အန်အယ်လ်ဒီ တရားဝင် ရပ်တည်လျက်ရှိကြောင်း ကြေညာချက် ထုတ်ပြန်……………

cobraOctober 16, 20101min662

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီသည် တရားဝင် နိုင်ငံရေးပါတီတရပ်အဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ကာ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ပါတီဝင်များအား ယမန်နေ့၌ အသိပေးအကြောင်းကြားလိုက်သည်။

အန်အယ်လ်ဒီကို မတရားအသင်း ကြေညာလိုက်သည့်အပေါ် အန်အယ်လ်ဒီက စစ်အစိုးရအား တရားစွဲဆိုခဲ့ရာတွင် ဗဟိုတရားရုံးချုပ်က လက်ခံခဲ့ပြီး မှတ်ပုံတင်ခွင့် ပေးခဲ့ခြင်းကြောင့် ဥပဒေကြောင်းအရ ၎င်းတို့ပါတီ ပျက်ပြယ်သွားခြင်း မရှိသေးကြောင်း အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

“အန်အယ်လ်ဒီဟာ ဥပဒေအရ ပျက်ပြယ်ခြင်း မရှိဘူး၊ ဆက်လက် ရပ်တည်နေတယ်ဆိုတာ ဥပဒေအချက်အလက်များပေါ်မှာ အခြေခံပြီး တရားစွဲတင်ထားတာပါ။ စစ်အစိုးရကို ကျနော်တို့ပါတီ အဲဒီလို တရားစွဲတာကို ဗဟိုတရားရုံးက လက်ခံတယ်။ မှတ်ပုံတင်ခွင့် ပေးခဲ့တယ်။ ဒါဟာ တရားစီရင်ရေးလမ်းကြောင်းအရ ရှေ့ဆက်သွားနေတာ ဖြစ်တယ်။ ဒါကြောင့် တရားစွဲဆိုထားတဲ့ ကာလတလျှောက်မှာ အန်အယ်လ်ဒီပါတီ တရားဝင် ရပ်တည်နေဆဲ ဆိုတဲ့ သဘောကို ပါတီဝင်တွေ သိအောင် အကြောင်းကြားတာ ဖြစ်တယ်” ဟု ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။

အန်အယ်လ်ဒီ ဆက်လက် ရပ်တည်ခွင့်နှင့် ပတ်သက်၍ တရားစွဲဆိုထားသည့်အမှုကို ဗဟိုတရားရုံးချုပ်က ပြီးခဲ့သည့် အောက်တိုဘာ (၆) ရက်နေ့တွင် လက်ခံခဲ့ခြင်းဖြစ်ပြီး ဥပဒေဖြစ်စဉ်အရ ရက်သတ္တ (၂) ပတ်အတွင်း လျှောက်လဲခွင့် ရနိုင်လိမ့်မည်ဟု အန်အယ်လ်ဒီက ယုံကြည်ထားသည်။

အန်အယ်လ်ဒီကို ကိုယ်စားပြု၍ ပါတီ၏ အထွေထွေအတွင်းရေးမှူးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးကာ စစ်အစိုးရအား ပါတီ၏ သီးခြားသက်သာခွင့် ဥပဒေနှင့်ဆိုင်သော ပုဒ်မ (၄၅) နှင့် ပုဒ်မ (၅၄) စွဲချက်တို့ဖြင့် တရားမ အထွေထွေလျှောက်လွှာကို ဗဟိုတရားရုံးချုပ်သို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

အသစ်ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ ၂၀၁ဝ ရွေးကောက်ပွဲအတွက် ပြန်လည်၍ မှတ်ပုံတင်ခြင်း မရှိသည့် နိုင်ငံရေးပါတီများသည် တရားဝင် ရပ်တည်ပိုင်ခွင့် မရှိတော့၍ အလိုအလျောက် ပျက်ပြယ်ကြောင်း ကြေညာချက်အပေါ် တရားစွဲဆိုခြင်းဖြစ်သည်။

အန်အယ်လ်ဒီပါတီအပေါ် စစ်အစိုးရ၏ သဘောထားနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်းက “ရွေးကောက်ပွဲ မဝင်တော့လို့ အာဏာပိုင်တွေဘက်က အနှောင့်အယှက် တစုံတရာ ပေးတာတို့ မေးမြန်းစုံစမ်းတာတို့ မရှိတော့ဘူးလေ။ သူတို့ဘက်က အန်အယ်လ်ဒီအပေါ် အဲဒီလို ဆက်လုပ်နေမယ်ဆိုရင် အန်အယ်လ်ဒီကို အသိအမှတ်ပြုထားသလို ဖြစ်စေတာကြောင့် ဒီ့နောက်ပိုင်းမှာ အဲဒီလိုလုပ်တာ မရှိတော့တာလို့ ကျနော် ထင်တယ်။ ဒါ စဉ်းစားစရာ တချက်ပါ” ဟု ပြောသည်။

အန်အယ်လ်ဒီပါတီ၏ တရားဝင်ရပ်တည်မှု ပယ်ဖျက်ခြင်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ စစ်အစိုးရကို ပြီးခဲ့သည့် ဧပြီလ (၂၉) ရက်၌ အန်အယ်လ်ဒီက ပထမအကြိမ် တရားစွဲဆိုခဲ့ရာ ၎င်းတို့၏ လျှောက်လွှာကို ရန်ကုန်တိုင်း တရားရုံးချုပ်က လက်ခံရန် ငြင်းပယ်ခြင်းခံခဲ့ရသည်။

နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့သည့်အပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံအတွက် လာမည့် တနင်္လာနေ့တွင် ရန်ကုန် တရားရုံးချုပ်၌ ကြားနာရန်ရှိကြောင်းလည်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။ 

forward mail မှကူးယူဖော်ပြသည်။

2 comments

  • The Reds

    October 16, 2010 at 4:21 pm

    ဒါ ဖြစ် သင်. ဘာ တယ် … ဘယ် တော. မ မ ပျောက် ရ ဝူး …

  • cruz

    October 16, 2010 at 5:02 pm

    ကောင်းပါတယ်ခင်ဗျာ….အမေစုပါတီ ဆက်လက်ရပ်တည်နိုင်ပါစေ

Leave a Reply