အလုပ်ရှာနေသူများ ဆောင်ထားသင့်သည့် နည်းလမ်းများ

manawphyulayOctober 17, 20101min1113

အလုပ်တစ်နေရာရရှိဖို့ ခက်ခဲတဲ့အချိန်မှာ အလုပ်လိုချင်သူဘက်က သတ်မှတ်အရည်အချင်း တွေ ပြည့်မီဖို့ လိုအပ်သလို အလုပ်ကိုလိုအပ်မှုရှိမရှိ မျက်စိဖွင့်နားစွင့်ပြီး ကုမ္ပဏီတွေ၊ အင်န်ဂျီအိုတွေမှာ ကိုယ်ရေးအချက်အလက်မျိုး တွေပေးထားပြီး သေချာရှာသင့်တယ်လို့ MHR မှဆရာဦးအေးကျော်က အကြံပေးပါတယ်။

ဆရာဦးအေးကျော်က ‘ အလုပ်ရှာတဲ့အခါ အရင်ထက်ဝီရိယစိုက်ထုတ်ဖို့လိုတယ်၊ အလုပ်ခေါ်တဲ့ ကြော်ငြာတွေ တွေ့မှ အလုပ်လျှောက်တာထက် မိမိကစပြီး ဘယ်နေရာတွေမှာအလုပ်ခေါ်ဖို့ ရှိတယ်ဆိုတာ လိုက်စုံစမ်းပြီး လျှောက်တာ၊ အဲဒါကို pro-active လို့ခေါ်တယ်၊ ပုံမှန်အခြေအနေတွေမှာ re-active လို့ခေါ်တဲ့အလုပ်ခေါ်မှ သွားလျှောက်ရုံနဲ့ အဆင်ပြေနိုင်ပေမယ့် ဒီလိုအခြေအနေမှာတော့ pro-active ပါတွဲပြီးအလုပ်လျှောက်မှ အဆင်ပြေနိုင်မှာ’ လို့သူ့အမြင်ကို ပြောပါတယ်။‘ မိတ်ဆွေအပေါင်းအသင်းတွေထံကနေ တစ်ဆင့် အလုပ်လုပ်ချင်လို့ လူလိုတာရှိရင် ပြောပါဦးဆိုပြီး ရှာဖွေတာ၊ ကိုယ်အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီတွေဆီသွားပြီး လူလိုလား၊ စီဗွီ(CV) ပေးထားလို့ ရလားမေးပြီး စီဗွီပေးတာမျိုးတွေ လုပ်သင့်တယ်’ လို့ဆရာဦးအေးကျော်က ပြောပါတယ်။ ကိုယ့်ဟာကိုယ်စီဗွီပေးထားပြီး အလုပ်ရှာတဲ့အတွက် အင်န်ဂျီအိုတွေ အိုင်အင်န်ဂျီအိုမှာ လိုအပ်တဲ့အချိန်ဆိုအထောက်အကူ ဖြစ်မယ်လို့ သိရတယ်။

အရည်အချင်းလည်း ဖြည့်ထားပါ

အလုပ်ရှားပါးတဲ့အချိန်မှာ ကိုယ့်အရည်အချင်းကိုလည်း ပိုပြီးပြည့်စုံအောင် ဖြည့်တင်းထားဖို့ လိုအပ်တယ်လို့ သိရတယ်။ ရွှေစံမြတ် အထွေထွေ ဝန်ဆောင်မှုလုပ်ငန်းမှ တရားရုံးချုပ်ရှေ့နေ ဦးမျိုးချစ်က ‘ အခုလို အချိန်မျိုးမှာကျတော့ အရည်အချင်းရှိရင်တောင် ကိုယ့်အတွက် ယှဉ်ပြိုင်မှုတွေက အရမ်းများတယ်၊ အဲဒါကြောင့် ကိုယ့်အရည်အချင်းကို ပိုပြီး ဖြည့်ထားသင ့်တယ်၊ ဥပမာ-ကိုယ်ကလျှပ်စစ်အင်ဂျင်နီယာဆိုရင်လဲ အဲဒါနဲ့ပတ်သက်ပြီး ထပ်လေ့လာတာ တွေ လုပ်ထားသင့်တယ်၊ ဝိတ်တာလုပ်ချင်ရင်တောင် ဝိတ်တာသင်တန်းဆင်းပြီးသား ဖြစ်တာမျိုးပေါ့၊ ယှဉ်ပြိုင်မှုတွေ ပိုများလေ အရည်အချင်းက အရေးကြီးလေပဲ ’ လို့ပြောပါတယ်။

