မမြဲခြင်းမှ မြဲခြင်းသို့ Nivirna

သုညဓာတ်နိဗ္ဗာန်

သုညဓာတ်နိဗ္ဗာန်
အရင်က ထာဝရ မြဲခြင်းဆိုတဲ့ စကားလုံးကိုကြားရင် လက်မခံနိုင်ဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်က ဗုဒ္ဓဘာသာဝင် မဟုတ်လား၊ ဒီတော့ လောကမှာ ဘယ်အရာမှ မတည်မြဲ အနတ္တလို့ စွဲမြဲစွာ ခံယူထားခဲ့ပါတယ်။ တကယ် လေးလေးနက်နက် သဘောပေါက်ခဲ့လို့ မဟုတ်ဘဲ ငါမှန်တယ် ဆိုတဲ့ အတ္တနဲ့ ဇွတ်တင်ခဲ့တာပါ။ နိဗ္ဗာန်ဆိုတာ ခံစားမှုမရှိ၊ ရုပ်နာမ်မဲ့တယ်လို့ ကြားဖူးနားဝရှိလေတော့ မြဲခြင်း ဆိုတာကို အတ္တလို့ အဓိပ္ပါယ်ဖွင့်ခဲ့ပြီး ဖန်ဆင်းရှင် အယူဝါဒတွေနဲ့ ထင်ယောင်မှားခဲ့ပါတယ်။ နဲနဲခြင်း ရင့်ကြက်လာမှ တရားထိုင်တယ်၊ သံသရာမှ လွတ်မြောက်ဖို့ ကြိုးစားတယ် ဆိုတာ ခဏဖြစ်ခဏပျက် မမြဲခြင်းကနေ ဖြစ်ခြင်းပျက်ခြင်း ကင်းတဲ့မြဲတဲ့ အဖြစ်ကို ရောက်ဖို့ပါလားလို့ နားလည်ပါတော့တယ်။ အခုလို မြဲတယ်မမြဲဘူးလို့ ပညတ်တင်တာ နားလည်မှု လွဲနိုင်လို့ ပြောရတာ တော်တော်ခက်ပါတယ်။ ပညတ်ဆိုတာကလည်း ဘယ်လိုတင်တင် အမှားပါပဲ။ သဲအင်းဂူဆရာတော်ကြီးက နိဗ္ဗာန်မှာ ဖြစ်ပျက် ဝေဒနာကင်းတဲ့ ခံစားမှု ရုပ်ထူးနာမ်ထူးရှိတယ်၊ ဘာနဲ့မှမတူလို့ ကိုယ်တွေ့ကို ဆိုပါတယ်။ ဒါမျိုးဆိုတာ ကလည်း ကိလေသာအာသဝေါ ကုန်သွားတဲ့ ရဟန္တာ အရှင်သူမြတ်တွေသာ သိနိုင်တာပါ။ အကြမ်းဆုံး ဆိုရရင် ကြားတယ် မြင်တယ် စားတယ်စတဲ့ အဝိဇ္ဇာ ပညတ်ခံစားမှုတိုင်းကို ရုပ်ဝေဒနာ ဖောက်ပြန်တိုင်း နာမ်လေးကသိတာလို့ ဝိဇ္ဇာပညတ်ခံစားမှုသို့ ညဏ်နဲ့ပြောင်းယူနိုင်လို့ အဓိသီလ အဓိစိတ္တ အဓိပညာ တို့နဲ့ ပြည့်စုံသွားပြီး စိတ်ကလေးက တည်သွားတဲ့ သဘော ဖြစ်ပါတယ်။ အတိတ်ကိုလည်း မတွေး အနာဂတ်ကိုလည်း မမျှော်၊ အစဉ်ပြောင်းလဲနေတဲ့ သင်္ခါရ ပစ္စုပ္ပန်ဆတ်ဆတ်လေးကိုပဲ စိတ်ကျနေလို့ ဖြစ်ပျက်ရှုနေပေမဲ့ တည်နေတဲ့သဘောပါ။ တမင်လုပ်တာမဟုတ် အမှန်သိလို့ ငြိမ်သက်ပြီး ရုပ်နဲ့နာမ် တထပ်တည်း ကျနေခြင်းကို ဆိုလိုပါတယ်။
အာနာပါနသမထလို ဝင်သက်ထွက်သက်ကို တနေရာထဲမှာတည်ထား၊ ဒါမှမဟုတ် သူ့နောက် လိုက်နေတာမျိုးလည်း မဟုတ်။ သမထ စိတ်တည်ကြည်မှုဆိုတာ ပရမတ် သဘောအရ မရှိတာကို ရှိတယ်လို့ ပညတ်တင်ပြီး တည်အောင်ယူတဲ့အတွက် တူသလိုလိုရှိပေမဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ အဲဒီအာနာပါနကိုပဲ ပေါ်ဆဲရုပ်ပေါ်ဆဲနာမ်လို့ ဝင်လေထွက်လေကို ပစ္စုပ္ပန်ဆတ်ဆတ် သဘောမျှသာ ရှိသည်လို့ ပြောင်းယူပြီး တည်နိုင်ရင်တော့ ဖြစ်ပါတယ်။ ဒီလို နိဗ္ဗာန်ရဲ့ အရသာကို စာသံပေသံမပါပဲ ပွင့်ပွင့်လင်းလင်း ပြောခဲ့တာ သိရသလောက် သဲအင်းဂူဆရာတော် တပါးတည်းပါ။ ဒါကြောင့်မို့လည်း သဲအင်းဂူသာသနာကို အမြင်မကြည်လင်သူတွေ ထုနဲ့ဒေးရှိကြပါတယ်။ ဆရာတော်ကြီးရဲ့ စေတနာနဲ့ စစ်မှန်မှုကို တကယ် ကျင့်ကြံအားထုတ် နေသူများကတော့ ရိပ်သန်းဖန်သမ်း နားလည်နိုင်ပါလိမ့်မယ်။ နိဗ္ဗာန်ကို ပညတ်တင်လိုက်တော့ တချို့က ဗြဟ္မာစည်းစိမ်နဲ့ ရောကြပြန်ပါတယ်။ ဆရာတော်ကြီးက လူ့ပြည်မှာ သုခ၊ဒုက္ခ ဝေဒနာ နှစ်မျိုးစလုံးရှိတယ်၊ နတ်ပြည်မှာ သုခဝေဒနာ၊ ဗြဟ္မာပြည်မှာတော့ ဥပေက္ခာဝေဒနာ ပဲရှိတယ။် ဥပေက္ခာဝေဒနာဆိုတာ ဝေဒနာမှန်း မသိလောက်အောင် သိမ်မွေ့လွန်းလို့ အနာဂမ်ပုဂ္ဂိုလ် များပင် မကျော်လွန်နိုင်ကြပါဘူး။
