နိုင်ငံတကာရုပ်သံလိုင်းသစ် မြန်မာပြည်မှ စတင်ထုတ်လွှင့်

BayoteApril 2, 20101min480

နိုင်ငံပေါင်း (၁၅၆) နိုင်ငံတွင် ကြည့်ရှုနိုင်မည့် မြန်မာနိုင်ငံမှ မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်းသစ်ကို စစ်အစိုးရက ယမန်နေ့မှစ၍ ထုတ်လွှင့်လိုက်သည်။

မြန်မာအင်တာနေရှင်နယ်ကို Shin Corp Thaicom 3 Satellite ဂြိုဟ်တုမှတဆင့် ထုတ်လွှင့်သွားမည်ဖြစ်ပြီး အာရှဒေသ၊ မြောက်အမေရိက၊ ဥရောပ၊ ဩစတြေးလျနိုင်ငံတို့တွင် (၂၄) နာရီပတ်လုံး ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ သို့သော် မြန်မာပြည်တွင်းတွင်မူ နံနက် (၉) နာရီမှ (၁၁) နာရီအထိသာ ကြည့်ရှုနိုင်မည်ဖြစ်သည်။

“ပြင်ပကမာ္ဘအနေဖြင့် မြန်မာနိုင်ငံအကြောင်းကို မသိရှိသေးသည့်အချက်များစွာ ရှိနေကြောင်း၊ မြန်မာအင်တာနေရှင်နယ်၏ အင်္ဂလိပ်ဘာသာ အစီအစဉ်များသည် မြန်မာကို ပြင်ပကမာ္ဘက ပိုမိုချိတ်ဆက်စေမည်ဖြစ်ပြီး ပြင်ပကမာ္ဘအနေဖြင့်လည်း မြန်မာကို အမှန်တကယ် နားလည်လာနိုင်မည်ဖြစ်ကြောင်း” ဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ပြောကြားသည်။

အဆိုပါ ရုပ်သံလိုင်းသစ်ကို ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှတ်နေသော MRTV-3 အစီအစဉ်အား မတူကွဲပြားသော အပြောင်းအလဲများဖြင့် မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်းအဖြစ် ပြောင်းလဲထုတ်လွှင့်ခြင်း ဖြစ်ပြီး ရုပ်သံလိုင်းသစ် စတင်ထုတ်လွှင့်ခြင်း အခမ်းအနားကို မတ် (၃၁) ရက်က နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အဆောက်အဦတွင် ကျင်းပခဲ့သည်။

ထိုအခမ်းအနားသို့ ဗိုလ်မှူးချုပ် ကျော်ဆန်း၊ အခြားဌာနဆိုင်ရာ ဝန်ကြီးများနှင့်အတူ အဆိုပါ ရုပ်သံလိုင်းအား ပူးတွဲစီစဉ် ထုတ်လုပ်ခွင့်ရသည့် ရွှေသံလွင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့လည်း တက်ရောက်ခဲ့ကြသည်။

ယခု ရုပ်သံလိုင်းတွင် သတင်းသာမက အင်္ဂလိပ်စာတမ်းထိုး မြန်မာ့ရုပ်ရှင်ဇာတ်ကားများ၊ မှတ်တမ်းများ စသော ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပြီး ပထမဆုံး ထုတ်လွှင့်ခဲ့သည့် ယမန်နေ့တွင် အင်္ဂလိပ်စာတမ်းထိုး “လျှို့ဝှက်သော နှင်း” ရုပ်ရှင်ကားကို ပြသခဲ့ကြောင်း ထိုအစီအစဉ် ကြည့်ရှုခဲ့သူ ရန်ကုန်မြို့နေ ဦးသန်းတင်က ပြောကြားသည်။

၎င်းက “သတင်းတင်ဆက်တာက နိုင်ငံခြားသား သတင်းထောက်တွေကို သုံးထားတယ်။ နည်းပညာပိုင်းက အရင် MRTV-3 ထက် သာတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေ၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေ ပြတာတော့ ကောင်းတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်းသစ်ကို ထုတ်လွှင့်နိုင်ရန် စင်ကာပူနိုင်ငံမှ သတင်းဖတ်ကြားသူ ပြည်ပသတင်းထောက်များကို ဆင့်ခေါ်ကာ လွန်ခဲ့သော ဖေဖော်ဝါရီလကတည်းက စမ်းသပ်ထုတ်လွှင့်ခဲ့သည်။

ရုပ်သံလိုင်းသစ်သည် သတင်းဖလှယ်မှုအပိုင်းတွင် နိုင်ငံတကာ ရုပ်သံလိုင်းများဖြစ်သော CCTV၊ NHK၊ Airang TV နှင့် CFI ရုပ်သံလိုင်းများနှင့် သဘောတူညီမှု ရရှိထားပြီး နည်းပညာပိုင်းဆိုင်ရာအတွက် ဂျပန်နိုင်ငံမှ ကူညီထားသည်။

၁၉၆၉ ခုနှစ်က MTV-1 ရုပ်သံလိုင်း ပြီးလျှင် မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်းသည် ဒုတိယမြောက် မြန်မာနိုင်ငံမှ နိုင်ငံတကာ ရုပ်သံလိုင်း ထုတ်လွှင့်မှုဖြစ်သည်။

ပြည်တွင်းတွင် စစ်အစိုးရပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြဝတီရုပ်မြင်သံကြား၊ မြန်မာ့ရုပ်မြင်သံကြားနှင့် Forever ကုမ္ပဏီနှင့် ပူးတွဲလုပ်ကိုင်နေသော MRTV-4 ဟူသော ရုပ်သံလိုင်း (၃) လိုင်း ရှိသည်။

Source : Khitpyaing