိုရင်အရင်ကတော့ ကောင်းဘွိုင်ကားတွေ နောက်တော့ နာမယ်ကြီးတာက 007 ဂျိမ်းစဘွန်းကားပါဘဲ။
ဂျပန်ကားဆိုရင် လဲ ဂျုဒို တို့ ကရာတေးတို့ အသားပေးတဲ့ ” အိ်-ယားစ်-အု”ဆိုတဲ့ကားတွေရယ် မျက်စေ့နှစ်ကွင်းအလင်းမရတာတောင် အားကောင်းမောင်းသန် ယောက်ျားတွေကို အသေသတ်နိုင်လောက်အောင် ဓါးစွမ်းထက်လှတဲ့မိန်းမ”အို်အိချိ “တို့ကိုသာအဟုတ်မှတ်ပြီးကြည့်နေရာကနေ 1972-1972ခုနှစ်လောက်ဖြစ်မယ်ထင်ပါတယ်
“လက်တစ်ဖက်ပြတ်ဒါးသမား”ဆိုတဲ့ရုပ်ရှင်ကားလေးကမြန်မာပြည်ကို တစ်ရုပ်သိုင်းကားတွေ လက်ခံလာအောင် တရုတ်သိုင်းပိုးကိုစသွင်းပေးလိုက်တဲ့ကားလဲဖြစ်ပါတယ်။
မင်းသားကတော့ ဒေးဗစ်ချမ်းဖြစ်ပါတယ်။
အဲဒီကားထဲမှာပါတဲ့ အံဝှက်တွေထဲမှာဖွက်လို့ လိုအပ်မှထုတ်သုံးတဲ့ လေးဆစ်တုတ်သိုင်းရယ် လက်တစ်ဖက်ထဲနဲ့မင်းသားက အစွမ်းထက်လှတာကိုအံ့မခန်းကြည့်ရင်းက မြန်မာပြည်ထဲကို တရုပ်သိုင်းကားတွေစတင်လို့ ဝင်ရောက်လာပါတယ်။
ဒီကားပြီးနောက်မှာဝင်လာတာက Duel of fist ဆိုတဲ့ တီလုံးနဲ့ဒေးဗစ်ချမ်းတို့ပါဝင်တဲ့ လက်သီးအထုးိကောင်းတဲ့ကားပါ။
အဲဒီကားထဲမှာ ဒေးဗစ်ချန်းက မော်တော်ကားခေါင်းပေါ်ကို တစ်ပါတ်ဂျွမ်းခုတ်လို့ တက်လိုက်တဲ့အခန်းကတော့ ပြောမဆုံးပေါင်တောသုံးတောင်ပါဘဲ။
ကင်မရာထရိတ်လုပ်တာ တကယ်လုပ်တာဆိုပြီး ငြင်းကြခုန်ကြနဲ့ပေါ့။
တကယ်အမြတ်ထွက်သွားတာကတော့ ဦးထုပ်ရောင်းတဲ့သူတွေပါ။
အဲဒီကားထဲမှာဒေးဗစ်ချမ်း ဆောင်းတဲ့ လျှာထိုးဦးထုပ်လေး(မျက်စိထဲမြင်အောင်ပြောရရင် တစ်ခါတရံဟဲလေးဆောင်းတတ်ပြီး အခုမိုးညအိမ်မက်မြူဇာတ်ကားထဲမှာနေတိုးဆောင်းတဲ့ လျှာထိုးနောက်ဝိုင်းပုံစံမျိုးလေးပေါ့)က လူငယ်တိုင်းခေါင်းပေါ်ရောက်သွားပါတယ်။
အဲဒီကားတွေကို ကြည့်ပြီးမှာ မြန်မာစကားမှာ ကွန်ဖူးသိုင်း ဆိုတဲ့စကားလုံးလေး အသစ်မွေးဖွားလာပါတယ်။
သူ့နောက်မှာမှ ကွယ်လွန်သွားပြီဖြစ်တဲ့ဘရုစ်လီတို့ အခုထိတိုင်အစွမ်းပြနေတဲ့ ဂျက်ကီချန်းနဲ့ ဂျက်လီဆိုတာကိုမြန်မာတွေသိလာတာပါ။
ဒါက ကြုံလို့ပြောပြတာပါ။

