ကင်ချီလုပ်မယ် ခပ်လွယ်လွယ်

etoneOctober 19, 20101min905

ဒီနည်းကို မုန်ညှင်းဖြူ ၂ထုပ် ကင်ချီလုပ် လို့ နာမည်ပေးထားပါတယ်

လိုတဲ့ ပစ္စည်းတွေက …

(၁) မုန်ညှင်းဖြူ ခပ်ကြီးကြီး ၂ ထုပ်
(၂) ကြက်သွန်မိတ် ၁ဝ ပင်
(၃) ဆား ၁၀ဝ ဂရမ် ( ၆ ကျပ်သားခန့် ) { အိုင်အိုဒင်းဆား မသုံးပါ }
(၄) ငြုပ်မှုန့် ၄ ဇွန်း
(၅) ကြက်သွန်ဖြူ ၃ ဥ
(၆) သကြား ၂ဇွန်း
(၇) ငံပြာရည် ၁ ဇွန်း
(၈) ဂျင်း ၁ တက်
(၉) ကြက်သွန်နီ ၁ လုံး တို့ဖြစ်ပါတယ်

မုန်ညှင်ဖြူများကို ရေစင်အောင်ဆေးပါ ရေတွေကိုခါထုတ်ပြီး အရှည်လိုက် ၄ စိပ်စီ ဖြစ်အောင် စိတ်ပါ ၊ ရိုးတံအမာကို လှီးထုတ်ပါ ၊ ၂ လက်မစီလောက် ခြား ..ခြား ပြီး ကန့်လန့်လှီးဖြတ်ပါ ၊ လေလုံပြီး သန့်တဲ့ ပလပ်စတစ်အိတ် တစ်လုံးထဲကို မုန်ညှင်းရွက် တစ်ရစ် ဆားတစ်ရစ်စီ ထည့်ပါ ၊ မုန်ညှင်းရွက်များ အတွင်းဆားဝင်အောင် မွှေလိုက် ဆုပ်ညှစ်လိုက် ဖိသိပ်လိုက် လုပ်ပါ ၊ ဆားရေးများလက်ကို စိုရွဲလာသည်အထိ လုပ်ပေးပါ ၊ ပြီးရင် အိတ်ကို လေလုံအောင် ပိတ်ပြီး ၃ နာရီကြာ ထားလိုက်ပါ ၊ ဖွင့်စစ်ပြီး မွှေပေးပါ အိတ်ကို ပြန်ပိတ်ပါ နောက်ထပ် ၃နာရီ ထပ်ထားပါ ၊ ပေါင်း ၆ နာရီ ထားရပါမယ် ။

အချိန်စေ့ရင် မုန်ညှင်းရွက်တွေကို အိတ်ထဲကထုတ်ပါ ၊ ဆားရေတွေကို ဆက်မသုံးတော့ပါ ၊ ဆားရေတွေ သိပ်ပြီးစိုရွဲနေရင် ညှစ်ထုတ်ပြစ်ပါ ၊ အဖုံး ဖုံးလို့ရတဲ့ ပလပ်စတစ်ဗူးတစ်ခုထဲကို ပြောင်းထည့်ပါ ၊ကြက်သွန်မိတ်ကို သေးသေးလေးတွေ လှီး ၊ ဂျင်းနဲ့ ကြက်သွန်ဖြူကိုထောင်း ၊ ကြက်သွန်နီကို လေးဒေါင့် အတုံးသေးသေးလေးတွေ လှီးပါ ၊ ဒါတွေအားလုံးရယ် ငံပြာရည် ၁ ဇွန်းရယ် သကြား ၂ ဇွန်းရယ် ငြုပ်သီးမှုန့်ရယ်ကို ထည့်ပြီး မွှေပါ ၊ ငြုပ်သီးကို အစပ် နဲ့အရောင် အနေအထားကို ကြည့်ပြီးထည့်ပါ ၊ ဆားနဲ့ သိပ်စဉ်ကလုပ်သလို လက်နဲ့ ဖြစ်ညှစ် ဆုပ်နယ်ပေးပါ ၊ ပါဝင်တဲ့ အရသာ …အရောင် အားလုံး တစည်းတလုံးတည်း ဖြစ်သွားစေတဲ့ သဘောပါ ၊ ပြီးရင် အဖုံး ဖုံးပြီး အေးမြတဲ့နေရာမှာ ၃-၄ ရက်လောက်ထားလိုက်ပါ ။ အခန်းအပူချိန်မှာပဲ ထားမှာပါ ၊ အဖုံးကို အကြပ်ကြီး မပိတ်လိုက်ပါနဲ့ ။

စားလို့ ရပြီဆိုရင် ရေခဲသေတ္တာထဲမှာ အဖုံးပိတ်ပြီးထားပါ ၊ အဖုံးဖွင့်ထားရင် ငံပြာရည်ပါတဲ့ အတွက် အနံ့ထွက်ပြီး အနံ့တွေ ကူးကုန်ပါလိမ့်မယ် ၊ စားတဲ့ အချိန်ကလွဲရင်အဖုံးကို ဖုံးထားပါ ။
ကဲ ကိုယ်တိုင်လုပ်စားလို့ ရပြီနော် ……

5 comments

  • cherrywine

    October 19, 2010 at 3:56 am

    ကျေးဇူးတင်ပါတယ်။ ဒီတစ်ပတ်ပိတ်ရက် အိမ်မှာလုပ်ကြည့်ရမယ် ။လုပ်ကြည့်ပြီးရင် comment ထပ်ရေးပေးမယ်နော် ။

  • nwl

    October 19, 2010 at 8:48 am

    ကင်ချီကို ဒီအတိုင်းစားရင်တော့ သိပ်မကြိုက်ဘူး အနံ့ပြင်းလို့ ဒါပေမဲ့ ဟင်းရည်ချက်သောက်ရင်တော့ တော်တော်ကောင်းတယ် ။
    အလုပ်ပိတ်ရက်ကျရင် စမ်းလုပ်ကြည့်ဦးမယ် အခုလိုဖော်ပြပေးတဲ့အတွက် ကင်ချီလုပ်နည်းလေးသိတာသွားတာပေါ့ ကျေးဇူးတင်ပါတယ် etone ရေ ။

  • doekalay

    October 19, 2010 at 10:09 am

    ကင်ချီကတော့ ကိုရီးယားမှာ နာမည်ကြီး တယ်။ အဲဒီလုပ်နည်းလေးဘယ်ကရလဲဟင်။ လုပ်နည်းလေးပြောပေးတဲ့အတွက်ကျေးဖူးတင်ပါတယ်။

  • Gong Zhu

    October 19, 2010 at 3:07 pm

    အိမ်မှာလုပ်ဖူးတယ် … ကောင်းလည်းကောင်ဘူး … ဟီးဟီး

  • weiwei

    October 19, 2010 at 5:35 pm

    လုပ်ကြည့်ဖူးတယ် … စားလို့ကောင်းပါတယ် .. ဒါပေမယ့် အနံ့ပြင်းတယ် ..

Leave a Reply