နောက်တမျိုး အထင်မှားကြတာက့ သမာဓိအား အလွန်ကောင်းသူများ တရားထိုင်နေရင်းနဲ့ ခံစားမှုမဲ့ပြီး ရုပ်နာမ်နှစ်ပါးစလုံး ချုပ်သလို ဖြစ်သွားတာ၊ အဲဒီကနေ ကိုယ်လိုချင်တဲ့အချိန်ပြန်ပြီး သတိ ဝင်လာအောင် အဓိဌာန်ပြုနိုင်တာတို့ ဆိုတာတွေကို ကြားဖူးကြပါလိမ့်မယ်။ သူတို့ရဲ့ သမထအားကို တကယ်ပဲလေးစား အားကျပါတယ်။ ဆရာတော်ကြီးက အဲဒါတွေဟာ ဖလသမာပတ် ဝင်စားနေခြင်း မဟုတ်ဘဲ သမာဓိလွန်ပြီး သမထချုပ်နေခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဝိပဿနာ ဖလသမာပတ် ဝင်စားတယ်ဆိုတာ ကိုယ်ရထားတဲ့ အမှန်သစ္စာအပေါ်မှာ ရုပ်နဲ့နာမ်က မဖောက်ပြန်ပဲ တည်နေလို့ ခံစားချက် မမဲ့ရပါဘူး။ အရိယာစစ်စစ်များဟာ သူတို့ရထားတဲ့ မဂ်နဲ့ဖိုလ်ကို ကြိုက်သလို ဝင်နိုင်တယ်၊ အသိစိတ်နဲ့ ဖြစ်ပျက်မဲ့ ရုပ်ထူးနာမ်ထူးကို အပြည့် ခံစားမှုရှိတယ် ထူးပြီး အဓိဌာန်စရာ မလိုရပါ။ နိရောဂြသမာပတ်လိုမျိုး ရုပ်နာမ်နှစ်ပါးလုံးကို အဓိဌာန်ပြီး ချုပ်တာမျိုးကိုတော့ ဈာန်အဘိညဉ်ရသူ အရိယာများသာ တတ်နိုင်တယ်လို့ ဆိုပါတယ်။
တည်မြဲခြင်းဆိုတာကို ဘာကြောင့် ရေးကြီးခွင်ကျယ် လုပ်ပြောနေရသလဲ ဆိုရင် ဝိပဿနာ တရားထိုင်ခြင်းရဲ့ ရည်ရွယ်ချက်ဟာ မမြဲခြင်းကို ကျော်လွှားဖို့ ဖြစ်နေလို့ပါ။ ဝိပဿနာ အကျင့်ကနေ အောင်မြင်လို့ရလာတဲ့ ပညာတွေကသာလျင် ဘယ်တော့မှ ပျောက်ပျက်မသွားတဲ့ အသိညဏ်မိုလို့ပါ။ အခြားသော သမထအလုပ်ကနေ ရလာလာတဲ့ ညဏ်၊ သမာဓိတွေက ပုံမှန်မထိန်းသိမ်း မလေ့ကျင့်ရင် ပျောက်ကုန်ပါတယ်။ ဒါကြောင့် ထာဝရမြဲခြင်းဆိုတာ ဝိပဿနာအကျင့်ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ ဖန်ဆင်းရှင်ဝါဒတွေရဲ့ ကောင်းကင်ဘုံအယူအဆနဲ့တော့ မရှုပ်ထွေးစေချင်ပါဘူး။ ဒါကြောင့်မိုလို့လည်း ရှေးသူတော်ကောင်းကြီးများက အကျင့်ပိုင်းအားနဲတဲ့ ကာလတွေမှာ ပုထုဇဉ်တွေ ထင်ယောင်မှားဖြစ်ပြီး လမ်းလွဲသွားနိုင်လို့ တမျိုးတဖုံ ဆိုခဲ့ကြလေသလား မသိ။ ကောင်းကင်ဘုံ အယူအဆလို ဖန်ဆင်းရှင် ဘုရားနဲ့ တသားထဲဖြစ်သွားတာ မဟုတ်ဘဲ ရုပ်နာမ်ချုပ် နိဗ္ဗာန်ဆိုက်သူများမှာတော့ သူကဘုရား၊ ငါက အစေခံရယ်လို့ မရှိတော့။ ဖြစ်ပျက် သင်္ခတဓာတ်ကနေ မဖြစ်မပျက် အသင်္ခတဓာတ်ကို ပြောင်းသွားတဲ့ သဘောပါ။ ပြောလေရှုပ်လေ ဖြစ်မှာမိုလို့ ဗုဒ္ဓဘာသာမှာ သူတို့လို တောင်းယူ၊ နာခံယူတာဟာ မမြဲတဲ့ သုဂတိပုထုဇဉ် ဘဝတွေအတွက်လို့ပဲ မှတ်တာ ပိုရှင်းပါလိမ့်မယ်။ ကျွန်နော်ရဲ့ မြဲခြင်းဆိုတာကတော့ ဘုရားထားခဲ့တဲ မဂ္ဂင်ရှစ်ပါးအတိုင်း ပါရမီအလိုက် ကျင့်ကြံအားထုတ်ပြီး သစ္စာတရားကို သိမြင်ရခြင်း ဖြစ်ပါတယ်။ သစ္စာဆိုတာ အမှန်တရားဖြစ်လို့ ပြောင်းလဲဖောက်ပြန်ခြင်း မရှိရ၊ ဒါကြောင့်တည်သွားတဲ့ သဘောပါ။ သမထပေါက်သူတွေလို ရထားတဲ့ ဈာန်သမာဓိကို မယိုယွင်းရအောင် အမြဲစောင့်ရှောက် နေစရာမလိုဘဲ ခန္ဓာညဏ်ရောက် တခါသိယုံနဲ့ အမြဲထာဝရ သံသရာပြတ် သုညဓာတ်ဆိုက်တဲ့ထိတိုင် တည်သွားခြင်း ဖြစ်ပါတယ်လို့ စာဖတ်သူများနဲ့ ဝေမျှဆွေးနွေးလိုက်ပါရစေ။