စီဗွီဖြည့်တဲ့အခါ

စီဗွီတွေပို့ပြီးတဲ့အလုပ်ရှာတဲ့အခါ စီဗွီဖြည့်တာနဲ့ ပထမဦးဆုံးအချက်အလက်ဟာ မိမိကဘယ်အပိုင်းကို ဘယ်လိုရာထူးမျိုးနဲ့ အဆင့်ဆင့် တိုးတက်မြင့်မားလာအောင် လုပ်ဖို့ရည်ရွယ်ထားတယ်ဆိုတာမျိုး အရင်ရေးပြီးမှ အောက်မှာ အမည်၊ ကိုယ်ရေးအချက်အလက်တွေဖြည့်ပြီး အောက်ဆုံးမှာတော့ မိမိရဲ့ပညာအရည်အချင်းကို ထောက်ခံပေးမယ့်သူနဲ့ မိမိရဲ့လုပ်ငန်းအတွေ့အကြုံ့ကို ထောက်ခံပေးမယ့်သူမျိုးကို ထည်သင့်တယ်လို့ MHR မှ ဆရာ ဦးအေးကျော်ထံမှ သိရတယ်။အလုပ်လျှောက်ခါနီးအချိန်မှာ မိမိအလုပ်လျှောက်မယ့် ကုမ္ပဏီအဖွဲ့အစည်းရဲ့ အကြောင်းအရာတွေကို လေ့လာထားဖို့ လိုအပ်တယ်လို့ သိရတယ်။

အင်တာဗျူးမှာ ပြန်မေးပါ

အင်တာဗျူးမှာ မေးလေ့မေးထရှိတဲ့ မေးခွန်းတွေကို ကြိုတင်ပြင်ဆင်တာမျိုးတွေ လုပ်ထားသင့်တယ်လို့ သိရတယ်။ ဆရာဦးအေးကျော်က ‘ အင်တာဗျူးတွေမှာ လူတွေအများဆုံး အားနည်းတဲ့ အချက်က အင်တာဗျူးမေးတဲ့ သူတွေက ဘာမေးစရာရှိသေးလဲလို့ မေးရင်အင်တာဗျူးဖြေတဲ့သူတွေက မရှိတော့ပါဘူးဆိုဖြေကြတယ်၊ ဘာလို့လဲ ဆိုတော့ ကိုယ်ကအဲဒီရာထူးနဲ့ကုမ္ပဏီကို တကယ်နှစ်သက်တန်ဖိုးထားရင် ကိုယ့်မှာမေးစရာရှိကို ရှိရမှာ ဖြစ်တယ် ’ လို့ပြောပါတယ်။

မျှော်မှန်းလစာ

မျှော်မှန်းလစာလို့ မေးတဲ့အခါလျှောက်လွှာထဲမှာ ဖြည့်စွက်ရတဲ့အခါမျိုးမှာ မိမိအလုပ်လျှောက်တဲ့ ကုမ္ပဏီရဲ့ အရွယ်အစားပေါ်မူတည်ပြီး မိမိရဲ့အရည်အချင်းနဲ့ ထိုက်တန်တဲ့တန်ဖိုးကို သတ်မှတ်နိုင်ရမယ်လို့ သိရတယ်။ ဈေးကွက်ထဲ မှာဖြစ်နေတဲ့ လစာတွေကိုလည်း စုံစမ်းထားသင့်တယ်လို့ ဆရာဦးအေးကျော်က ဆိုပါတယ်။ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုက တာဝန်ရှိသူက ‘ မျှော်မှန်းလစာဆိုတဲ့နေရာမှာ မိမိမှာ တကယ်အရည်အချင်းရှိတယ်၊ ဥပမာ- လျှပ်စစ်အင်ဂျင်နီယာ တစ်ယောက်ဆိုသူက လစာကိုကျပ် ၄ သိန်းတောင်းတယ်၊ ကုမ္ပဏီက ကျပ် ၃ သိန်းပေးမယ်ဆိုတာ သူက တင်းခံတယ်၊ ဒီလိုယှဉ်ပြိုင်မှုတွေ အရမ်းများတဲ့အချိန်မျိုးမှာ ဆိုရင်ညှိနှိုင်း လစာလောက်လျှော့ပေးနိုင်ရင် အခွင့်အလမ်းပိုများနိုင်တယ် ’ လို့ပြောပါတယ်။

