အဖေ့မျက်ရည်

badbabylay09@gmail.comOctober 15, 20101min1318

လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့စည်းပြီးဈေးအဝမှာသွားရောင်းတာနေမွန်းမတည့်ခင် ပန်းအားလုံးရောင်းလို့ကုန်သွားပြီးငွေငါးဆလောက်အမြတ်ရခဲ့တယ်၊ဖခင်များနေ့ရောက်တောဲ့ဒီလူကအဲဒီနည်းအတိုင်း
ပန်းကလေးတွေရောင်းခဲ့ပြန်တယ်။နေစောင်းတဲ့အထိလေးပုံပုံတစ်ပုံတောင်ရောင်းမထွက်လို့ငွေရှုံးပြီးအိမ်ပြန်ခဲ့ရတယ်။ ဒါကိုကြည့်ရင်သားသမီးတွေကဖခင်ကိုဂုဏ်ပြုဖို့ထက်မိခင်ကိုပဲအလေးထားတယ်ဆိုတာထင်ရှားနေပါတယ်။
အဲဒါကိုအဖေများသိရင်ဘယ်လောက်များမျက်ရည်ကျလိုက်မလဲ။

စင်္ကာပူနိုင်ငံမှာ PR (Permanent
Resident)ဖြစ်သွားတဲ့ဇနီးမောင်နှံကသားဦးသမီးဦးလေးတွေမွေးလာတဲ့အခါစင်္ကာပူက လူနေမှုစရိတ်မြင့်မားတဲ့အတွက်ကလေးထိန်းဖို့ရောမီးဖိုချောင်တာဝန်ယူဖို့
ရောကူဖော်လောင်ဖက်လိုအပ်တဲ့အတွက်မြန်မာနိုင်ငံကမိခင်ကြီးတွေကို စင်္ကာပူနိုင်ငံကိုအလည်လာဖို့လေယာဉ်လက်မှတ်ဝယ်ပြီးပို့ပေးကြပါတယ်။ ဖခင်အိုကြီးတွေကိုဘာလို့မခေါ်တာလဲလို့မေးကြည့်တော့အဖေကကလေးလည်းမထိန်းတက်ဘူး၊
ထမင်းဟင်းလည်းကောင်းကောင်း မချက်တက်ဘူးတဲ့။ဪသူတို့လေးတွေနိုင်ငံခြားမှာပညာသင်နိုင်ဖို့
လျှာမြက်ပေါက်လုမတက်ခြိုးခြံပြီးပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့တဲ့ဖခင်ကို သူတို့တွေကောင်းစားတဲ့နိုင်ငံခြားမှာကြီးပွားချိန်ရောက်တော့အလည်တောင်မခေါ်ဘဲ
မြန်မာပြည်မှာချန်ထားရစ်ခဲ့ကြတာအဖေများသိရင်ဘယ်လောက်များ မျက်ရည်ကျလိုက်မလဲ။

ရပ်ဝေးမှာကျောင်းဆရာမအလုပ်လုပ်နေတဲ့အပျိုကြီးသမီးဖြစ်သူကိုစိတ်မချဘဲဖခင်ကရထားဘူတာရုံအထိ
လာကြိုတော့တောသားကြီးတို့ထုံးစံအတိုင်းဖိနပ်မပါ၊ကွမ်းတမြုံ့မြုံ့ဝါးပြီး လူကြားထဲမှာသမီး၊သမီးလို့ဝမ်းသာအားရသမီးရဲ့ထမီထုပ်ကိုထမ်းဖို့အနားကပ်လာတဲ့ဖခင်ဖြစ်သူရဲ့
ပုံဆိုးပန်းဆိုးပုံစံကြောင့်သူငယ်ချင်းကျောင်းဆရာမတွေကြားမှာ ရှက်သွားတဲ့မြို့ကျောင်းက
ဆရာမလေး သမီးဖြစ်သူက အဖေသမီးကို လူကြားထဲမှာ သမီးလို့ခေါ်ပါနဲ့တဲ့။
ဪဒါတွေကို အဖေများသိရင် ဘယ်လောက်များ မျက်ရည်ကျလိုက်မလဲ။