4 comments

  • ကြောင်ကြီး

    November 5, 2011 at 7:28 am

    ဆရာခိုင်ခင်ဗျား

    ကျနော်ရေးထားတဲ့ အရင်ပို့စ်အတော်များများကို “ကြောင်ကြီး” ဆိုတဲ့ နာမည်ကို ကလစ်ခေါက် ဝင်ကြည့်တဲ့အခါ စာမျက်နှာ ၁၄ နောက်ပိုင်းမှစ၍ ပေါ်မလာတော့ပါ။ ဒီပို့စ် ခေါင်းစဉ်စာသားကို search box မှာရိုက်ထည့်တော့မှာ ပေါ်လာတယ်။ အရင်ကလည်း ပြောဖူးပါတယ်။ အဲဒီတုန်းက ဆာဗာပြောတယ်ဆိုလား၊ ကွန်ပြူတာlanguage အသစ်တမျိုး ရေးရမယ်ဆိုလား ပြောဖူးတယ်။ တချက်လောက်တော့ စောင်းငဲ့ကြည့်အုံး ဂျစ်သူရေ….။

  • thit min

    November 5, 2011 at 7:53 am

    ဝေ့ကိုကြောင်ရေ
    ကျနော်ဆိုအဲဒီကလစ်ပြီးသွားရင် ၄ (Page) ထက်ကျော်ရင်မရတော့ဘူးဗျ။
    Dashboard ကနေ Post ကိုသွားကလစ်မှ အကုန်ပေါ်တယ်ခင်ဗျ။
    အဲလိုတော့ရှိတာဘဲ။

  • inz@ghi

    November 5, 2011 at 8:33 am

    နီဗားနားဆိုလို့
    လာ့စ်ဗေးဂတ်စ် အကြောင်း ဒါမှမဟုတ်
    Kurt Cobain အကြောင်းတို့ မှတ်လို့ ခိခိ…

    ချိတ်ဆိုးနဲ့နော် နောက်ထှာ…

  • windtalker

    November 5, 2011 at 11:37 am

    ဆရာတော် အောင်ကြူး ရဲ ့တရားသဘော သဘောတရားများကို ဖတ်သွားပါတယ် ဗျို ့
    ဝင်ဆွေးနွေးဖို ့ရန် ၊ အသိမကြွယ်ဝသေးပါကြောင်း ။

Leave a Reply