မှတ်မှတ်ရရ ဒီကားကိုနေ့လည်ဆယ့်နှာရီပွဲကြည့်ဘို့ မနက် ကိုးနာရီလောက်ကထဲကလက်မှတ်သွားတိုးကြတာတောင်
မှောင်ခိုတွေကိုမကျော်နိုင်တော့ အဲဒီပွဲအတွက်လက်မှတ်မရတော့ မကြည့်ရပါဘူး။
ဒါနဲ့ရှေ့ရောက်ပြီးသားမထူးဘူးဆိုပြီးဆက်တန်းစီတာ (3)နာရီပွဲမှာမှလက်မှတ်ရတော့ကြည့်ရပါတယ်။
အဲဒီနေ့က နေ့လည်စာထမင်းငတ်ပါတယ်။
ဒါပေမယ့် လက်မှတ်မရလို့ မကြည့်ရသေးတဲ့ကောင်တွေကို သွားရေကျအောင် မင်းသားကလက်တစ်ဘက်ထဲနဲ့ဘယ်လိုချတာ စံချပ်ကူဆိုတဲ့ တုတ်က ဘယ်လိုမှန်းမသိထွက်လာတာကိ ကြည့်ရတာကိုက ဘယ်လိုကောင်းတာ လို့ ကောင်းတာတွေကို ကြွားရတာနဲ့တင် ထမင်းငတ်တာတန်ပါတယ်လို့ စိတ်ကထင်ပါတယ်။
ကလေးဘဝက ကြည့်ခဲ့ရတဲ့ရုပ်ရှင်ထဲမှာခက်ခက်ခဲခဲနဲ့ ကြည့်ခဲ့ရလို့ အခုအချိန်ထိ မှတ်မိနေတဲ့ကားကတော့ ဝင်းဦးရဲ့နာမယ်ကျော် “မူံရွှေရည် “
ဇာတ်ကားပါ။အိမ်ကလူကြီးတွေက ကြည့်ပြီးတာ မကြည့်ရသေးလို့အိမ်ကိုဂျီတိုက်တာနဲ့ အိမ်ကလူတစ်ယောက်က ရုပ်ရှင်ရုံကိုလက်မှတ်သွားတန်းစီထား၊
ကျောင်းဆင်းတာနဲ့အိမ်မပြန်ဘဲ ဝင်းလိုက်ရုံကိုအပြေးအလွှားသွား အိမ်ကလက်မှတ်တန်းထားပေးတဲ့သူကိုလွယ်အိပ်တွေပြန်ပေးလို့ရုပ်ရှင်ဝင်ကြည့်ခဲ့တာပါ။
ရုပ်ရှင်ပြီးမှ 25လမ်း လမ်း80ကအိမ်ကိုလမ်းလျှောက်ပြန်တာပါ။
ကျနော်တို့အိမ်ကလဲ ရုပ်ရှင်ဝါသနာအိုးတွေဆိုတော့ ရုပ်ရှင်ကြည့်ဘို့အရေးကို ဒီလောက်ထိကို အလိုလိုက်ပါတယ်။
ကြုံတုန်းအတင်းနှက်လိုက်ရရင်မနက်အိပ်ယာထတာနဲ့ ကျူရှင် ၊ကျူရှင်ကနေကျောင်း၊ညနေကျကျောင်းကနေကျူရှင်၊နောက် ကျူရှင်ကနေစာကျက်ဝိုင်းကို မနက်(6)နာရီကနေညမိုးချုပ်ထိစာမှစာဖြစ်နေရှာတဲ့ခုခေတ်က ကျောင်းသား ကလေးများကို ကိုယ့်ငယ်စဉ်က ကလေးဘဝနဲ့ယှဉ်ကြည့်မိပါတယ်။
မင်းသားကြီးတစ်ယောက်ရဲ့စကားငှားသုံးပြီးပြောရမယ်ဆိုရင်တော့ “ခုခေတ်ကလေးများကို ကိုပေါက် က သနားတယ် ဟယ် ဟယ် ဟယ် “လို့ပါ။