နယ်မြို့လေးကနေညကားနဲ့ပြန်လာတဲ့သမီးကိုဒီဇင်ဘာဆောင်းတွင်းကြီးအိမ်တံခါးပိတ်
မအိပ်ဘဲထိုင်စောင့်နေတဲ့အဖေဟာအအေးဒဏ်ကြောင့် ကိုယ်တခြမ်းလေဖြန်းသွားခဲ့ဖူးတယ်။

ကိုယ်ခန္ဓာပိုင်းဆိုင်ရာမှာအားကြီးပေမဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာမှာအားနည်းတက်တဲ့အဖေတွေဟာ
စားဝတ်နေရေးအရှုပ်တော်ပုံတွေကြောင့် ဆေးလိပ်၊အရက်တွေနဲ့စိတ်ထွက်ပေါက်ရှာရင်းယစ်ထုတ်ကြီး
ဖြစ်သွားခဲ့ကြတယ်။

သားသမီးရဲ့အညုအတုတွေဇနီးမယားရဲ့စကားနုနုတွေမတွေ့မကြားရတဲ့အဖေတွေဟာ
ရေကြည်ရာမြက်နုရာရှာရင်းအပျော်မိန်းမတွေရဲ့မာယာဂယက်တွင်းသက်ဆင်းခဲ့ကြရင်း အိမ်ထောင်ရဲ့ဗီလိန်လူကြမ်းကြီးတွေဖြစ်သွားကြရတယ်။

အဲဒီလိုအိမ်ထောင်ဦးစီးမဖြစ်ခဲ့တဲ့ဗီလိန်လူကြမ်းကြီးအဖေတွေကိုစိတ်နာလွန်းလို့
အရွယ်ရောက်လာတဲ့သားသမီးတွေရဲ့မင်္ဂလာဆောင်ဖိတ်စာတွေထဲမှာ အဖေကိုသေပြီလို့သဘောမှတ်ပြီး အဖေ့နာမည်ကိုကွင်းကလေးထဲခတ်ပြီးဖိတ်စာမှာပုံနှိပ်ဖော်ပြခဲ့ကြတယ်။

ဒီထက်ပိုဆိုးတာကသားတစ်ဦးရဲ့မင်္ဂလာဆောင်ဖိတ်စာမှာတာဝန်မကျေတဲ့အဖေကို
စိတ်အနာကြီးနာခဲ့တာကြောင့်မိဘအုပ်ထိန်းသူနေရာမှာအဖေရဲ့နာမည်ကိုလုံးဝဖျောက် အမေနာမည်တစ်လုံးတည်း ကို ပုံနှိပ်ဖော်ပြထားတာတွေ့ဖူးလိုက်ရဲ့။ ဒါဆိုဒီကလေးအဖေမပါဘဲမွေးခဲ့တာပေါ့။

စာရေးဆရာတစ်ဦးကပြောဖူးတယ်။အဖေ့အကြောင်းရေးထားတဲ့စာအုပ်ကိုသူပုံနှိပ်ထုတ်တာရောင်းမထွက်ဘဲရှုံးခဲ့ဖူးသတဲ့။ ဟုတ်ကဲ့ကျွန်တော်ရေးတဲ့အဖေ့မျက်ရည်ကိုဖတ်သူမရှိရင်လည်းနေပါစေအဖေတွေရဲ့
မျက်ရည်ကိုသားသမီးတိုင်းနားလည်ပေးမယ်ဆိုရင် မျက်ရည်ထွက်ရကျိုးနပ်ပါတယ်လေ။

အဲဒီလိုအဖေတွေကိုအဆိုးမြင်နေရင်လဲအဖေဆိုတာဟာမနှိုင်းကောင်းနှိုင်းကောင်းလောကဓံနဲ့
သားသမီးတွေကြားမှာတရားခံဖြစ်ခဲ့တာ ဓါးစာခံဖြစ်ခဲ့တာခြေဖဝါးနဲ့မြေသားကြားကရော်ဘာဖိနပ်ပါးပါးလေးလိုပါပဲ။
အဲဒါကြောင့်ရော်ဘာဖိနပ်ပါးပါးလေးတွေကိုမြင်ရင်မိတ်ဆွေတို့ရဲ့အဖေကိုသာ သတိရလိုက် ကြပါလို့……………..။

