ဒီနည်းကို မုန်ညှင်းဖြူ ၂ထုပ် ကင်ချီလုပ် လို့ နာမည်ပေးထားပါတယ်

လိုတဲ့ ပစ္စည်းတွေက …

(၁) မုန်ညှင်းဖြူ ခပ်ကြီးကြီး ၂ ထုပ်
(၂) ကြက်သွန်မိတ် ၁၀ ပင်
(၃) ဆား ၁၀၀ ဂရမ် ( ၆ ကျပ်သားခန့် ) { အိုင်အိုဒင်းဆား မသုံးပါ }
(၄) ငြုပ်မှုန့် ၄ ဇွန်း
(၅) ကြက်သွန်ဖြူ ၃ ဥ
(၆) သကြား ၂ဇွန်း
(၇) ငံပြာရည် ၁ ဇွန်း
(၈) ဂျင်း ၁ တက်
(၉) ကြက်သွန်နီ ၁ လုံး တို့ဖြစ်ပါတယ်

မုန်ညှင်ဖြူများကို ရေစင်အောင်ဆေးပါ ရေတွေကိုခါထုတ်ပြီး အရှည်လိုက် ၄ စိပ်စီ ဖြစ်အောင် စိတ်ပါ ၊ ရိုးတံအမာကို လှီးထုတ်ပါ ၊ ၂ လက်မစီလောက် ခြား ..ခြား ပြီး ကန့်လန့်လှီးဖြတ်ပါ ၊ လေလုံပြီး သန့်တဲ့ ပလပ်စတစ်အိတ် တစ်လုံးထဲကို မုန်ညှင်းရွက် တစ်ရစ် ဆားတစ်ရစ်စီ ထည့်ပါ ၊ မုန်ညှင်းရွက်များ အတွင်းဆားဝင်အောင် မွှေလိုက် ဆုပ်ညှစ်လိုက် ဖိသိပ်လိုက် လုပ်ပါ ၊ ဆားရေးများလက်ကို စိုရွဲလာသည်အထိ လုပ်ပေးပါ ၊ ပြီးရင် အိတ်ကို လေလုံအောင် ပိတ်ပြီး ၃ နာရီကြာ ထားလိုက်ပါ ၊ ဖွင့်စစ်ပြီး မွှေပေးပါ အိတ်ကို ပြန်ပိတ်ပါ နောက်ထပ် ၃နာရီ ထပ်ထားပါ ၊ ပေါင်း ၆ နာရီ ထားရပါမယ် ။

အချိန်စေ့ရင် မုန်ညှင်းရွက်တွေကို အိတ်ထဲကထုတ်ပါ ၊ ဆားရေတွေကို ဆက်မသုံးတော့ပါ ၊ ဆားရေတွေ သိပ်ပြီးစိုရွဲနေရင် ညှစ်ထုတ်ပြစ်ပါ ၊ အဖုံး ဖုံးလို့ရတဲ့ ပလပ်စတစ်ဗူးတစ်ခုထဲကို ပြောင်းထည့်ပါ ၊ကြက်သွန်မိတ်ကို သေးသေးလေးတွေ လှီး ၊ ဂျင်းနဲ့ ကြက်သွန်ဖြူကိုထောင်း ၊ ကြက်သွန်နီကို လေးဒေါင့် အတုံးသေးသေးလေးတွေ လှီးပါ ၊ ဒါတွေအားလုံးရယ် ငံပြာရည် ၁ ဇွန်းရယ် သကြား ၂ ဇွန်းရယ် ငြုပ်သီးမှုန့်ရယ်ကို ထည့်ပြီး မွှေပါ ၊ ငြုပ်သီးကို အစပ် နဲ့အရောင် အနေအထားကို ကြည့်ပြီးထည့်ပါ ၊ ဆားနဲ့ သိပ်စဉ်ကလုပ်သလို လက်နဲ့ ဖြစ်ညှစ် ဆုပ်နယ်ပေးပါ ၊ ပါဝင်တဲ့ အရသာ …အရောင် အားလုံး တစည်းတလုံးတည်း ဖြစ်သွားစေတဲ့ သဘောပါ ၊ ပြီးရင် အဖုံး ဖုံးပြီး အေးမြတဲ့နေရာမှာ ၃-၄ ရက်လောက်ထားလိုက်ပါ ။ အခန်းအပူချိန်မှာပဲ ထားမှာပါ ၊ အဖုံးကို အကြပ်ကြီး မပိတ်လိုက်ပါနဲ့ ။

စားလို့ ရပြီဆိုရင် ရေခဲသေတ္တာထဲမှာ အဖုံးပိတ်ပြီးထားပါ ၊ အဖုံးဖွင့်ထားရင် ငံပြာရည်ပါတဲ့ အတွက် အနံ့ထွက်ပြီး အနံ့တွေ ကူးကုန်ပါလိမ့်မယ် ၊ စားတဲ့ အချိန်ကလွဲရင်အဖုံးကို ဖုံးထားပါ ။
ကဲ ကိုယ်တိုင်လုပ်စားလို့ ရပြီနော် ……

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!