ရုပ်ရှင်ရုံအကြောင်းပြောရရင် တစ်ဆက်ထဲ တစ်ဘဝထဲရှိခဲ့တဲ့ လက်မှတ်မှောင်ခိုအကြောင်းကိုထည့်မပြောရင်မပြည့်စုံပါဘူး။
ကျနော်တို့ခပ်ငယ်ငယ်ကတော့ ရုပ်ရှင်ကြည့်မယ်ဆိုရင် မိသားစုလိုက်ကြီး ရုပ်ရှင်ရုံကို ပွဲမစခင်နာရီဝက် တစ်နာရီလောက်ကြိုပြီးလမ်းလျှောက်သွားကြပါတယ်။
ဟိုရောက်တဲ့အခါကိုယ်ကြည့်မယ့်အတန်းရှေ့က သံတိုင်ထဲကိုဝင်တန်းစီကိုယ်အလှည့်ရောက်ရင် လက်မှတ်ဝယ် ဝင်ကြည့်လိုက်ရုံပါဘဲ။
အဲဒီတုန်းကလက်မှတ်ဝယ်ပြီးလို့ ရုံထဲကို မဝင်ချင်သေးဘူးဆိုရင်လဲရပါတယ်။
အပြင်မှာကိုယ်ကြိုက်သလိုနေ ပြခါနီးမှ ရုံထဲဝင်ပေါ့။
နောက်ဂျိန်းစဘွန်းကားတွေ စပြတဲ့အချိန်မှာ ကြည့်ချင်သူတွေများလာတဲ့အခါ လက်မှတ်မှောင်ခိုဆိုတဲ့စနစ်ဆိုးကြီးကပေါ်လာပါတယ်။
အရင်ကကြိုတင်လက်မှတ်ဆိုတာ ဝယ်ထားလို့ရပါတယ်။
လူအဝင်များတဲ့ ရုပ်ရှင်ပြရင် လူတွေက ကြိုတင်လက်မှတ်ဝယ် ဈေးတင်ပြီးပြန်ရောင်းဆိုတာကတော့ လက်မှတ်မှောင်ခိုအစပါ။
အဲဒါမျိူးကတော့ ရုပ်ရှင်ရုံက ဝန်ထမ်းတွေကလဲ မှောင်ခိုဇာတ်လမ်းမှာ ဒုတိယဇာတ်ကောင်အဖြစ်ဝင်လို့သရုပ်ဆောင်ပါတယ်။
ဒါနဲ့ဘဲ မှောင်ခိုထုတ်လု့ိမရအောင် ကြိုတင်လက်မှတ်ဆိုတဲ့စနစ်ကို ဖျက်သိမ်းလိုက်ပါတယ်။
ဒါပေမယ့်လည်း ဒါပေမယ့်လို့ဆိုရအောင် ဆိုင်ရာပိုင်ရာ လူကြီးများကတော့ ဝယ်လို့ရပါတယ်။
ပြခါနီးမှ လူတစ်ယောက်ကို လက်မှတ်နှစ်စောင်နူန်းဆိုပြီး သတ်မှတ်လို့ရောင်းပါတယ်။
ရုံအနီးအနားမှာ ရှိသူတွေ မှောင်ခိုတွေက နေ့လည် (12)နာရီပွဲကို မနက်ကတည်းက ခဲ တွေချလို့ အုပ်စုလိုက်ကြီးဝင်တန်းစီပါတယ်။
တကယ်ကြည့်ချင်သူတွေက သူတို့နောက်မှာပါ။
လက်မှတ်တန်းစီတဲ့အခါမှာ မှောင်ခိုတိုးရောင်းသူတွေက အရင်ဆုံးနေရာဦးထားပြီး လူတစ်ယောက်တန်းစီပြီးရင် လူပေါင်းများစွာကို ပိုက်ဆံယူပြီးအဝင်ခိုင်းပါတယ်။
နောက်ကြားဖြတ်တိုးတဲ့လူတွေကလည်းရှိလာပြန်ပါတယ်။
