သီတင်းကျွတ်လပြည့်……..

cobraOctober 16, 20101min660

သီတင်းကျွတ်လတွင် ကြာမျိုးငါးပါးတို့ ပွင့်လန်းလေ့ရှိသည်…….
သီတင်းကျွတ်လပြည့်နေ့၏ ထူးခြားသော ဝိသေသတစ်ရပ်မှာ
ပဝါရဏာပွဲ ဆင်ယင်ကျင်းပခြင်းဖြစ်သည်။ ပဝါရဏာ ဟူသောပါဠိ အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း
တောင်းပန်တိုက်တွန်းခြင်း မည်ပါသည်။

မြတ်စွာဘုရားရှင်သည် သာဝတ္တိပြည် ဇေတဝန်ကျောင်းတွင် သီတင်းသုံးတော်မူစဉ်
ကောသလတိုင်း၊ ဇနပုဒ်တွင် ဝါဆိုတော်မူကြသည့် ရဟန်းများသည် အချင်းချင်းစကားမပြောကြစတမ်းဟု
ကတိကဝတ်ထား၍နေခြင်းကို ပြေပျောက်ရန်၊ အကျင့်သိက္ခာနှင့် စပ်လျဉ်း၍ သံဃာအချင်းချင်း
သံသယဖြစ်နေလျှင် မြုံမထားဘဲ တစ်ပါးနှင့်တစ်ပါးဖောထုတ်၍ ပွင့်ပွင့်လင်းလင်း
ဝန်ခံပြီး အပြစ်ထင်ရှားရှိလျှင် အပြစ်ရှိသူက ဝန်ခံလျက် ပြုပြင်နေပါမည်ဟု ကတိပေးရန်အတွက် ပဝါရဏာ
ပြုခြင်းကို ပညတ်တော်မူခဲ့ခြင်းလည်းဖြစ်သည်။

သံဃာတော်များ အချင်းချင်းအပြန်အလှန် ဖိတ်ကြားတိုက်တွန်းခြင်း ပြုလုပ်သောပွဲကို
ပဝါရဏာပွဲ ဟုခေါ်သည်။ မြတ်စွာဘုရားမိန့်ကြားပညတ်တော်

မူခဲ့သည့်အချိန်မှစ၍
ယခုအထိ ရဟန်းသံဃာတော်တို့သည် သီတင်းကျွတ်လပြည့်နေ့သို့ရောက်တိုင်း
ပဝါရဏာ ပွဲတော်ကိုကျင်းပခဲ့ကြသည်။ ဗုဒ္ဒဘာသာဝင်သူတော်စင်တို့ကလဲ
သိမ်ဆင်းလောင်းခြင်း၊ ဆွမ်းကပ်စာရေးတံမဲနှင့် သံဃာ့ဒါနဆွမ်းကြီးလောင်းလှူပွဲများကို
ပြုလုပ်ကြသည်။

သီတင်းကျွတ်လပြည့်နေ့သည် အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ ယနေ့မှစတင်ရေတွက်ခဲ့သည်
ရှိသောလွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝကျော်ခန့်ကဖြစ်သည်။

မြတ်စွာဘုရားရှင်သည် သာဝတ္တိပြည်တွင် တန်ခိုးပြာဋိဟာပြတော်မူပြီးနောက် မယ်တော်မိနတ်သားအား
အဘိဓမ္မာတရားဟောကြားရန် ခြေလှမ်းနှစ်လှမ်းတည်းဖြင့် တာဝတိသာနတ်ပြည်သို့တတ်ရောက်
သောအခါ မယ်တော်သန္တုဿိတနတ်သားအမှူးပြုသော စကြဝဋ္ဌာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်း
ခညောင်းရောက်ရှိလာကြကုန်၏။ ရှင်တော်ဘုရားသည် အဘိဓမ္မာတရားတော်ကို ခုနှစ်ဝါမြောက် ဝါဆို
လပြည့်မှ ဝါတွင်းသုံးလပတ်လုံး နေ့ညမစဲဟောကြားတော်မူခဲ့သည်။

သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာခုနှစ်ကျမ်း အမြိုက်တရားဟောကြားတော်မူခြင်း ပြီးဆုံးသည်။
သို့ဖြစ်၍ ထိုနေ့အခါသမယကို အဘိဓမ္မာနေ့မြတ်အဖြစ်အစဉ်အလာပူဇော်ကျင်းပခဲ့ကြသည်။

ထိုသုံးလမျှအတွင်း မြတ်စွာဘုရားသည်နေ့စဉ်နေ့တိုင်း အနောဒတ္တအိုင်တွင် ရေသန့်စင်ခြင်းပြုတော်မူသည်။
ထိုစဉ်အဘိဓမ္မာတရားတော်တို့ကို လက်ယာတော်ရံ အရှင်သာရိပုတ္တရာမထေရ်အား ဟောကြားပေးတော်မူသည်။
အရှင်သာရိပုတ္တရာမထေရ်ကလည်း မိမိ၏တပည့်ရဟန်းငါးရာတို့အား တဖန်ပြန်လည်ဟောကြားတော်မူခဲ့သည်။
ဤသို့ဖြင့် တာဝတိသာနတ်ပြည်တွင် မြတ်စွာဘုရားဟောကြားသောဓမ္မဒေသနာများသည် လူ့ပြည်တွင်လည်း
အရှင်သာရိပုတ္တရာမထေရ်နှင့် တပည့်ရဟန်းငါးရာတို့ကို အကြောင်းပြု၍ စည်ပင်ပြန့်ပွားလာခဲ့သည်။

ထိုသို့လူ့ပြည်-နတ်ပြည် နှစ်ဌာနလုံးတွင် ဟောကြားခဲ့သော အဘိဓမ္မာတရားတော်ကြီးသည်
သီတင်းကျွတ်လပြည့်နေ့တွင် ဆုံးခန်းတိုင်အောင်ပြီးဆုံးခဲ့၍ ထိုနေ့တွင်မြတ်စွာဘုရားသည်
နတ်၊ ဗြဟ္မာတို့ခြံရံလျက် နတ်ပြည်မှ နတ်၊ဗြဟ္မာတို့ဖန်ဆင်းပေးသော ရွှေစောင်းတန်း၊ ငွေစောင်းတန်း
ပတ္တမြားစောင်းတန်းတို့ဖြင့် ဆင်းသက်တော်မူခဲ့သည်။ လူတို့သည် ဆီမီး၊ နံ့သာ၊ ပန်း၊ ပေါက်ပေါက်တို့ဖြင့်
မြတ်စွာဘုရားကိုဝမ်းမြောက်ဝမ်းသာ ကြိုဆိုပူဇော်ကန်တော့ကြရာမှ သီတင်းကျွတ်မီးထွန်းပွဲတော်လည်း
ဖြစ်ပေါ်လာရခြင်းဖြစ်ပါတော့သည်။

  • အောင်မြင့်မြတ်(ပြည်ရွှေဘို)