8 comments

  • tunaung

    October 15, 2010 at 12:55 pm

    ကောင်းတယ်ဗျာ ဖခင်အကြောင်းရေးတာအင်မတန်နည်းတယ် သားသမီးတွေကဒီလိုစိတ်ထားမျိုးရှိတာများတယ်…စိတ်မကောင်းစရာပါ…

  • april

    October 15, 2010 at 1:23 pm

    ဒီစာလေးကို ဖတ်ပြီး ရပ်ဝေးမှာ အလုပ်လုပ်နေတဲ့ ဖေဖေကို ပိုသတိရမိတယ်…..

  • thargyi

    October 15, 2010 at 2:17 pm

    badbabylay@ ရေးထားတာအရမ်းကောင်းပါတယ် ။ မိဘဆိုတာနှစ်ပါးရှိတာပဲ .အဖေကိုပဲဖြစ်ဖြစ် အမေကိုပဲဖြစ်ဖြစ် ထပ်တူထပ်မျှရိုသေလေးစားမှုရမှာပေါ့ ။ တစ်နေ့ကြရင်လည်းကျွန်တော်တို့တွေဟာ လည်းမလွှဲမသွေ အဖေတွေဖြစ်လာကြမှာလေ…အဲဒီအချိန်မှာလဲ….???

  • thargyi

    October 15, 2010 at 2:21 pm

    badbabylay@ ရေးထားတာအရမ်းကောင်းပါတယ် ။ မိဘဆိုတာနှစ်ပါးရှိတာပဲ ။ အဖေကိုပဲဖြစ်ဖြစ် အမေကိုပဲဖြစ်ဖြစ် သားသမီးတစ်ယောက်အနေနဲ့ ထပ်တူထပ်မျှရိုသေလေးစားမှုရှိရမှာပေါ့ ။ တစ်နေ့ကြရင်လည်းကျွန်တော်တို့တွေဟာ လည်းမလွှဲမသွေ အဖေတွေဖြစ်လာကြမှာလေ…အဲဒီအချိန်မှာလဲ….???

  • alien on the planet earth

    October 15, 2010 at 3:16 pm

    လောကကြီးမှာကောင်းတဲ့အဖေတွေလဲတပုံကြီးပါ။အမေနောက်ယောက်ကျားယူသွားလို့အဖေတစ်ယောက်ထဲကပဲ စောင့်ရှောက်တာဝန်ယူထားရတာမျိုးလဲရှိကြပါတယ်.

  • alfred

    October 15, 2010 at 6:36 pm

    အားလုံးကိုထောက်ခံပေမယ့် ပျော်ရွှင်မှုမပေးနိုင်လို့ အပျော်ရှာတာကတော့ လက်မခံနိုင်ပါဘူး။ ဒါက ဗီလိန်သဘောထက်ပိုပြီး သစ္စာဖောက်သဘောမျိုးကို ပိုသက်ရောက်တယ်လို့ထင်ပါတယ်။ ဒီလို လုပ်တဲ့အဖေရှိရင် မိသားစုက ဘယ်တော့ ငြိမ်းချမ်းနိုင်မှာမဟုတ်ပါဘူး။

  • search123

    October 16, 2010 at 9:33 am

    တစ်ကယ်ကောင်းတဲ့ အဖေ ရှိသလို၊ တော်တော် ဆိုးတဲ့ အဖေ တွေလည်း တွေ့ဖူးပါတယ်။

  • Patriotic Burma

    April 27, 2012 at 1:07 am

    In my environment,some dads are evil but many are noble.I’ve seen one good daddy,his wife leave him with two children and she ran away with other man.That good daddy is just only a vendor but he ‘s now taking care of those two kids.
    But some bad daddies are also around us.
    However dads are always happy to fulfill their children wishes:-)

Leave a Reply