ရုံထဲကလက်မှတ်ရောင်းသူကလဲ ထိုင်ခုံ 200ကျော်ရှိတာကို တစ်ဝက်လောက်က မှောင်ခိုနဲ့ပေါင်းပြီးကြိုရောင်းထားပါတယ်။
လက်မှတ်ရောင်းလို့မှာ မကြာသေးဘူး ကုန်ပြီဆိုပြီးဆိုင်းဘုတ်ချိတ်လိုက်ပါတယ်။
အမှန်တစ်ကယ်ကြည့်ချင်သူက နေပူထဲမှာ အချိန်ကုန်ခံပြီးတန်းစီ လဲ လက်မှတ်ကမရ။
မှောင်ခိုတွေလက်ထဲမှာက ရုံပေါက်ဝရောက်တာနဲ့ “ ယူမလား ယူမလား “နဲ့လက်မှတ်ကအပြည့်။
အဲဒီအချိန်မှာ မခံချင်သူလူငယ်တွေကျောင်းသားတွေနဲ့ မှောင်ခိုတွေ လက်မှတ်တိုးရင်းရိုက်ကြနှက်ကြနဲ့ ဇာတ်လမ်းတွေရှုပ်ကုန်ပါတယ်။
သတင်းစာတွေထဲမှာလဲ ဒီမှောင်ခို ပပျောက်ဘို့အကြောင်းကို ဝိုင်းအုံလို့ ရေးကြပေမယ့် ဘာမှသိပ်ပြောင်းလဲမသွားခဲ့ပါဘူး။
အဲဒီအခါမှာ လက်မှတ်ကိုစံနစ်သစ်နဲ့ရောင်းပါတော့တယ်။
ရုပ်ရှင်ရုံတိုင်းရဲ့ဝင်ပေါက်အကျယ်ကြီးတွေကို ပိတ်လိုက်ပါတယ်။
ရုံထဲကို ဝင်စရာလက်မှတ်ပေါက် တစ်ပေါက်ကိုဘဲချန်ထားပါတယ်။
လက်မှတ်ဝယ်ပြီးတာနဲ့ ရုံထဲကိုဝင်ပြီးရင် အရင်လိုလွတ်လွတ်လပ်လပ် လျှောက်သွားလို့မရတော့ဘဲ ပိတ်ကာထားတဲ့နေရာကျဉ်းကျဉ်းလေးထဲမှာဘဲ
ကျဥ်းကျဉ်းကျပ်ကျပ်နဲ့နေရပါတော့တယ်။
(အဲဒီတုံးက မီးလောင်တာပြုတာကလဲ အခုခေတ်လောက်မဆိုးသေးလို့ပါ။
အကြောင်းကိစ္စပေါ်လို့ကတော့ ထွက်ပေါက်သေးသေးလေးတွေနဲ့စုပြုံလို့ ဒုက္ခရောက်နိုင်ပါတယ။်
ဒါပေယ့် မန်းလေးမှာတော့ ဘာမှကြီးကြီးကျယ်ကျယ်မဖြစ်ခဲ့တာကလဲ ကံကောင်းခြင်းတစ်ရပ်ပါဘဲ။)
ပုံစံပြောင်းလိုက်လို့်လဲမှောင်ခိုလက်မှတ်ရောင်းတာက နည်းသွားပေမယ့် လုံးဝပပျောက်မသွားပါဘူး။
လက်မှတ်တွေက ကြည့်မယ့်သူ ကို အကုန်မရောင်းဘဲချန်ထားပြီးမှောင်ခိုလက်ထဲရောက်ကုန်လို့ပါဘဲ။
ဒီမှောင်ခိုလက်မှတ်ရောင်းတာကတော့ မန်းလေးမြို့က ရုံတိုင်းမှာရှိတာမှန်ပေမယ့် ပြဿနာအများဆုံးကတော့ အင်္ဂလိပ်ရုပ်ရှင်အပြများတဲ့
ဝင်းလိုက်နဲ့ မစိုးရိမ်မှာပါ။
ဒါပေမယ့်ကျနော်တို့ငယ်ငယ်ကရုပ်ရှင်ကြည့်ရင် မြိုလယ်ရုံလောက်သာ အကြည့်များပါတယ်။