အလုပ်အတွက် ယှဉ်ပြိုင်မှုများတဲ့အချိန်

အခုလို အချိန်မှာ ကုမ္ပဏီရဲ့စီးပွားရေးလုပ်ငန်းတချို့ဟာ အလုပ်တွေ အေးစက်နေတဲ့အတွက် အလုပ်ခေါ်တဲ့ အခါ အရင်ထက်စိစစ်လာကြပြီး အလုပ်ခေါ်တာတွေလည်း အရင်ထက်နည်းလာတယ် လို့အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတချို့မှ သိရတယ်။ ဦးမျိုးချစ်က ‘ကျပ် ၇၀,၀၀ဝ နဲ့အထက်ပေးရတဲ့ ဝန်ထမ်းတွေအတွက်ဆို အရမ်းစိစစ်ကြတယ်။ နာဂစ်ပြီးခါစက သိပ်မသိသာပေမယ့် သည်နောက်ပိုင်းက တဖြည်းဖြည်းပိုပိုနည်းလာတယ်၊ ဒါပေမဲ့ အခြေခံဝန်ထမ်းတွေကတော့ အလုပ် မရှားသေးဘူး’ လို့ သူ့အမြင်ကိုပြောပါတယ်။ ဆရာဦးအေးကျော်ကလည်း ‘ အခုလိုမျိုးမှာ အလုပ်ရှာနည်း၊ အလုပ်လျှောက်နည်းဆိုင်ရာ စာအုပ်စာတမ်းတွေ ဖတ်ရူ့လေ့လာတာမျိုး၊ စီးပွားရေးပညာရှင်တွေရဲ့ ဟောပြောပွဲသွားပြီး နားထောင်တာမျိုးတွေ လုပ်ပြီး အဘက်ဘက်က ကြိုတင် ပြင်ဆင်ထားသင့်တယ်’လို့ ပြောပါတယ်။

source: http://manawphyulay.mmsarpay.org

3 comments

  • ဆူး

    October 17, 2010 at 12:31 pm

    အလွန်ကောင်းပါသည်။ အလုပ်ရှာချင်နေတဲ့ လူငယ်တွေ အတွက်တော့ သိသင့်တဲ့ အချက်အလက်တွေပါ။
    အလုပ်အကိုင်ရရင်လည်း မိမိ လုပ်တဲ့ အလုပ်ကို စေတနာ ထားပြီး အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်သင့်ပါတယ် တန်သလောက် လုပ်တဲ့ သူတွေက တချိန်မှာ ကြီးပွားတိုးတက်တဲ့ စာရင်းမှာ ပါမလာတတ်ဘဲ ရေပြင်ညီ မျဉ်းနဲ့ တူတဲ့ ဘဝမှာဘဲ ကျင်လည်ရမှာပါ။ စေတနာ ဆိုတာ ရောင်ပြန်ဟပ် တတ်တယ် ဆိုတဲ့ စကားက အလကား မဟုတ်ဘူးဆိုတာ အချိန် တခုရောက်လာရင် သက်သေပြလာပါလိမ့်မယ်။

  • manawphyulay

    October 17, 2010 at 12:42 pm

    ဟုတ်တယ် ဆူးရေ……. ခုလို စီးပွားရေး ကြပ်တည်းလာတာနဲ့အမျှ ကိုယ်လည်း ရုန်းကန်နေရသလို မိသားစုတိုင်းလည်း ကိုယ်လိုမဖြစ်စေချင်ဘူးလေ။ တစ်ခါတလေ အလကားမတ်တင်း စေတနာ့ဝန်ထမ်းလုပ်ရတာ ပီတိကို စား အားရှိပါ၏ ဆိုသလို ဖြစ်နေလည်း ကျေနပ်နေတာပါပဲ။

  • zawthulay

    August 25, 2011 at 5:48 pm

    ကောင်းပါတယ်.. ဒါလေးတွေက တင်သင့်ပါတယ်.. မမနောက်ထပ် ရှိရင်ထပ်တင်ဦးနော်… ကျွန်တော်လည်း အခု မှဖတ်လိုက်ရလို့…

Leave a Reply