မြို့စွန်ရုံကတော့ သူငယ်ချင်းတွေရှိတဲ့မြောက်ပြင်က မျိုးမြင့်ရုံမှာသာ တစ်ခါတစ်လေကြည့်ဖြစ်ပါတယ်။
ကျန်တဲ့ ဆိုင်းတန်းတို့ ဒေးဝန်းတို့ကို ကြည့်ခဲပါတယ်။
ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက အဲဒီရုံတွေက လူမိုက်ပေါပါတယ်။
အကြောင်းမသိသူဆိုရင် အဆော်ခံရတတ်ပါတယ်။
မြို့လယ်ရုံထဲမှာဆိုရင်လဲ မစိုးရိမ်ရုံက ဆိုးပါတယ်။
ရန်ခဏခဏဖြစ်ရိုက်ကြနှက်ကြနဲ့ပြဿနာများပါတယ်။
ဒါပေမယ့် မစိုးရိမ်ကတော့ အိမ်နဲ့နီးတာရယ်လူအတော်များများကို မျက်မှန်းတန်းမိနေတာရယ်ကြောင့် ကျနော်တို့ဆိုရင်အဲဒီရုံက “မိုက်ကယ်ကိုကို”တို့ကစောင့်ရှောက်ပါတယ်။
အဲတော့ ကြောက်တတ်တဲ့ကျနော်က မြို့ပြင်ရုံကိုကြည့်ခဲပါတယ်။
နောက်မြို့ပြင်ရုံတွေက မိုးရွာရင်ရုံထဲကို ရေဝင်တတ်ပါတယ်။
တစ်ခါတစ်လေမြေကြွက်တွေက ဖြတ်ပြေးတတ်တော့ ကြောက်တတ်သူများလန့် အော်ရတဲ့အထိကိုဆိုးပါတယ်။
ကြမ်းပိုးကိုက်တာကတော့ ရုပ်ရှင်ရုံတိုင်းပါ။
ဒါကြောင့်ရုပ်ရှင်သွားကြည့်ရင် သတင်းစာလိုစက္ကူမျုးိကိုယူသွားပြီး အောက်က ခံကြည့်ပါတယ်။
ကျနာ်အဖွားကတော့ ရုပ်ရှင်သွားကြည့်လို့ပြန်လာတာနဲ့ အဝတ်အစားလဲပြီး အဲဒီအဝတ်တွေကိုခါပြီးနေလှန်းခိုင်းပါတယ်။
ဒါပေမယ့်လဲ ကြမ်းပိုးကတော့ မလွတ်ပါဘူး။
ကျနော်အထင်မန်းလေးမြို့မှာ ကြမ်းပို့ပြန့်ပွားရေး ကိုအဓိကကူညီပံ့ပိုးပေးသူတွေကတော့ရုပ်ရှင်ရုံတွေလို့သာပြောချင်ပါတယ်။
နောက်ဘယ်ရုပ်ရှင်ရုံမဆို စိတ်ပျက်စရာကောင်းတာကတော့ အိမ်သာကိစ္စပါဘဲ။
လူပေါင်းစုံတက်တဲ့အိမ်သာများသန့်ရှင်းရေးကကောင်းကောင်းမလုပ် ညစ်ပတ်နံစော်နေတာကတော့ ရုံတိုင်းနီးပါးလောက်ပါ။
အခုခေတ်မှာတော့ ပုဂ္ဂလိကရုပ်ရှင်ရုံတွေဖြစ်သွားတဲ့အတွက် သန့်ရှင်းရေးကတော့ ကောင်းမှကောင်းအဆင့်မြင့်သွားပါတယ်။
အခုခေတ်ကတော့ရုပ်ရှင်ကြည့်ရတာ လွယ်ကူပါတယ်။
လက်မှတ်ကလဲ ကြိုတင်လက်မှတ်ဝယ်ရတာလွယ်ပါတယ်။
ကြည့်သူကအရင်လောက်မများတာလဲပါ ပါတယ်။
နောက်မန်းလေးကရုပ်ရှင်ရုံတစ်ရုံမှာ တစ်ခါက ပန်ကာပြုတ်ကျတယ်၊တစ်ခါကတော့ ဗုံးပေါက်ပါတယ်။
အဲဒီကစလို့ ရုပ်ရှင်ကြည့်ရမှာကြောက်သူတွေရှိလာတော့အကြည့်နည်းသွားပြန်ပါတယ်။
အရင်ကဆို ကြည့်နေရင်းဆက်မကြည့်ချင်တော့ရင်ပြန်ထွက်လို့ရပါတယ။်
အခုတော့ ရုပ်ရှင်ရုံထဲက မပြီးမခြင်းပြန်မထွက်ရတော့တာလဲ စိတ်ညစ်စရာပါ လုံခြုံရေးအရပေါ့။
ရုပ်ရှင်အကြောင်းပြောရင်းတစ်ခါကရုပ်ရှင်ကအပြန်ပြဿနာတက်တာလေးကိုသတိရမိပါတယ်။
တစ်ရက် မျိုးမြင့်ရုံမှာပေါ့ မင်းသမီး”စောမြတ်သန္တာ”ပါတဲ့ “ပျံသာပျံပါထက်အာကာသို့”ဆိုတဲ့ကားကို
ညကိုးနာရီပွဲတစ်ယောက်ထဲသွားကြည့်ပါတယ်။
အဲဒီနေ့ညက တန်ဆောင်မုန်းလပြည့်ညပါ။
ရုပ်ရှင်အပြီးဆယ့်နှစ်နာရီထိုးခါနီးလောက်မှာ 22စီလမ်းအတိုင်းလျှောက်လာရင်းကျုံးဘေးရောက်တော့
တိတ်ဆိတ်ငြိမ်သက်နေတဲ့ လသာသာညမှာ လှမ်းမြင်နေရတဲ့ပြဿဒ်မြိုရိုးတွေကြားက ထန်းပင်မြင့်မြင့်ကြီးတွေရယ်
ကျုံးထဲက မိုးကိုမျှော်လို့ပွင့်နေတဲ့ ကြာပန်းတွေ ရယ်
ကြာရွက်တွေပေါ်မှာတင်နေတဲ့ရေစက်ကလေးကိုလရောင်ထိတော့
တလက်လက်ထနေတာကို ကြည့်လို့ အာဠဝီတံတားပေါ်မှာ ထိုင်ပြီး စိတ်ကူးတွေယဉ်နေတုန်း ဗြုန်းဆိုနောက်ကနေပြီးတော့……………………………………………………….

4 comments

  • eros

    October 19, 2010 at 3:09 am

    ဦးပေါက်!!!!!!!!!!!!!!!!!!!!!!!!!!!! ဦးပေါက်!!!!!!!!!!!!!!!!!!!!!!!!!!!!!! ဘာလုပ်တာလဲဗျ။

  • eros

    October 19, 2010 at 3:41 am

    ရန်ကုန်မှာတော့ မှောင်ခိုကျန်ပါသေးတယ်။

  • MandalayThar

    October 19, 2010 at 3:46 am

    ကိုပေါက် အပိုင်းတွေက ကျော်သွားတာလား။ ၆ ကနေ ၁၁ ဖြစ်သွားတာလား။

  • winkyawaung

    October 19, 2010 at 5:03 am

    ဆရာ ကိုပေါက် ယခုခေတ်မန္တလေး ရေတွေကြီးနေတဲ့အကြောင်း (၆၄) နှစ်အတွင်း မကြုံဘူးတဲ့ လှေလှော်နေရတာလေးတွေကို ရေးပါအုံး..။

Leave a Reply